Skip to content

ရှေးနှစ် ၁ သန်းက လူသားတွေ မီးသုံးခဲ့တဲ့ အထောက်အထား AI ဉာဏ်ရည်တုက ရှာဖွေတွေ့ရှိ

Campfire

AI ဉာဏ်ရည်တု ကနေပြီး လွန်ခဲ့တဲ့ နှစ် ၁ သန်းခန့်က လူသားတွေ မီးကို စတင် အသုံးပြုခဲ့တယ် ဆိုတဲ့ အထောက်အထား ရှာဖွေ ပေးခဲ့တဲ့ ဖြစ်စဉ် တစ်ခုကို ပညာရှင် တွေက တင်ပြ လာပါတယ်။ 

အခု ဖြစ်စဉ်မှာ အစ္စရေး ရှေးဟောင်း သုတေသန ပညာရှင် တွေဟာ AI ဉာဏ်ရည်တု ကို အသုံးပြုပြီး အစ္စရေး နိုင်ငံ အတွင်းမှာ ရှေးဟောင်း လူသားတွေ နေထိုင်ခဲ့တဲ့ နှစ် ၁ သန်းခန့် သက်တမ်းရှိ အခြေစိုက် ဒေသ တစ်ခုမှာ AI အသုံးပြုပြီး ရှာဖွေ ဖော်ထုတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီ နည်းပညာကို အသုံးချပြီး အခြား ရှေးဟောင်း လူသားတွေ အခြေချ ခဲ့တဲ့ ဒေသတွေမှာ မီးအသုံးပြုခဲ့တဲ့ အထောက်အထားတွေ ရှာဖွေ နိုင်မယ် ဆိုရင် ရှေးလူသားတွေရဲ့ မီး စတင် အသုံး ပြု ခဲ့တဲ့ ဖြစ်စဉ်ကို ပိုပြီး သိလာနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိ ပညာရှင် အားလုံက လူသားတွေ မီးကို စတင် အသုံးပြု နိုင်လာတာဟာ လူ့သမိုင်း အတွက် အရေး အပါဆုံးသော ရှာဖွေ တွေ့ရှိ မှု ဖြစ်တယ်လို့ လက်ခံ ထားကြပါတယ်။ 

တနည်း အားဖြင့် ကျွန်တော်တို့ ဒီနေ့ ဒီအချိန် ဒီလို အဆင့်မြင့် နည်းပညာ တွေ သုံးစွဲ နေနိုင်တာဟာ လူသားတွေ မီးကို ဘယ်လို အသုံးပြု ရမလဲ​ဆိုတာ ရှာဖွေ တွေ့ရှိ ခဲ့ရာက စတင် ခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာ ရှေးဟောင်း သုတေသီ တွေအနေနဲ့ ရှေးလူသားတွေ မီးသုံးခဲ့တဲ့ အထောက်အထားကို ဘယ်လို ရှာဖွေ ရမလဲ​ဆိုတဲ့ နည်းစနစ် အချို့ကို ဖော်ထုတ် ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ 

ဆက်စပ်ဆောင်းပါး – ဥက္ကာပျံကြောင့် လောင်မီးကျ ပျက်စီးသွားတဲ့ ရှေးဟောင်းမြို့

ဥပမာ ရှေးဟောင်း လူသားတွေ ချက်ပြုတ် စားသောက်ခဲ့ရာ က ကြွင်းကျန်တဲ့ အရိုးတွေ မီးကြောင့် အရောင် ပြောင်းသွားတာကနေ သဲလွန်စ အထောက်အထား ရနိုင်ပါတယ်။ ဒါမှ မဟုတ်လဲ ကျောက်ခေတ် လက်နက်တွေ အပူချိန် ၄၅၀ ဒီဂရီ စင်တီဂရိတ် ကျော်တဲ့ မီးကြောင့် ကွေးသွား၊ ကောက်သွားတာတွေ ရှိရင်လဲ မီး အသုံးပြုမှု ရှိခဲ့တယ် ဆိုတာ သိနိုင်ပါတယ်။

ဒီလို အချက်တွေနဲ့ ရှာဖွေ ခဲ့ရာမှာ ယခု အချိန် အထိတော့ လွန်ခဲ့တဲ့ နှစ် ၅၀၀,၀၀၀ ထက် ရှေးကျတဲ့ခေတ်က လူသားတွေ မီးကို အသုံးပြုခဲ့ ကြတယ် ဆိုတဲ့ အထောက်အထား ရှာမတွေ့ ခဲ့ပါဘူး။

ယမန်နှစ် ကတော့ အစ္စရေးက ရှေးဟောင်း သုတေသီ တွေနဲ့ ဉာဏ်ရည်တု ပညာရှင် တွေဟာ အပူချိန် ၂၀၀ ဒီဂရီ နဲ့ ၃၀၀ ဒီဂရီ စင်တီဂရိတ် အကြား အပူချိန် ရှိတဲ့ မီးကြောင့် ဖြစ်ပေါ်လာတဲ့ အပြောင်း အလဲ တွေကို  AI ဉာဏ်ရည်တုကို သင်ပေး ခဲ့ပါတယ်။ ဒီ အပြောင်းအလဲ တွေဟာ အရမ်း နူးညံ့တာမို့ သာမန် လူသားတွေ အနေနဲ့ အလွယ်တကူ ရှာတွေ့နိုင်ဖို့ မလွယ်ကူ ပါဘူး။

ဒီ  AI ကို သင်ကြားပေးဖို့ ပညာရှင် တွေဟာ အစ္စရေး နိုင်ငံ တဝှမ်းက ရှေးဟောင်း သုတေသန တူးဖော်ရေး စခန်း က မဟုတ်တဲ့ အရပ်တွေက ကျောက်တုံး အပိုင်းအစ လေးတွေကို စုဆောင်းခဲ့ပါတယ်။ ဒီ ကျောက်တုံး အပိုင်းအစ လေးတွေကို ပထမဆုံး အပူချိန် ၂၀၀ နဲ့ ၃၀၀ ကြား ပေးလိုက်ပါတယ်။ 

ဆက်စပ်ဆောင်းပါး – သက်တမ်းအရင့်ဆုံး မံမီ ရှာဖွေတွေ့ရှိ

ဒီ့နောက် ဒီ ကျောက်တုံး တွေရဲ့ အပူမပေးမီက ခရမ်းလွန် ရောင်ခြည်အောက်မှာ ရိုက်ထားတဲ့ ဓါတ်ပုံနဲ့ အပူပေးပြီးနောက် ခရမ်းလွန် ရောင်ခြည်အောက်မှာ ရိုက်ထားတဲ့ ဓါတ်ပုံ တွေကို အေအိုင်ကို ပြပါတယ်။ ဒီ အခါ အေအိုင်က ဒီ ပုံတွေရဲ့ ကွာခြားမှုကို တဖြည်းဖြည်း သင်ယူ နိုင်ခဲ့ပါတယ်။

ဒီလို အေအိုင်ကို လေ့ကျင့် သင်ကြား ပြီးတဲ့နောက်မှာတော့ ရှေး နှစ် ၁ သန်း ခန့်က လူသားတွေ အခြေချ ခဲ့တဲ့ စခန်း တစ်ခုက ရရှိတဲ့ ကျောက်စ လေးတွေကို ဓါတ်ပုံရိုက်ပြီး အေအိုင်ကို ပြသ ခဲ့ကြပါတယ်။ ဒီ စခန်းဟာ အစ္စရေး နိုင်ငံ အတွင်း အယ်ဗရွန် ကျောက်မိုင်း (Everon Quarry) မှာ တည်ရှိတဲ့ ရှေးဟောင်း အခြေစိုက် စခန်း တစ်ခု ဖြစ်ပါတယ်။

ဒီ အခါ အေအိုင်က ဒီ ကျောက်စ လေးတွေ အထဲက မီးသင်းထားတဲ့ ကျောက်စတွေကို ရွေးထုတ် ပေးခဲ့ပါတယ်။ အေအိုင်က ရွေးချယ် ပေးခဲ့တဲ့ ကျောက်စ အများစုဟာ အပူချိန် ၄၀၀ စင်တီဂရိတ်ခန့်ထိ အပူဒါဏ် သင့်ခဲ့တဲ့ ကျောက်စတွေ ဖြစ်ကြပါတယ်။

ဒီ စခန်းက တူးဖော် ရရှိခဲ့တဲ့ အရိုးတွေကို လက်ရှိ အသုံးပြု နေတဲ့ နည်းလမ်း တွေ အသုံးပြုပြီး စစ်ဆေး ကြည့်ရာမှာလဲ မီးအသုံးပြု ခဲ့တဲ့ အထောက်အထား တွေ့ရှိခဲ့ ပြန်ပါတယ်။

ပညာရှင် တွေရဲ့ အဆိုအရ ဒီ ကျောက်တုံးတွေမှာ မီးအသုံးပြု ထားတဲ့ လက္ခဏာ မတွေ့ခဲ့မီ တုန်းက ဘယ်သူကမှ ဒီ အရိုးတွေကို စစ်ဆေး ကြည့်ဖို့ စိတ်မကူးခဲ့ ဖူးဘူးလို့ ဆိုပါတယ်။

အခုလို မီးအသုံးပြုတဲ့ လက္ခဏာ အများအပြားကို တစ်နေရာ ထဲက တွေ့ရှိ ရတာဟာ ရှေးဟောင်း လူသားတွေ ဒီ စခန်းမှာ မီးကို တွင်တွင်ကျယ်ကျယ် စတင် အသုံးပြုနေပြီ ဆိုတာကို ပြနေတဲ့ အထောက်အထား တစ်ခုပဲ ဖြစ်ပါတယ်။

ရှေးဟောင်း သုတေသန တူးဖော်မှု တွေအရ လူသားတွေ မီးကို အသုံးပြု ခဲ့တာဟာ လွန်ခဲ့တဲ့ နှစ် ၁ သန်းခွဲ ခန့်က စတင်ခဲ့တယ်လို့ ဆိုတဲ့ အထောက်အထား အချို့ကို ရှာဖွေ တွေ့ရှိ ထားပါတယ်။ ဒါပေမယ့်က ယခု တီထွင်လိုက်တဲ့ အေအိုင် နည်းပညာကို အသုံးချပြီး လူသားတွေ မီးကို အသုံးပြုတာ ဒီ့ထက် စောလိမ့်မယ် ဆိုတဲ့ သီအိုရီကို ဟုတ်မဟုတ် သက်သေ ပြနိုင်မှာ ဖြစ်ပါတယ်။

ရှေးဟောင်း ပညာရှင် အများစုက လူသားတွေ မီးကို စတင်ပြီး တွင်တွင် ကျယ်ကျယ် အသုံးပြုလာ ကြတာဟာ လွန်ခဲ့တဲ့ နှစ် ၁.၈ သန်းကနေ နှစ် ၂ သန်း ခန့်အတွင်း ကတဲက ဖြစ်တယ်လို့ ယူဆ ထားကြတာ ဖြစ်ပါတယ်။

Ref: AI finds hidden evidence of ancient human fires 1 million years ago | New Scientist

error: