Skip to content

ပိရမစ် တွေကို ဘယ်သူတွေ တည်ဆောက်ခဲ့ သလဲ

ဂီဇာဒေသမှ မဟာပိရမစ်ကြီး (Image by Soupy Squirrel from Pixabay)

အီဂျစ်ပြည်က ပိရမစ် ကြီးတွေဟာ ရှေးဟောင်းခေတ်ရဲ့ ကမ္ဘာ့အံ့ဖွယ် တစ်ပါး ထဲမှာ အပါအဝင် ဖြစ်ပါတယ်။ အလွန် ကြီးမားတဲ့ ပိရမစ်ကြီး တွေကို တည်ဆောက်ဖို့ ဆိုတာ အတော်လေးတော့ မလွယ်တဲ့ ကိစ္စ တစ်ခု ဖြစ်ပါတယ်။ ဒီလောက် ကြီးမားတဲ့ ပိရမစ် ကြီးတွေကို ဘယ်သူတွေက တည်ဆောက်ခဲ့ ကြတာလဲ။

အီဂျစ် ပိရမစ် ကြီးတွေကို ဘယ်သူတွေ တည်ဆောက်ခဲ့လဲ ဆိုတာနဲ့ ပါတ်သက်တဲ့ သီအိုရီတွေ အများအပြား ရှိပါတယ်။

အချို့ ပညာရှင် တွေက သမ္မာ ကျမ်းစာပါ Exodus အခန်းက အချက်အလက် တွေကို မှီငြမ်းပြီး ဒီ ပိရမစ် ကြီးတွေကို ဟီးဗရူး လူမျိုး ကျွန်တွေက တည်ဆောက် ခဲ့ကြတာလို့ ယူဆကြ ပါတယ်။ 

အချို့ကလဲ ရှေးခေတ်က ပျောက်ဆုံးသွား ခဲ့တဲ့ အတ္တလန်တစ် မြို့ကြီးက ပညာရှင် တွေက တည်ဆောက် ခဲ့တာလို့ ဆိုပါတယ်။ အချို့ ကဆို ဒါကြီးတွေကို ဂြိုဟ်သားတွေ တည်ဆောက် ပေးခဲ့တာ လို့တောင် ပြောကြပါတယ်။

ဒါပေမယ့် အပေါ်က ပြောခဲ့တဲ့ သီအိုရီတွေ တစ်ခုမှတော့ လက်တွေ့ မြေပြင်က ရှေးဟောင်း သုတေသန ပညာရှင် တွေရဲ့ တူးဖေါ် တွေ့ရှိချက် အထောက် အထားတွေ မရှိကြပါဘူး။

လက်ရှိ အီဂျစ် သမိုင်း နဲ့ ရှေးဟောင်း သူတေသန ပညာရှင်တွေကတော့ ဒီ ပိရမစ် ကြီးတွေကို ဂျူး ကျေးကျွန် တွေက တည်ဆောက် ခဲ့တယ် ဆိုတာကို လက်မခံ ကြပါဘူး။

သူတို့က ဒီ ပိရမစ် ကြီးတွေ တည်ဆောက်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၄,၅၀၀ ခန့် ကာလက အီဂျစ်ပြည်မှာ ဂျူးလူမျိုးတွေ မှီတင် နေထိုင် ခဲ့ကြတယ်လို့ ယူဆရတဲ့ အထောက်အထား ဘာတစ်ခုမှ တူးဖေါ်တွေ့ရှိ ရခြင်း မရှိတာကို ထောက်ပြကြပါတယ်။

နောက်ပြီး သမ္မကျမ်းစာလာ ဂျူးလူမျိုးတွေ ထွက်ပြေးခဲ့တယ် ဆိုတဲ့ အီဂျစ် မြို့တော်ရဲ့ အမည်ကလဲ ရမ္မစစ် (Ramesses) ဆိုတဲ့ မြို့ အမည်ပါ။ ဒီမြို့ နဲ့ အမည် ဆင်တဲ့ “pi-Ramesses” မြို့ ကို တည်ထောင်တာ အီဂျစ်ရဲ့ ၁၉ ခုမြောက် မင်းဆက် ကာလ (19th dynasty) ဘီစီ ၁၂၉၅-၁၁၈၆ ကာလ မှ ဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါး – ဂီဇာပိရမစ် ကြီးရဲ့ တည်နေရာဟာ အလင်းအလျှင်နှုန်းနဲ့ ဆက်စပ်နေတယ်ဆိုတာ တကယ်လား

ဒီမြို့ကို Ramesses II ဘုရင်ကြီးရဲ့ အမည်ကို အစွဲပြုပြီး မှည့်ခေါ်တာ ဖြစ်ပါတယ်။ ဒီ ကာလ အီဂျစ်ပြည်မှာ ပိရမစ်တွေ တည်ဆောက်တဲ့ ခေါတ် ကုန်သွားခဲ့ပါပြီ။ ဒါ့ကြောင့် ပိရမစ်တွေ တည်ဆောက်တဲ့ အချိန်က အီဂျစ်ပြည်ကို ဂျူးလူမျိုးတွေ ရောက်ရှိခြင်း မရှိသေးဘူး လို့ ပညာရှင် တွေက ထောက်ပြ ကြပါတယ်။

“ကျွန်တော်တို့ တူးဖေါ်ရသမျှ အီဂျစ်ပြည်ရဲ့ အစောပိုင်း ကာလမှာ အစ္စရေး လူမျိုးတွေ မှီတင်း နေထိုင် ခဲ့တယ် ဆိုတဲ့ အထောက်အထား တစ်ခုတစ်လေတောင်မှ ရှာမတွေ့ သေးပါဘူး။ ဘုရားကျောင်း နံရံက ကျောက်စာ မှတ်တမ်းစာ တွေ၊ ဂူသင်္ချိုင်း တွေက နံရံ စာတွေ၊ ပပိုင်းရပ်စ် ပေစာ တွေ ဘယ်နေရာ မှာမှ အစ္စရေး လူမျိုးတွေနဲ့ ပါတ်သက်ကြီး ရေးသားထားတာ မတွေ့ရ ပါဘူး” လို့ ရှေးဟောင်း သူတေသီ တွေဖြစ်ကြတဲ့ အစ္စရေးလ် ဖန်ကယ်လ်စတိုင်း Israel Finkelstein နဲ့ နီးလ် အရှာ ဆစ်လ်ဘာမန်း Neil Asher Silberman တို့က သူတို့ ထုတ်ဝေတဲ့ စာအုပ်မှာ ရေးသား ထားပါတယ်။ 

ဒီ ရှေးဟောင်း သုတေသီ နှစ်ဦးဟာ အီဂျစ်ပြည်က တွေ့ရှိရတဲ့ ရှေး သမ္မကျမ်းစာဟောင်း နဲ့ ပါတ်သက်တဲ့ သုတေသန တွေကို ပြုလုပ်ခဲ့ ကြသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ တွေ့ရှိချက် တွေကို “The Bible Unearthed: Archaeology’s New Vision of Ancient Israel and the Origin of its Sacred Texts” စာအုပ်မှာ တင်ပြ ထားပါတယ်။

နောက်ပြီး အခြား အယူအဆ တစ်ခုဖြစ်တဲ့ အတ္တလန်တစ် မြို့တော် က ပညာရှင်တွေ တည်ဆောက်ခဲ့တယ် ဆိုတဲ့ သီအိုရီ ကလဲ အခြေအမြစ် မရှိပါဘူး လို့ ပညာရှင် တွေက ရှင်းပြပါတယ်။ 

အခုထိ ရှာတွေ့ရ သမျှ ရှေးဟောင်း သုတေသန အထောက်အထား တွေမှာ ဒီ အတ္တလန်တစ် မြို့တော်နဲ့ ပါတ်သက်တဲ့ အထောက်အထား ဘာတစ်ခုမှ မတွေ့ရ သေးပါဘူး။ 

ရှေးဟောင်း သုတေသီ အများစု ကတော့ ဒီ အတ္တလန်တစ် မြို့တော် အယူအဆဟာ ဂရိတွေ ဖန်တီးခဲ့တဲ့ စိတ်ကူးယာဉ် ဇါတ်လမ်း တစ်ပုဒ်သာ ဖြစ်တယ်လို့ ယူဆကြပါတယ်။

ပိရမစ် တွေကို ဂြိုဟ်သားတွေ တည်ဆောက်ခဲ့တယ် ဆိုတဲ့ အယူအဆ ကတော့ ရီစရာ ကောင်းလွန်းလို့ စဉ်းစား စရာတောင် မလိုပါဘူးလို့  ဆိုပါတယ်။

အခုထိ ရှေးဟောင်း သုတေသန တူးဖော် မှုတွေ အရ ဒီ ပိရမစ် ကြီးတွေကို တည်ဆောက်ခဲ့ ကြသူတွေဟာ အီဂျစ် လူမျိုးတွေ ကိုယ်တိုင်ပဲ ဖြစ်ကြတယ် လို့ ဆိုပါတယ်။ 

ဒါပေမယ့် ဒီ တည်ဆောက်ရေး လုပ်သားတွေ ဘယ်လို နေထိုင် ခဲ့ကြတယ်၊ သူတို့ကို ဘယ်လို လုပ်ခ လစာတွေ ပေးသလဲ၊ သူတို့အပေါ် အုပ်ချုပ်သူ လူတန်းစား တွေက ဘယ်လို သဘောထား ဆက်ဆံ ခဲ့ကြသလဲ​ ဆိုတာတွေ ကိုတော့ ယခုထိ သုတေသန ပြုနေဆဲပဲ ဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါး – ပိရမစ် တွေကို ဘယ်လို တည်ဆောက်ခဲ့သလဲ

ပိရမစ်တည်ဆောက်ကြသူများ

အီဂျစ်ပြည်မှာ ရှေးဟောင်း ပိရမစ်ပေါင်း ၁၀၀ ကျော် ရှာဖွေ တွေ့ရှိ ထားပါတယ်။ ဒါပေမယ့် ဒီ အထဲက နာမည် အကျော်ကြားဆုံး ကတော့ နိုင်းမြစ်ကမ်းက မဟာ ပိရမစ် (The Great Pyramid) ကြီးပဲ ဖြစ်ပါတယ်။

ဒီ မဟာ ပိရမစ် ကြီးကို ဘီစီ ၂၅၇၅ ကနေ ၂၅၅၁ အထိ နန်းစံခဲ့တဲ့ အီဂျစ် ဖေရိုဘုရင် ဆနက်ဖရူ (Pharaoh Snefru) လက်ထက်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ သူ့လိုပဲ အခြား ဘုရင်တွေကလဲ ပိရမစ်တွေ အပြိုင်အဆိုင် တည်ဆောက်ခဲ့ ကြပါတယ်။

ဒါပေမယ့် အီဂျစ် ဖေရို ဘုရင်တွေဟာ ပိရမစ် တည်ဆောက်တာတွေကို အီဂျစ် နိုင်ငံသစ် (New Kingdom, BC 1550 – 1070) ကာလမှာတော့ ရပ်ဆိုင်းလိုက် ကြပါတယ်။ 

ဒီ နိုင်ငံသစ်က ဘုရင်တွေဟာ ဘုရင်နဲ့ မိဖုရား တွေရဲ့ အလောင်းတွေကို ပိရမစ် တွေထဲမှာ မြှုပ်နံခြင်း မပြုက တော့ပဲ “ဘုရင်များ၏ ချိုင့်ဝှမ်း” (Valley of the Kings) လို့ အမည်ပေးထား ချိုင့်ဝှမ်း လွင်ပြင် ပတ်လည်မှာ  မြေအောက် ဂူသင်္ချိုင်းတွေ တည်ဆောက်ပြီး မြှုပ်နှံခဲ့ ကြပါတယ်။ ဒီ Valley of the Kings ချိုင့်ဝှမ်းဟာ မဟာ ပိရမစ်ကြီး တည်ရှိတဲ့ ဂီဇာ ဒေသကနေ တောင်ဖက် မိုင် ၃၀၀ လောက် အကွာမှာ တည်ရှိပါတယ်။

အီဂျစ် ရှေးဟောင်း သုတေသန ပညာရှင် တွေဟာ သုတေသန တူးဖော်မှု တွေကနေ ရရှိ ခဲ့တဲ့ အထောက်အထား တွေကနေ ဒီ ပိရမစ် တည်ဆောက်သူ တွေနဲ့ ပါတ်သက်တဲ့ အချက်အလက် တွေကို ပြန်လည် ရုပ်လုံးဖော် ခဲ့ကြပါတယ်။

အီဂျစ် ရှေးဟောင်း မှတ်တမ်း တွေအရ မြောက်များလှ စွာသော အီဂျစ် အလုပ်သမား တွေဟာ ဂီဇာ ဒေသက ၁၁ မိုင် အကွာမှာ ရှိတဲ့ ကျောက်တွင်း ကနေ ရတဲ့ ကျောက်တွေကို ပိရမစ် တည်ဆောက်ရေး လုပ်ငန်းခွင်ကို သယ်ဆောင် ခဲ့ကြတယ်လို့ ရေးသား ထားပါတယ်။

အရင်ကတော့ အီဂျစ် သုတေသီ တွေဟာ ဒီ တည်ဆောက်ရေး အလုပ်သမား တွေဟာ မူလက ထွန်ယက် စိုက်ပျိုးရေး လုပ်ကိုင်နေတဲ့ လယ်သမား တွေ နဲ့ လယ်သူရင်းငှားတွေ ဖြစ်ပြီး လယ်လုပ်ငန်း အားလပ်ချိန်မှာ အပိုဝင်ငွေ ရအောင် ပိရမစ် တည်ဆောက်ရေး လုပ်ငန်းမှာ အလုပ်သမား တွေ အဖြစ် ဝင်ရောက် လုပ်ကိုင် ကြတာ ဖြစ်တယ်လို့ ယူဆခဲ့ ကြပါတယ်။

ဒီ အချက်နဲ့ ပါတ်သက်လို့ မှန်မမှန် ဆိုတာကိုတော့ သေချာပေါက် မပြောနိုင် သေးပါဘူး။ အခု နောက်ဆုံး တွေ့ရှိထားတဲ့ ပေစာ အထောက် အထား တွေကို ဘာသာပြန် ပြီးရင်တော့ ဒီ ခန့်မှန်းချက် မှန်မမှန် ဆိုတာ သိလာရမယ်လို့ ယူဆရ ပါတယ်။

အခုထိ ဘာသာပြန်လို့ ရသမျှ တွေ့ရှိချက်တွေအရ ဒီ အလုပ်သမား တွေကို  ကျွေးမွေးတဲ့ အစားအသောက် တွေကို မှတ်တမ်းတင် ထားတာ တွေ့ရပါတယ်။ အလုပ်သမား တွေကို စွံပလွံ သီးတွေ၊ အသီးအရွက်တွေ၊ ကြက်သား နဲ့ အသား တွေ ပုံမှန် ကျွေးမွေးတယ်လို့ သိရပါတယ်။ 

ဆက်စပ်ဆောင်းပါး – ဂီဇာဒေသမှ စဖင့်ရုပ်ကြီး

မှတ်တမ်းတွေမှာ တွေ့ရတဲ့ အထောက်အထား အရ အလုပ်သမား တွေကို ကျွေးမွေးတဲ့ အစားအသောက်တွေဟာ သာမန် အီဂျစ်ပြည်သား တွေ စားသောက်တဲ့ အစားအသောက်ထက် ပိုမို ကောင်းမွန်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အလုပ်သမား တွေ အတွက် အဝတ်အထည် တွေလဲ ပုံမှန် ရရှိ ကြတယ်လို့ ဆိုပါတယ်။

ပိရမစ် တည်ဆောက် ရေးကို ကြီးကြပ်ရတဲ့ အကြီးအကဲ တွေကိုလဲ ဘုရင်က မြေကွက်တွေ ချီးမြင့်တယ်လို့ မှတ်တမ်းတွေမှာ ရေးသား ထားပါတယ်။ 

ပိရမစ် တည်ဆောက်တဲ့ အလုပ်သမားတွေ နေထိုင်ဖို့ မြို့သစ်တွေ ကိုလဲ တည်ဆောက်ခဲ့ ပါတယ်။ ဒီမြို့သစ် တွေမှာ ကြီးမားတဲ့ ပေါင်မုန့်ဖို ကြီးတွေ နဲ့ ကြီးမားတဲ့ သားသတ်ရုံ အမြောက် အများကိုလဲ တူးဖော် တွေ့ရှိ ခဲ့ကြပါတယ်။ နောက်ပြီး ဘီယာချက် ဖိုတွေ လဲ အများအပြား တူးဖေါ် ရရှိ ခဲ့ပါတယ်။

တွေ့ရှိရတဲ့ အချက်အလက်တွေကို အခြေခံပြီး တွက်ချက်မှု အရ အလုပ်သမား တွေကို နေ့စဉ် နွား၊ သိုး နဲ့ ဆိတ် အသား ကီလို ၁,၈၀၀ ခန့် ကျွေးမွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီ အလုပ်သမား မြို့တွေ အနီးက သင်္ချိုင်းတွေကို တူးဖေါ်မှု အရ သေဆုံးတဲ့ အလုပ်သမား တွေရဲ့ အရိုးတွေ ကောင်းစွာ ပြန်ဆက်နေတာကို တွေ့ကြရပါတယ်။ ဒါဟာ ဘာကို ပြနေလဲ ဆိုတော့ သူတို့အတွက် ကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရရှိ ကြတယ် ဆိုတာကို ပြနေပါတယ်။

ဒီ အချက်တွေပေါ် မူတည်ပြီး ကောက်ချက်ဆွဲရရင် ပိရမစ် တည်ဆောက်တဲ့ အလုပ်သမား တွေဟာ ကျေးကျွန်တွေ မဟုတ်ကျပဲ လုပ်ခလစာ ကောင်းကောင်း ရရှိတဲ့ အလုပ်သမားတွေ ဖြစ်ကြတယ်လို့ အီဂျစ် ရှေးဟောင်း ပညာရှင် များက ကောက်ချက် ချကြပါတယ်။

Reference: Who built the Egyptian pyramids? | Live Science

error: