Skip to content

မကြာမီ တိုက်မိကြမယ့် ဧရာမ Black Hole စုံတွဲ ရှာတွေ့

  • Space
တိုက်မိခါနီး black hole တွင်းနက် စုံတွဲကို သရုပ်ဖော် ထားပုံ

နက္ခတ် ပညာရှင် တွေဟာ တစ်ခုနဲ့ တစ်ခု တိုက်မိခါနီး မဟာ ဧရာမ တွင်းနက်ကြီး (Supermassive Black Hole) နှစ်ခုကို ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။ ဒီတွင်းနက်ကြီး နှစ်ခု တိုက်မိတဲ့ အခါမှာ ပြင်းထန်တဲ့ ဆွဲငင်အား လှိုင်းတွေ ထွက်ပေါ်လာပြီး အချိန် နဲ့ ဟင်းလင်းပြင် (Space time) ကို ပြင်းထန်စွာ ခါယမ်း သွားစေလိမ့်မယ် လို့ ဆိုပါတယ်။

အခု တွေ့ရတဲ့ black hole တွင်းနက်ကြီး နှစ်ခုဟာ တစ်ခုနဲ့ တစ်ခု အရမ်းကို နီးကပ်နေတာမို့ သူတို့ နှစ်ခုကို ပေါင်းပြီး PKS 2131-021 ဆိုပြီး အမည် တစ်ခုတည်း ပေးထားပါတယ်။ ဒီ တွင်းနက် နှစ်ခုဟာ ကမ္ဘာကနေ အလင်းနှစ် ၉ ဘီလီယံ (သန်း ၉,၀၀၀) ခန့် အကွာမှာ ရှိနေတာ ဖြစ်ပါတယ်။ 

ဒီ တွင်းနက်ကြီး နှစ်ခုဟာ တစ်ခုနဲ့ တစ်ခု ဆွဲငင်အားကြောင့် လွန်ခဲ့တဲ့ နှစ် သန်း ၁၀၀ လောက်ကစလို့ တဖြည်းဖြည်း နီးကပ် လာနေတာခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အရမ်းကို နီးကပ်နေပြီလို့  နာဆာ အဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ 

အခုလက်ရှိ အချိန်မှာ ဒီတွင်းနက် နှစ်ခုဟာ တစ်ခုကို တစ်ခု နီးကပ်စွာ လှည့်ပတ်နေ ကြပါတယ်။ ဒီ တွင်းနက် နှစ်ခု တစ်ကြိမ် ပါတ်မိဖို့ နှစ် နှစ်ခန့် ကြာမြင့်တယ်လို့ ဆိုပါတယ်။

ဒီတွင်းနက် နှစ်ခုဟာ နောက် နှစ် ၁၀,၀၀၀ လောက် ကျရင်တော့ တွင်းနက်ကြီး တစ်ခုတည်း အဖြစ် ပေါင်းစီးမိ သွားမယ်လို့ ဆိုပါတယ်။ 

သိပ္ပံ ပညာရှင် တွေက သူတို့ရဲ့ တွေ့ရှိချက် တွေကို The Astrophysical Journal Letters သုတေသန ဂျာနယ်မှာ ထည့်သွင်း တင်ပြခဲ့တာ ဖြစ်ပါတယ်။

Black hole တွင်းနက်ကြီး နှစ်ခု တိုက်မိပုံအား သရုပ်ဖော် ထားပုံ

နောက် နှစ် ၁၀,၀၀၀ ခန့် အကြာ တွင်းနက် နှစ်ခု ပေါင်းမိသွားတဲ့ အချိန်မှာ အချိန်နဲ့ ဟင်းလင်းပြင်ကို လှုပ်ယမ်းသွား စေမယ့် ဆွဲအားလှိုင်းတွေ ထွက်ပေါ်လာမယ်လို့ ဆိုပါတယ်။ ဒီ ဆွဲအားလှိုင်းတွေကို အိုင်းစတိုင်းက ပထမဆုံး စတင် အဆိုပြု ခဲ့တာ ဖြစ်ပါတယ်။

(မှတ်ချက် – နောက် နှစ် ၁၀,၀၀၀ မှ တိုက်မိမယ်လို့ ဆိုပေမယ့် ဒီ တွင်းနက်တွေက ကမ္ဘာကနေ အလင်းနှစ် သန်း ၉,၀၀၀ အကွာမှာ ရှိတာမို့ တကယ်ကတော့ လွန်ခဲ့တဲ့ နှစ်သန်း ၉,၀၀၀ ခန့်ကတဲက တိုက်မိခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ တွင်းနက်တွေ ဆီက တိုက်မိတဲ့ အချိန် ဖြစ်လာတဲ့ ဆွဲအား လှိုင်းတွေနဲ့ အလင်းရောင် နဲ့ အခြား လျှပ်စစ်သံလိုက် လှိုင်း (electromagnetic waves) တွေဟာ အာကာသ ဟင်းလင်းပြင်ထဲ ခရီးနှင်နေဆဲပဲ ရှိပြီး ကမ္ဘာကို နောက် နှစ် ၁၀,၀၀၀ လောက် ကြာမှ ရောက်လာကြမှာ ဖြစ်ပါတယ်။)

အခု တိုက်မိကြမယ့် တွင်းနက် တွေဟာ Supermassive black hole လို့ ခေါ်တဲ့ မဟာ တွင်းနက်ကြီးတွေ ဖြစ်ကြပါတယ်။ ဒီ တွင်းနက်ကြီး တွေဟာ နေ အလုံးပေါင်း သန်းရာချီတဲ့ ဒြပ်ထု ပမာဏ ရှိကြတဲ့ ဧရာမ တွင်းနက်ကြီးတွေ ဖြစ်ပါတယ်။ 

ဒီ မဟာ တွင်းနက် ကြီး တွေဟာ အများအားဖြင့် ဂလက်ဆီ တွေရဲ့ ဗဟိုမှာ ရှိနေ တတ်ကြတာပါ။ ဥပမာ ကျွန်တော်တို့ မစ်ကီးဝေး ဂလက်ဆီ ရဲ့ ဗဟိုမှာ မဟာ တွင်းနက်ကြီး တစ်ခု ရှိနေပါတယ်။

အခုထိတော့ နက္ခတ် ပညာရှင် တွေဟာ ဒီ မဟာ တွင်းနက်ကြီးတွေ ဘယ်လို ဖြစ်လာလဲ ဆိုတာ အဖြေရှာလို့ မရကြ သေးပါဘူး။ အဲ့လိုပဲ ဒီ မဟာ တွင်းနက်ကြီးတွေ ဘယ်လိုလုပ် ဒီလောက်အထိ ကြီးလာကြလဲ ဆ်ိုတာကိုလဲ အဖြေ ပေးနိုင်စွမ်း မရှိကြ သေးပါဘူး။

အချို့ နက္ခတ် ပညာရှင် တွေကတော့ ဒီ မဟာတွင်းနက် ကြီးတွေဟာ သူ့ထက် ငယ်တဲ့ တွင်းနက် ကလေးတွေ ပေါင်းမိပြီး ဖြစ်လာကြတယ်လို့ ဆိုပါတယ်။

Black hole တွင်းနက်ကြီး နှစ်စင်း တစ်ခုကို တစ်ခု လှည့်ပတ်နေပုံကို သရုပ်ဖော် ထားပုံ။ ပိုကြီးတဲ့ တွင်းနက်ကနေ ပူပြင်းတဲ့ ဒြပ်မှုန် တွေကို မှုတ်ထုတ်နေတာ ဖြစ်ပါတယ်။
Black hole တွင်းနက်ကြီး နှစ်စင်း တစ်ခုကို တစ်ခု လှည့်ပတ်နေပုံကို သရုပ်ဖော် ထားပုံ။ ပိုကြီးတဲ့ တွင်းနက်ကနေ ပူပြင်းတဲ့ ဒြပ်မှုန် တွေကို မှုတ်ထုတ်နေတာ ဖြစ်ပါတယ်။ ((Credits: Caltech-IPAC))

အခု ပေါင်းခါနီး တွင်း နက် နှစ်ခု ကို လေ့လာခြင်း အားဖြင့် ဒီ သီအိုရီ နဲ့ ပါတ်သက်လို့ လေ့လာစရာ အချက်အလက်တွေ ရရှိလာလိမ့်မယ်လို့ ပညာရှင် တွေက ယုံကြည် ကြပါတယ်။

အခု တိုက်မိကြမယ့် မဟာ တွင်းနက်ကြီး နှစ်စင်းဟာ သာမန် တွင်းနက် အမျိုးအစား မဟုတ်ပဲ Blazer လို့ ခေါ်တဲ့ အထူး တွင်းနက် အမျိုးအစား တွေ ဖြစ်ကြပါတယ်။ 

ဒီ ဘလေဇာ တွင်းနက် ကြီးတွေဟာ မဟာ တွင်းနက်ကြီး အမျိုးအစား တစ်မျိုး ဖြစ်ပြီး ဒီ တွင်းနက်တွေ ကနေ အမှုန်တွေကို အလင်းလျင် နီးပါး ရှိတဲ့ အလျင်နဲ့ ကမ္ဘာဖက် ဆီကို မှုတ်ထုတ်နေပါတယ်။

ဒီ အမှုန် တန်းကြီး ဘယ်က ထွက်လာတာလဲ။ ဒီ တွင်းနက်ကြီး တွေဟာ သူ့ပတ်ဝန်းကျင်က ကြယ်တွေ၊ ဓါတ်ငွေ့တွေကို အဆက်မပြတ် အငမ်းမရ စုပ်ယူ ဝါးမြိုနေ ကြတဲ့ တွင်းနက်ကြီး တွေ ဖြစ်ကြပါတယ်။ (ဒါကို Actively feeding black hole လို့ ခေါ်ပါတယ်။) 

ဒီလို ဝါးမြိုခံရတဲ့ ဓါတ်ငွေ့တွေ၊ အမှုန်အမွှား တွေဟာ တွင်းနက်ကြီး ထဲကို ခရုပတ်ပုံ ဝဲဂယက်ကြီး တစ်ခု အဖြစ်နဲ့ ဝင်ရောက် သွားပါတယ်။ ဒီ ဝဲဂယက်ကြီး ထဲက ဓါတ်ငွေ့တွေဟာ အချင်းချင်း ပွတ်တိုက်မိပြီး အလွန် ပူပြင်းလာပါတယ်။ ဒီ ဓါတ်ငွေ့တွေ ထဲက အချို့ဟာ တွင်းနက်ထဲ မဝင်ပဲ အပြင်ကို အရှိန်ပြင်းပြင်းနဲ့ ပြန်အန် ထွက်လာကြပါတယ်။

ဒီလို အရှိန်ပြင်းပြင်းနဲ့ ပြန်အန် ထွက်လာတဲ့ ဓါတ်ငွေ့ အမှုန်တွေဟာ အလင်းအလျင် နီးပါး အထိ ရှိတဲ့ အလျင်နဲ့ ပြန်အန် ထွက်လာ ကြတာပါ။ အကယ်လို့ ဒီ အန်ထွက်လာတဲ့ ဓါတ်ငွေ့တန်း ကြီးက ကမ္ဘာဖက်ကို တည့်တည့် ဦးတည် နေတဲ့ တွင်းနက် မျိုးကို ဘလေဇာ လို့ အမည် ပေးထားတာ ဖြစ်ပါတယ်။

အခု ဒီ တွင်းနက် နှစ်ခုကို ရှာတွေ့ခဲ့တဲ့ နက္ခတ် ပညာရှင် တွေဟာ အာကာသ အနှံ့အပြားက ဘလေဇာ တွင်းနက်ပေါင်း ၁,၈၀၀ ခန့်ကို စူးစမ်း လေ့လာ နေခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို လေ့လာနေဆဲမှာ PKS 2131-021 တွင်နက်ရဲ့ အလင်းရောင်ဟာ အချိန်မှန်မှန် လင်းလိုက် မှိန်လိုက် ဖြစ်နေတာကို တွေ့ရှိခဲ့ ကြပါတယ်။

(မှတ်ချက် – ဒီနေရာမှာ တွင်းနက်တွေဟာ အလင်းတောင် လွတ်မထွက်အောင် ဖမ်းဆွဲထားနိုင်တယ် ဆိုပြီး ဘာ့ကြောင့် အလင်းရောင် ထွက်နေရတာလဲလို့ မေးစရာ ရှိလာပါတယ်။ တကယ်က တွင်းနက်က အလင်းရောင် ထွက်တာ မဟုတ်ပဲ တွင်းနက် ပါတ်လည်က အရမ်း ပူပြင်းတဲ့ ဓါတ်ငွေ့တွေကနေ အရောင် တောက်လာတာ ဖြစ်ပါတယ်။ ပြီးတော့ အခု အန်ထွက်လာတဲ့ ဓါတ်ငွေ့တန်း ကြီးကလဲ အရမ်း ပူပြင်းတာမို့ အရောင် တောက်နေပါတယ်။)

ဒီလို တွင်းနက်ရဲ့ အလင်းအား မှေးလိုက် လင်းလိုက် အချိန်မှန် ဖြစ်နေတာဟာ ဒီ တွင်းနက်ကို လှည့်ပါတ်နေတဲ့ အခြား ကြယ် (သို့) တွင်းနက် တစ်ခု ရှိနေလို့ပဲ ဖြစ်ပါတယ်။ နက္ခတ် ပညာရှင် တွေကတော့ ဒီ တွင်းနက်ကို ပတ်နေတဲ့ နောက်တွင်းနက် တစ်ခု ရှိနေလို့ ဖြစ်မယ်လို့ ယူဆခဲ့ ကြပါတယ်။

ဒါပေမယ့် ဒီအချက် ကို အသေအခြာ သက်သေ ပြနိုင်ဖို့ အတွက် နက္ခတ် ပညာရှင် တွေဟာ ဒီတွင်းနက်နဲ့ ပါတ်သက်ပြီး နက္ခတ် မျှော်စင် ၅ ခုက နေ လွန်ခဲ့တဲ့ ၄၅ နှစ် ကာလအတွင်း စုဆောင်းရရှိ ထားတဲ့ အချက်အလက်တွေကို အသေးစိတ် ပြန်လည် လေ့လာ ခဲ့ကြပါတယ်။ 

ဒီ ၄၅ နှစ်ကြာ လေ့လာ တွေ့ရှိ ချက်တွေအရ နက္ခတ် ပညာရှင်များ ယူဆခဲ့ သလို အခြား တွင်းနက် တစ်ခုက နှစ်နှစ် တစ်ကြိမ် ပတ်နေတယ် ဆိုတဲ့ အချက် မှန်ကန်ကြောင်း တွေ့ရှိ လာရပါတယ်။

ယခု တွေ့ရှိချက်အရ ဒါဟာ တွင်းနက် စုံတွဲ တစ်ခုကို ဒုတိယမြောက် တွေ့ရှိတာပဲ ဖြစ်ပါတယ်။ ပထမ တွင်းနက် စုံတွဲကို ၂၀၂၀ ခုနှစ်မှာ ကမ္ဘာက အလင်းနှစ် ၃.၅ ဘီလီယံ ဝေးတဲ့ အရပ်မှာ ရှာဖွေ တွေ့ရှိ ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပထမ တွင်းနက် စုံတွဲဟာ ၉ နှစ်နေမှ တစ်ကြိမ် ပတ်တာမို့ အခုတွင်းနက်တွေလောက် တစ်ခုနဲ့ တစ်ခု နီးကပ်မှု မရှိနိုင်ဘူးလို့ ယူဆရ ပါတယ်။

အခု တွေ့ရတဲ့ တွင်းနက် ကြီး နှစ်စင်းဟာ တစ်စင်းနဲ့ တစ်စင်း အလွန် နီးကပ် နေသလို အရွယ်အစား ကလဲ​အင်မတန် ကြီးမားပါတယ်။ ဒါ့ကြောင့် နက္ခတ် ပညာရှင်တွေက ဒီတွင်းနက်တွေ  အချင်းချင်း  မတိုက်မိခင် ကတဲကဆွဲအားလှိုင်း (Gravitational waves) တွေ ထွက်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒီ တွင်းနက် တွေကို နောက်ဆက်တွဲ လေ့လာမှုမှာတော့ သူတို့ မတိုက်မိခင် ထွက်လာနိုင်တဲ့ ဆွဲအားလှိုင်းတွေကို ရှာဖွေ လေ့လာဖို့ ကြိုးစားမယ်လို့ သိရပါတယ်။

Reference: 2 monster black holes are headed toward a collision that will rock the fabric of space-time | Live Science

error: