Skip to content

အိုင်းစတိုင်းရဲ့ ဟောကိန်း မှန်ပြန်ပြီ

  • Space
Black Hole ရဲ့နောက်က အလင်းရောင်ကို ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိတဲ့ ဖြစ်ရပ်ဟာ အိုင်းစတိုင်းရဲ့ သီအိုရီ မှန်ကြောင်း သက်သေပြနေပါတယ်

Black Hole ရဲ့နောက်က အလင်းရောင်ကို ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိ

အိုင်းစတိုင်းရဲ့ လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်က ထုတ်ခဲ့တဲ့ သီအိုရီတွေ၊ ဟောကိန်းတွေ ဟာ မှန်ကန်ကြောင်းကို ရနေ့ထက်တိုင် ဆက်လက် သက်သေပြနေဆဲ ဖြစ်ပါတယ်။ ဒီတခါလဲ အိုင်းစတိုင်းရဲ့ ဟောကိန်း မှန်ကန်ကြောင်းကို ပညာရှင်တွေ ရှာဖွေလို့ တွေ့ရှိခဲ့ ပြန်ပါပြီ။

ထင်မှတ်မထားတဲ့ မတော်တဆ တွေ့ရှိမှု တစ်ခုက အိုင်းစတိုင်းရဲ့ နှိုင်းယှဉ်မှု သီအိုရီ (General Theory of Relativity) ဟာ မှန်ကန်ကြောင်း သက်သေ အထောက်အထား အသစ်တစ်ခု အဖြစ်နဲ့ ထွက်ပေါ်လို့ လာခဲ့ပါတယ်။ 

ဒီ မတော်တဆ တွေ့ရှိမှုကို အလွန်ကြီးမားတဲ့ ဧရာမ Black Hole တွင်းနက်ကြီး တစ်ခုကို လေ့လာနေတဲ့ ပညာရှင်တွေက တွေ့ရှိခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီတွင်းနက်ကြီးဟာ ကမ္ဘာမြေကနေ အလင်းနှစ် သန်း ၈၀၀  အကွာအဝေးမှာ တည်ရှိနေတာ ဖြစ်ပြီး Zwicky 1 Galaxy ကြယ်စုကြီး ရဲ့ အလယ်ဗဟိုမှာ တည်ရှိနေတဲ့ တွင်းနက်ကြီးလဲ ဖြစ်ပါတယ်။ သိပ္ပံ ပညာရှင်တွေဟာ ဒီတွင်းနက်ကြီးကနေ ထွက်လာတဲ့ X-ray ရောင်ခြည်တွေကို လေ့လာနေ ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလို လေ့လာနေတဲ့ သိပ္ပံ ပညာရှင်တွေဟာ ဘယ်ကမှန်း မသိတဲ့ အလင်းရောင်တွေကို ထူးဆန်းစွာ တွေ့ရှိခဲ့ကြပါတယ်။

ဒီအလင်းရောင်တွေ ထွက်ပေါ်လာရာ မူရင်ကို မသိသလို ပိုထူးဆန်းနေတာကတော့ လာတဲ့ အလင်းရောင်တွေဟာ Black Hole ကနေ ထွက်လာနေတဲ့ X-Ray တွေထက် အားနည်းသလို ရောက်လာတဲ့ အချိန်ကလဲ နောက်ကျလို့ နေပါတယ်။ နေုာက်ပြီး သူတို့ရဲ့ အရောင်ကလဲ ရှေ့က X-ray ရောင်ခြည်ရဲ့ အရောင်နဲ့ ကွာခြားနေပါတယ်။

ဒါပေမယ့် မကြာမီမှာပဲ သိပ္ပံပညာရှင်တွေဟာ သူတို့ မြင်တွေ့ရတဲ့ အလင်းရောင်ဟာ ဘာလဲ ဆိုတာ သိသွားပါတော့တယ်။ ဒီအလင်းရောင်တွေဟာ Black Hole ကြီးရဲ့ နောက်ဖက်ကနေ ရောက်လာတဲ့ အလင်းရောင်တွေ ဖြစ်ကြပါတယ်တဲ့။ ဒါဟာ သမိုင်းမှာ ပထမဆုံး  Black Hole တစ်ခုရဲ့ အနောက်ဖက်က အလင်းရောင်ကို တွေ့ရှိရခြင်းပဲ ဖြစ်ပါတယ်။

အိုင်းစတိုင်းက သူ့ရဲ့ နှိုင်းယှဉ်ခြင်း သီအိုရီ (General Theory of Relativity) မှာ ဘာ့ကြောင့် ဒီလို အဖြစ်မျိုး ဖြစ်နိုင်သလဲ ဆိုတာကို ရှင်းပြခဲ့ပါတယ်။ အိုင်းစတိုင်းရဲ့ သီအိုရီအရ အလွန် ဒြပ်ထုကြီးမားတဲ့ အရာ ဝတ္ထုတွေဟာ (အရမ်းလေးတဲ့ အရာ ဝတ္ထုတွေ လို့ပဲ အကြမ်းဖျင်း မှတ်လိုက်ရအောင်ဗျာ၊ တကယ်တော့ အလေးချိန် ဆိုတာက ဆွဲအားပေါ် မူတည်ပြီး. ပြောင်းလဲတတ်တာမို့ အလေးချိန် ဆိုတဲ့ အသုံးအနှုန်းက အတိအကျတော့ မမှန်ပါဘူး) သူတို့ရဲ့ ဆွဲအားကြောင့် အာကာသရဲ့ အချိန်နဲ့ နေရာ (Space-Time) တွေကို ပုံပျက်သွား စေပါတယ်။ ဒါ့ကြောင့် ဒီလို ဒြပ်ထု ကြီးမားတဲ့ အရာ ဝတ္ထုတွေနားက ဖြတ်သွားတဲ့ အလင်းရောင်ဟာ ဒီအရာ ဝတ္ထုတွေရဲ့ အနားရောက်လာရင် ကွေးသွားပါတယ်တဲ့။ 

အခုလဲ ဒီ ဧရာမ  Black Hole ကြီးရဲ့ အနောက်က အလင်းရောင်ဟာ Black Hole ကြီးရဲ့ အနားကနေ ကွေးပြီး အရှေ့ဖက်ကို ရောက်လာရ ခြင်းပဲ ဖြစ်ပါတယ်။ 

“Black Hole တွေထဲ ဝင်သွားတဲ့ အလင်းရောင်ဟာ ဘယ်လိုမှ ပြန်ထွက်လာ နိုင်စွမ်း မရှိတော့ပါဘူး။ ဒါ့ကြောင့်မို့ ဒီ တွင်းနက်ကြီး တွေရဲ့ နောက်ဖက်က အလင်းရောင်ကို ဘယ်လိုမှ မြင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုလို တွင်းနက်ကြီးရဲ့ နောက်ဖက်က အလင်းရောင်ကို ဘာ့ကြောင့် မြင်ရတာလဲ ဆိုတော့ ဒီ Black Hole ကြီးက သူ့နားက အာကာသ၊ သံလိုက်စက်ကွင်းတွေနဲ့ အလင်းရောင်တွေကို ကွေးသွားအောင် လုပ်လိုက်လို့ပဲ ဖြစ်ပါတယ်” လို့  စတင်းဖို့ တက္ကသိုလ် Kavli Institute for Particle Astrophysics and Cosmology at Stanford University က ပညာရှင် ဒန် ဝီကင် (Dan Wilkins) ကရှင်းပြပါတယ်။

အိုင်းစတိုင်းရဲ့ သီအိုရီအရ ကြီးမားတဲ့ Black Hole ကြီးတွေနားက အာကာသ နဲ့ အချိန် (Space Time) ဟာ ကွေးနေတာမို့ သူ့အနား ဖြတ်သွားတဲ့ အလင်းရောင်တိုင်းဟာ ဒီအကွေးအတိုင်း ဖြတ်သန်းသွားမှာ ဖြစ်ပါတယ်။ သူ့ အနောက်က လာတဲ့ အလင်းရောင်ဟာ black hole နား ရောက်ရင် ဘေးနားက ကွေးသွားပြီး သူ့ရှေ့ကို ပြန်ရောက်လာမှာ ဖြစ်ပါတယ်။ အခုမြင်ရတာ အိုင်းစတိုင်းရဲ့ သီအိုရီက ကြိုတင် ဟောကိန်း ထုတ်ထားတဲ့ အတိုင်း ဖြစ်လာတာပဲ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေဟာ မူလက အိုင်းစတိုင်းရဲ့ သီအိုရီကို သက်သေပြဖို့ ဒီလေ့လာမှုကို ပြုလုပ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် မထင်မှတ်ထားတဲ့ တွေ့ရှိချက်က လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က အိုင်းစတိုင်းရဲ့ သီအိုရီ မှန်နေပြန်ပြီ ဆိုတာကို မထင် မှတ်ပဲ သက်သေပြလိုက် ပြန်တာပဲ ဖြစ်ပါတယ်။

Reference: Light from behind a black hole spotted for 1st time, proving Einstein right

error: