Skip to content

အိုင်းစတိုင်း လက်စွပ်

  • Space
Einstein Ring ခေါ် အိုင်းစတိုင်း လက်စွပ်

ဟတ်ဘယ် (Hubble Space Telescope) နက္ခတ်ကြည့် မှန်ပြောင်းကြီး ကနေ ရိုက်ကူးထားတဲ့ အိုင်းစတိုင်း လက်စွပ် (Einstein Ring) ဓါတ်ပုံကို နာဆာ အဖွဲ့ကြီးက ထုတ်ပြန်လိုက်ပါတယ်။ ဒီပုံမှာပါတဲ့ အိုင်းစတိုင်း လက်စွပ်ဟာ ကမ္ဘာကနေဆို အလင်းနှစ် သန်းပေါင်း ထောင်ချီတဲ့ အကွာမှာ ရှိနေတာ ဖြစ်ပါတယ်။

ဒီ ထူးဆန်းတဲ့ သဘာဝ ကို အိုင်းစတိုင်းက စတင်ပြီး ဟောကိန်းထုတ်ခဲ့တာမို့ သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ အိုင်းစတိုင်း လက်စွပ် (Einstein Ring) လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။

ဒီဓါတ်ပုံမှာ (အောက်ပုံကြည့်ရန်) အလယ်မှာ မြင်ရတဲ့ အလင်းရောင် ၂ စက်က ကြယ်စု (ဂလက်ဆီ) ကြီး ၃ ခု ဆီက အလင်းရောင် ဖြစ်ပါတယ်။ သူ့ဘေးနားက အလင်းရောင် အစက် ၄ စက်က ဂလက်ဆီ ၄ ခုဆီက လာတဲ့ အလင်းရောင်တွေ မဟုတ်ပါဘူး။ အဲ့သည် အစက် ၄ စက်လုံးဟာ ဂလက်ဆီ တစ်ခုထဲ ဆီကနေ လာတဲ့ အလင်းရောင်တွေ ဖြစ်ကြပါတယ်။ ပိုပြီး ထူးဆန်းတာကတော့ အဲ့သည် ဂလက်ဆီကို အလယ်က အစက် ၂ စက်ထဲမှာလဲ မြင်တွေ့ရခြင်းပဲ ဖြစ်ပါတယ်။

ဒီပုံမှာ လက်စွပ်ပုံ ပေါ်နေတဲ့ ဂလက်ဆီဟာ အဝေးဆုံးမှာ ရှိတဲ့ ဂလက်ဆီ ဖြစ်ပါတယ်။ ကမ္ဘာကနေဆို အလင်းနှစ် ၁၅ ဘီလီယံ (နှစ် သန်း ၁၅,၀၀၀) အကွာအဝေးမှာ ရှိတာပါ။ ဒီ ဂလက်ဆီဟာ ကွေဆာ (quasar) လို့ခေါ်တဲ့ အလွန် အလင်းရောင် တောက်ပတဲ့ ဂလက်ဆီ အမျိုးအစား ဖြစ်ပြီး သူ့အလယ်ဗဟိုမှာလဲ အလွန်ကြီးမားတဲ့ Black Hole တွင်းနက်ကြီး တစ်ခု ရှိနေပါတယ်။

ပုံမှန် ဆိုရင်တော့ ဒီလောက်ဝေးတဲ့ နေရာက ကွေဆာ ကို မြင်ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီ ကွေဆာ နဲ့ ကျွန်တော်တို့ ကမ္ဘာမြေရဲ့ ကြားထဲက အလင်းနှစ် ၃ ဘီလီယံ (သန်း ၃,၀၀၀) လောက် ဝေးတဲ့ နေရာမှာ ဂလက်ဆီ ၂ စင်း ရှိနေပါတယ်။ ဒီ ဂလက်ဆီ တွေရဲ့ ဆွဲငင်အားကြောင့်မို့ ဒီ ကွေဆာက လာတဲ့ အလင်းတန်းတွေဟာ ဖြောင့်ဖြောင့်တန်းတန်း မလာတော့ပဲ အချို့က ကွေးသွားကြပါတယ်။

ဒီကွေးသွားတဲ့ အလင်းတန်း တွေကြောင့်မို့ ပတ်ခြာလည်မှာ ခပ်ကွေးကွေး ဂလက်ဆီ တွေ အနေနဲ့ ပုံရိပ်မြင်ရခြင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီပုံမှာ ကွေးလာတဲ့ အလင်းတန်း တွေကြောင့် ပတ်ခြာလည်က ပုံရိပ် ၄ ခုနဲ့ တည့်တည့်လာတဲ့ အလင်းတန်းတွေကြောင့် ခလယ်မှာ ပုံရိပ် တစ်ခု စုစုပေါင်း ပုံရိပ် ၅ ခု ပေါ်လာတာပဲ ဖြစ်ပါတယ်။

Einstein Ring ခေါ် အိုင်းစတိုင်း လက်စွပ်
Einstein Ring ခေါ် အိုင်းစတိုင်း လက်စွပ် (Photo: ESA/Hubble & NASA, T. Treu)

ဒီ သဘာဝကို ပထမဆုံး စတင် ဟောကိန်း ထုတ်ခဲ့သူကတော့ ဆရာကြီး အိုင်းစတိုင်း (Albert Einstein) ပဲ ဖြစ်ပါတယ်။ သူက ဆွဲငင်အားဆိုတာ အာကာသ (space) ကြီး ကွေးသွားလို့ ဖြစ်လာတာလို့ ဆိုပါတယ်။ ဒါ့ကြောင့် ဆွဲငင်အား ကြီးမားတဲ့ အရာဝတ္ထုတွေ အနားရောက်ရင် အလင်းဟာလဲ ကွေးသွားမယ်လို့ ပြောပါတယ်။ ဒီအချက် ဟုတ်မှန်ကြောင်းကို ၁၉၁၉ ခုနှစ်မှာ ဗြိတိသျှ နက္ခတ်ပညာရှင် အာသာ အက်ဒင်တန် (British astronomer Arthur Eddington) က နေကြပ်တဲ့ အချိန် နေရဲ့ အနောက်မှာ ကွယ်နေတဲ့ ကြယ်တွေကို မြင်ရကြောင်း ပြသပြီး သက်သေပြခဲ့ပါတယ်။

အိုင်းစတိုင်း ခေတ်ကတော့ နက္ခတ်ကြည့် တယ်လီစကုပ် တွေက အားမကောင်းသေးတော့ ဒီ သဘာဝနဲ့ ပါတ်သက်လို့ အခြား သက်သေတော့ သိပ်များများ မတွေ့ခဲ့ရပါဘူး။ ၁၉၇၉ ခုနှစ်ရောက်မှ အဝေးက ကွေဆာ (quasar) ဂလက်ဆီကြီး တစ်ခုရဲ့ ပုံရိပ်ကို ကမ္ဘာပေါ်ကနေ နှစ်ခု အနေနဲ့ မြင်ရတာကို ပြသနိုင်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ အလင်း ကွေးသွားတာဟာ မှန်ဘီလူးကြောင့် အလင်း ကွေးသွားတာနဲ့ ခပ်ဆင်ဆင် တူတာမို့ ဒီ သဘာဝကို ဆွဲအား မှန်ဘီလူး (gravitational lens) လို့ အမည်ပေးခဲ့ ကြပါတယ်။

Gravitational lensing ခေါ် ဆွဲငင်အား မှန်ဘီလူး ဖြစ်ပေါ်လာပုံ
Gravitational lensing ခေါ် ဆွဲငင်အား မှန်ဘီလူး ဖြစ်ပေါ်လာပုံ (Photo: L. Calcada / NASA/ ESA)

အဲ့သည် အချိန်က စလို့ နက္ခတ် ပညာရှင်တွေဟာ ရာပေါင်းများစွာသော အိုင်းစတိုင်း လက်စွပ်တွေကို ရှာဖွေတွေ့ရှိခဲ့ ကြပါတယ်။ ဒီလို မြင်နိုင်ဖို့ အဝေးက ဂလက်ဆီ နှစ်ခုဟာ သေသေချာချာ တန်းနေဖို့ လိုအပ်ပါတယ်။ နောက်ပြီး ဒီ သဘာဝကို မြင်နိုင်ဖို့ အလွန်အားကောင်းတဲ့ မှန်ပြောင်းတွေလဲ လိုအပ်ပါတယ်။ 

အိုင်းစတိုင်း လက်စွပ် အများစုကတော့ လက်စွပ်လို ကွင်းလေး ပေါ်နေတာ မဟုတ်ပဲ ကြက်ခြေခတ်ပုံ ပေါ်နေတာ ပိုများပါတယ်။ သူ့ကိုတော့ အိုင်းစတိုင်း ကြက်ခြေခတ် (Einstein Cross) လို့ အမည်ပေးထားပါတယ်။ ဒီ အိုင်းစတိုင်း ကြက်ခြေခတ် မှာတော့ အဝေးက ဂလက်ဆီကို အနီးက ဂလက်ဆီရဲ့ ဘေးမှာ အစက် ၄ စက် အနေနဲ့ မြင်ရတာပဲ ဖြစ်ပါတယ်။ (အောက်ပုံကြည့်ရန်)

Einstein Cross ခေါ် အိုင်းစတိုင်း ကြက်ခြေ
Einstein Cross ခေါ် အိုင်းစတိုင်း ကြက်ခြေ (Photo: NASA / ESA)

ဒီ အိုင်းစတိုင်း လက်စွပ်နဲ့ အိုင်းစတိုင်း ကြက်ခြေခတ် တွေဟာ နက္ခတ် ပညာရှင်တွေ အတွက်တော့ အလှကြည့်ဖို့ သက်သက် မဟုတ်ပါဘူး။ ဒီ ဆွဲငင်အား မှန်ဘီလူးကြောင့်မို့ နက္ခတ် ပညာရှင်တွေ အနေနဲ့ ပုံမှန် မှန်ဘီလူးတွေ မြင်နိုင်တဲ့ အကွာအဝေးထက် ဝေးတဲ့ နေရာက ဂလက်ဆီ တွေကို မြင်တွေ့ လေ့လာနိုင် ကြပါတယ်။ နောက်ပြီး ဒီ ဆွဲငင်အား မှန်ဘီလူးကို ဖြစ်စေတဲ့ အနီးက ဂလက်ဆီတွေရဲ့ အကြောင်းကိုလဲ ပိုပြီး သိလာရပါတယ်။

“ဒီ အိုင်းစတိုင်း လက်စွပ်နဲ့ အိုင်းစတိုင်း ကြက်ခြေ တွေ ဟာ ဘာကို ပြနေလဲ ဆိုတော့ အနီးအနားက ဂလက်ဆီ တွေ ထဲမှာ ကျွန်တော်တို့ မြင်ရတဲ့ ဒြပ်ထုထက်ကို ပိုတဲ့ ဒြပ်ထုတွေ ရှိနေတယ် ဆိုတာကို ပြနေပါတယ်။ ဒီ မမြင်ရတဲ့ ဒြပ်ထုဟာ အဖြစ်နိုင် ဆုံးကတော့ Dark Matter  ခေါ်တဲ့ “အမှောင်ဒြပ်” ပဲ ဖြစ်ပါတယ်” လို့ အမေရိကန် ပြည်ထောင်စု လော့စ်အိန်းဂျလိစ် မြို့က ဂရစ်ဖစ် နက္ခတ်လေ့လာရေး စခန်း (Griffith Observatory in Los Angeles) ဒါရိုက်တာ အက်ဒ် ခရပ် (Ed Krupp) က ပြောပါတယ်။ ဒီ အိုင်းစတိုင်းလက်စွပ်နဲ့ ကြက်ခြေတွေ ဘယ်လို နေရာတွေမှာ ရှိနေလဲ ဆိုတာ ကြည့်ခြင်းအားဖြင့် dark matter အမှောင်ဒြပ်တွေ စကြာဝဠာထဲ ဘယ်လို ပျံနှံ့နေလဲ ဆိုတာကို ခန့်မှန်းနိုင်ပါတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီ ဆွဲငင်အား မှန်ဘီလူး ကို အသုံးချပြီးတော့လဲ အလွန်ဝေးတဲ့ နေရာက ဂလက်ဆီတွေကို ရှာဖွေတွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။ ဒီ ဂလက်ဆီ တွေဟာ စကြာဝဠာထဲမှာ အသက် အကြီးဆုံး လို့ ပြောလို့ရတဲ့ ဂလက်ဆီတွေ ဖြစ်ပါတယ်။ ဒီ ဂလက်ဆီတွေကို လေ့လာခြင်းအားဖြင့်လဲ ဂလက်ဆီတွေ ဘယ်လို ဖြစ်လာလဲ ဆိုတာကို သိပ္ပံ ပညာရှင်တွေ ပိုပြီး သိလာရတာပါ။

နောက်ပြီး ဒီ သဘာဝ ကိုပဲ အသုံးချပြီးတော့ နေအဖွဲ့အစည်းရဲ့ အပြင်ဖက်က ကြယ်တွေမှာ ပတ်နေတဲ့ ဂြိုလ်ရံတွေကိုလဲ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 

Reference: Hubble captures an ‘Einstein Ring’

error: