Skip to content

Black hole ရဲ့ အသံ

  • Space
Sound of black hole in Perseus cluster

Perseus ဂလက်ဆီ အစုအဝေးကြီး အတွင်းက ဧရာမ တွင်းနက်ကြီး တစ်ခု ပတ်လည်က ဓါတ်ငွေ့တိမ်တိုက်တွေ အကြား ဖြတ်သန်းသွားတဲ့ အသံလှိုင်း တွေကို နာဆာက ထုတ်ပြန် လိုက်ပါတယ်။ နာဆာ ဗီဒီယိုကို ဆောင်းပါး အဆုံးမှာ တင်ဆက် ပေးထားပါတယ်။

အာကာသ ထဲမှာ အသံလှိုင်းတွေ ဖြတ်သန်း သွားလာ နိုင်ခြင်း မရှိပါဘူး။ အသံ လှိုင်းတွေ ဖြတ်သန်းဖို့ ကြားခံနယ် လိုပါတယ်။ ဒါပေမယ့် အာကာသ ဆိုတာက ဘာမှ မရှိတဲ့ ဟင်းလင်းပြင် ကြီး ပါ။ ဒီတော့ အသံ လှိုင်းတွေ ဖြတ်သွားဖို့ ဆိုတာ မဖြစ်နိုင် ပါဘူး။

(အာကာသ ဆိုတာ လုံးဝ ဘာမှ မရှိတဲ့ ဟင်းလင်းပြင် ကြီးတော့ မဟုတ်ပါဘူး။ ရေဒီယို လှိုင်းတွေ၊ အလင်း ဖိုတွန် တွေနဲ့ အခြား ဒြပ်မှုန်တွေ ရှိကြပါတယ်။ ဒါပေမယ့် သိပ်သည်းဆ အလွန် နည်းတာမို့ အသံလှိုင်းတွေ လက်ဆင့်ကမ်း နိုင်လောက်အောင် မလုံလောက် ပါဘူး။)

၂၀၀၃ ခုနှစ်မှာ နက္ခတ် ပညာရှင် တွေဟာ အလွန် ထူးဆန်းတဲ့ ဖြစ်ရပ် တစ်ခုကို ကြုံတွေ့ ခဲ့ကြပါတယ်။ အဲ့ဒါကတော့ အာကာသ ထဲမှာ ရှိတဲ့ ဓါတ်ငွေ့ တိမ်တိုက် ကြီးအတွင်းမှာ ဖြတ်သန်း သွားတဲ့ အသံလှိုင်း တွေကို ရှာဖွေ တွေ့ရှိ ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီ အသံလှိုင်း တွေဟာ ကမ္ဘာကနေ အလင်းနှစ် သန်း ၂၅၀ အကွာ မှာရှိတဲ့ black hole တွင်းနက်ကြီး တစ်ခုရဲ့ ပတ်ခြာလည်က ဓါတ်ငွေ့ တိမ်တိုက် အတွင်း ဖြတ်သန်း သွားတာ ဖြစ်ပါတယ်။

ဆက်စပ် ဆောင်းပါး – Black Hole တွင်းနက်ကြီး ဆိုတာဘာလဲ

ဒီ အသံလှိုင်း တွေရဲ့ အသံကို ကျွန်တော်တို့ လူသားတွေ နားနဲ့ ကြားနိုင်မှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်ဆို ဒီ အသံလှိုင်း တွေရဲ့ ကြိမ်နှုန်းဟာ လူသားတွေ နားက ကြားနိုင်တဲ့ ကြိမ်နှုန်းထက် အများကြီး နည်းနေ လို့ပါ။ 

လူသား တွေဟာ အသံလှိုင်း ကြိမ်နှုန်း (frequency) ၂၀ ကနေ ၂၀,၀၀၀ (20 – 20,000 Hz) အတွင်းပဲ ကြားနိုင်ပါတယ်။ ကြိမ်နှုန်း ၂၀ ထက် လျော့နည်းလျှင် သော်လည်းကောင်း၊ ၂၀,၀၀၀ ထက် ပိုလျင် သော်လည်းကောင်း ကြားနိုင်ခြင်း မရှိပါဘူး။

အခု အသံလှိုင်း တွေဟာ ပါးဆီးယပ်စ် ဂလက်ဆီ အစုအဝေးကြီး (Perseus cluster of galaxies) ရဲ့ အလယ် ဗဟိုမှာ ရှိတဲ့ မဟာ တွင်းနက်ကြီး (supermassive black hole) ဆီကနေ ထွက်ပေါ်လာတဲ့ လှိုင်းတွေ ဖြစ်ကြပါတယ်။ ဒီ လှိုင်းတွေရဲ့ ကြိမ်နှုန်းဟာ အပေါ်မှာ ပြောခဲ့ သလိုပဲ လူသားတွေ ကြားနိုင်တဲ့ ကြိမ်နှုန်းအောက် လျော့နည်း နေပါတယ်။

ဒါပေမယ့် သိပ္ပံ ပညာ ရှင်တွေက ဒီ တွင်းနက်က ထွက်လာတဲ့ အသံလှိုင်း တွေကို လူ့နားနဲ့ ကြားနိုင်တဲ့ အသံလှိုင်း တွေ ဖြစ်အောင် ကြိမ်နှုန်းမြှင့် ကြည့် ခဲ့ကြပါတယ်။ ဒီ နည်းအားဖြင့် တွင်းနက်က ထွက်လာတဲ့ တုန်ခါလှိုင်းတွေ အာကာသ ထဲက ဓါတ်ငွေ့ တိမ်တိုက် ကြီးတွေ အကြား ဖြတ်သွားတဲ့ အခါ ဘယ်လို အသံ ထွက်လာ မလဲ ဆိုတာကို အနီးစပ်ဆုံး ကြားနိုင်အောင် ကြိုးစားခဲ့ ကြပါတယ်။

ဒါဟာ အာကာသ တွင်းနက်ကြီး တစ်ခုက ထွက်လာတဲ့ အသံလှိုင်း တွေကို ဖမ်းယူပြီး လူသားတွေ ကြားနိုင်တဲ့ ကြိမ်နှုန်း အဖြစ် ပြောင်းလဲ ခဲ့တာ ဖြစ်ပါတယ်။

ဒီ အသံ လှိုင်း တွေကို တွင်းနက်ကြီး ကနေ ပတ်ခြာလည်ကို နာရီလက်တံ ပြောင်ပြန် လည်တဲ့ အတိုင်း ပြန်လည် တည်ဆောက် ထားပါတယ်။ ပြီးတော့ တွင်းနက်ရဲ့ ဗဟိုကနေ အပြင်ဖက်ကို ဖြားထွက် သွားတဲ့ အနေအထားနဲ့ ပြန်လည် တည်ဆောက် ထားတာပါ။ ဒီနည်းအားဖြင့် နားဆင် သူတွေ အတွက် တွင်းနက်ရဲ့ ပတ်ခြာလည်က အသံလှိုင်း အားလုံးကို ကြားနိုင်မှာ ဖြစ်ပါတယ်။

အခုလို တွင်းနက်က ထွက်တဲ့ အသံလှိုင်း တွေကို ပြန်ပုံဖော် တာဟာ သိပ္ပံ ပညာရှင် တွေ စပ်စပ် စုစု သိချင်ရုံ သက်သက် မဟုတ်ပါဘူး။ ဒီ အသံလှိုင်း တွေ ဖြတ်သန်း သွားတဲ့ ဓါတ်ငွေ့ တိမ်တိုက် ကြီးဟာ စကြာဝဠာ အတွင်း ဂလက်ဆီ တွေရဲ့ အပြင်ဖက် ရပ်ဝန်း ထက် ပိုပြီး သိပ်သည်း ပါတယ်။

ဒီလို သိပ်သည်းတဲ့ ဓါတ်ငွေ့ တိမ်တိုက် အတွင်း ဖြတ်သန်းသွားတဲ့ အသံလှိုင်း တွေဟာ ဒီ ဓါတ်ငွေ့ တိမ်တိုက်တွေကို ပူနွေးလာအောင် ပြုလုပ်နိုင်တဲ့ အစွမ်း ရှိကြပါတယ်။ ဒီ အသံလှိုင်းတွေဟာ အသံတင် မက စွမ်းအင်ကိုလဲ သယ်ဆောင် သွားနိုင်စွမ်း ရှိကြပါတယ်။

ဓါတ်ငွေ့ တိမ်တိုက်တွေ အတွင်း ကြယ်သစ်တွေ မွေးဖွားမှုဟာ ဒီ ဓါတ်ငွေ့ တိမ်တိုက်တွေရဲ့ အပူချိန်နဲ့ သက်ဆိုင် နေပါတယ်။ ဒါ့ကြောင့် သိပ္ပံ ပညာရှင် တွေက ဒီ အသံလှိုင်း တွေဟာ ကြယ်သစ်တွေ မွေးဖွားမှု ဖြစ်စဉ်မှာ အရေးပါတဲ့ အခန်း တရပ်က ပါဝင် နေမယ်လို့ ယူဆကြ ပါတယ်။

တကယ်တော့ ဒီ အသံလှိုင်း တွေကို ကမ္ဘာကနေ ထောက်လှမ်း တွေ့ရှိ ရတာကလဲ ဒီ ဓါတ်ငွေ့ တိမ်တိုက် အတွင်းက အပူချိန် ပြောင်းလဲမှု ဖြစ်စဉ်ကို လေ့လာရင်း တွေ့ရှိ ကြတာ ဖြစ်ပါတယ်။ ဒီ အပူချိန် အပြောင်း အလဲကြောင့် ဒီ ဓါတ်ငွေ့တွေက ထုတ်လွှင့်တဲ့ X-ray လှိုင်းတွေရဲ့ အားကလဲ လိုက်ပါ ပြောင်းလဲ နေပါတယ်။ ဒီကမှ ပညာရှင် တွေဟာ ဒီ တိမ်တိုက် တွေထဲ ဖြစ်ပေါ် ပျံ့နှံ့ နေတဲ့ အသံလှိုင်း တွေကို ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သိပ္ပံ ပညာရှင် တွေဟာ ဒီ တွေ့ရှိချက် ကို အခြေခံပြီး အခြား တွင်းနက် ကြီးတွေ အနီး ဝန်းကျင်က အသံလှိုင်း တွေကိုလဲ ရှာဖွေ ဖို့ ကြိုးစားနေ ကြပါတယ်။

Black hole ရဲ့ အသံကို နာဆာက ထုတ်ပြန် လိုက်ပါတယ်

Ref: These Eerie Wails Are a Real Sound Wave From a Supermassive Black Hole | Science Alert

error: