Skip to content

နာဆာက Black Hole ၂၂ ခုရဲ့ ဗီဒီယို ထုတ်ပြန်

  • Images
NASA Black hole video

Black hole ခေါ် တွင်းနက်တွေဟာ အာကာသ နက္ခတ် ပညာရှင်တွေ၊ ရူပဗေဒ ပညာရှင် တွေနဲ့ နက္ခတ် နဲ့ သိပ္ပံ ဝါသနာရှင် တွေအတွက် စိတ်ဝင်စား ဖွယ်ရာ ပဟေဠိ တစ်ခု ဖြစ်ပါတယ်။

ဒီ တွင်းနက်တွေဟာ ဆွဲငင်အား ကြီးမားလွန်းလို့ ဒြပ်ပစ္စည်း တွေတင်မက အလင်းရောင် ကိုတောင် လွတ်ထွက်မသွားအောင် ဖမ်းဆွဲ ထားနိုင်စွမ်း ရှိပါတယ်။ 

နေထက် အရွယ် အဆ ၂၀ ခန်နဲ့ အထက် ဒြပ်ထု ရှိတဲ့ ကြယ်တွေ သေသွားတဲ့ အခါ တွင်းနက်တွေ ဖြစ်လာ ကြပါတယ်။ ဒီ လို ကြယ်ကြီးတွေ သေဆုံးသွား တဲ့အခါ ဆူပါနိုဗာ ပေါက်ကွဲမှုကြီး ဖြစ်လာပြီး ကြွင်းကျန်ရစ်တဲ့ ဒြပ် ပစ္စည်း တွေကနေ တွင်းနက်တွေ ဖြစ်လာတာ ဖြစ်ပါတယ်။

M97 Black Hole ၏ ဓါတ်ပုံ
M97 Black Hole ၏ ဓါတ်ပုံ (Image Credit: Event Horizon Telescope Collaboration)

ဆက်စပ် ဆောင်းပါး – Black Hole တွင်းနက်ကြီး ဆိုတာဘာလဲ

စကြာဝဠာ ထဲက ဂလက်ဆီ ကြယ်အစုအဝေး ကြီးတွေ အားလုံး နီးပါးရဲ့ ဗဟိုမှာ အလွန် ကြီးမားတဲ့ မဟာ တွင်းနက်ကြီးတွေ ရှိကြပါတယ်။ ဒီ မဟာ တွင်းနက်ကြီးတွေရဲ့ ဒြပ်ထု ပမာဏဟာ နေအစင်းပေါင်း သန်းနဲ့ချီပြီး ရှိကြပါတယ်။

နာဆာက ပညာရှင် တွေဟာ ဒီ ထူးဆန်းတဲ့ တွင်းနက်ကြီး တွေရဲ့ သဘော သဘာဝ ကို သိနိုင်ဖို့ အသေးစိတ် သုတေသနပြု လေ့လာ ခဲ့ကြပါတယ်။ 

နာဆာက ပညာရှင် တွေဟာ စကြာဝဠာ ထဲက တွင်းနက် ၂၂ ခု ရဲ့ ပုံကို ကွန်ပြူတာ အကူအညီနဲ့ ပုံဖော် ခဲ့ကြပါတယ်။ ရရှိ လာတဲ့ တွင်းနက် ၂၂ ခုရဲ့ ဗီဒီယိုကို Youtube ကနေ ထုတ်ပြန် လိုက်ပါတယ်။

နာဆာ အဖွဲ့ကြီးရဲ့ အဆိုအရ ဒီ ကွန်ပြူတာ အထူးပြုလုပ်ချက် ရရှိနိုင်ဖို့ တွင်းနက်တွေရဲ့ လှုပ်ရှားနှုန်းကို အဆ ၂၂,၀၀၀ ခန့် ပိုမြန်အောင် ပြုလုပ် ခဲ့ကြပါတယ်။ နောက်ပြီး ကမ္ဘာက လှမ်းကြည့်ရင် မြင်ရမယ့် ပုံသဏ္ဍာန် ဖြစ်အောင်လဲ ဖန်တီး ခဲ့ကြပါတယ်။

တွင်းနက်တွေဘယ်လိုဖြစ်လာသလဲ

တွင်းနက်တွေဟာ ကြယ်တွေ သေပြီး ဖြစ်လာတာ ဖြစ်ပါတယ်။ နေထက် အဆများစွာ ကြီးမားတဲ့ ကြယ်ကြီးတွေ လောင်ဆာ ကုန်ခမ်း သွားတဲ့ အခါ ဆူပါနိုဗာ ပေါက်ကွဲမှုကြီး ဖြစ်လာပါတယ်။ 

N 63A ဆူပါနိုဗာ ပုံကို Hubble တယ်လီစကုပ်ကြီးမှ ရိုက်ကူးထားပုံ
N 63A ဆူပါနိုဗာ ပုံကို Hubble တယ်လီစကုပ်ကြီးမှ ရိုက်ကူးထားပုံ

ဆက်စပ် ဆောင်းပါး – အာကာသတွင်းနက်ကြီး အစားခံလိုက်ရတဲ့ကြယ်

ဒီ ပေါက်ကွဲမှုမှာ ကြယ်ရဲ့ အပြင်လွှာက အာကာသ ထဲကို လွင့်စင် ထွက်သွားပါတယ်။ ကြယ်ရဲ့ အူတိုင်ကတော့ အချင်းချင်း ဆွဲငင်အားကြောင့် တဖြည်းဖြည်း သေးငယ် သွားပါတယ်။

ဒီလို အရွယ် သေးငယ် သွားပေမယ့် အူတိုင်ရဲ့ ဒြပ်ထု ပမာဏ ကတော့ ပြောင်းလဲခြင်း မရှိပါဘူး။ ဒီတော့ ဒီ သေးငယ်သွားတဲ့ အူတိုင်ရဲ့ ဒြပ်ထု သိပ်သည်းဆ က အရမ်း များလာပါတယ်။

ကြယ်ရဲ့ အူတိုင် အရမ်း သေးငယ် သွားတဲ့ အခါ ဒီ အူတိုင်ရဲ့ အနီးပါတ်ခြာလည်မှာ သက်ရောက်တဲ့ ဆွဲငင်အားကလဲ အဆမတန် ကြီးမား လာပါတယ်။ 

ဘယ်လောက်ထိ ဆွဲငင်အား ကြီးလဲဆို အူတိုင်ရဲ့ အနီးအနားက ကပ်ပြီး ဖြတ်သွားတဲ့ အရာဝတ္ထု တွေတင် မက အလင်းရောင် ကိုတောင် လွတ်ထွက် မသွားအောင် ဆွဲထားနိုင်စွမ်း ရှိပါတယ်။

ဒီလို အလင်းကိုတောင် မလွတ်အောင် ဆွဲထား နိုင်တာမို့ ဒီ တွင်းနက် တွေ ထဲကနေ ဘာ အလင်းမှ ထွက်မလာ ပါဘူး။ ဒါ့ကြောင့် တွင်းနက်တွေကို တိုက်ရိုက် မြင်နိုင်ဖို့ ဆိုတာလဲ မဖြစ်နိုင်ပါဘူး။

တွင်းနက်တွေကို တိုက်ရိုက် မမြင်နိုင် ပေမယ့် တွင်းနက်ရဲ့ အနီး အားက တွင်းနက်ထဲကို ဆွဲငင်ခံရတဲ့ ဓါတ်ငွေ့တွေ အပူချိန် မြင့်ပြီး အရောင် တောက်လာတာ ကို မြင်တွေ့ နိုင်ပါတယ်။ ဒါ့အပြင်တွင်းနက် တွေကနေ X-ray နဲ့ အခြား ရောင်ခြည်တွေ ကိုလဲ ထုတ်လွှတ် ပေးပါတယ်။ ဒီ ရောင်ခြည် တွေကို ရေဒီယို တယ်လီစကုပ် တွေကနေ ဖမ်းယူ နိုင်ပါတယ်။

အခု နာဆာက ထုတ်ပြန်တဲ့ တွင်းနက်တွေရဲ့ ဗီဒီယိုမှာ ဒီ တွင်းနက်တွေရဲ့ အရွယ်အစားကို ကျွန်တော်တို့ နေရဲ့ အရွယ်အစားနဲ့ နှိုင်ယှဉ် ပြထားပါတယ်။ ဒီနေရာမှာ တွင်းနက်ရဲ့ အရွယ်အစား ဆိုတာ ဗဟိုကနေ event horizon ခေါ်တဲ့ “ပြန်လမ်းမဲ့ နယ်ခြား” အထိ အကွာအဝေးကို ဆိုလိုတာ ဖြစ်ပါတယ်။

error: