Skip to content

Black hole ကို မျိုချလိုက်တဲ့ ကြယ်

  • Space
star-explosion

Black hole ခေါ် တွင်းနက် တခုက ကြယ်တစင်းကို မျိုချတယ် ဆိုတဲ့ ဖြစ်ရပ်ကို မကြာခန ကြားဖူး ကြမှာပါ။ ဒီလို ဖြစ်စဉ် မျိုးကိုလဲ​နက္ခတ် ပညာရှင် တွေ မကြာခန ရှာဖွေ တွေ့ရှိ နေကြပါတယ်။ ဒါပေမယ့် ကြယ်တစင်းက black hole တစ်လုံးကို မျိုချတယ် ဆိုတဲ့ ဖြစ်ရပ်မျိုး ကတော့ အလွန်ကို ရှားပါးတဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ 

ဒီလို ကြယ်တစင်းက black hole လို့ ယူဆရတဲ့ အရာဝတ္ထု တခုကို မျိုချလိုက်တဲ့ ဖြစ်ရပ်ကို နက္ခတ် ပညာရှင်များက ရှာဖွေတွေ့ရှိ ခဲ့ကြပါတယ်။ ဒီဖြစ်စဉ်မှာ ကြယ်က မျိုချလိုက်တဲ့ အရာ ဝတ္ထုဟာ black hole ဒါမှမဟုတ်လဲ​ အလွန် သိပ်သည်းတဲ့ နျူထရွန် ကြယ်လို အရာဝတ္ထုမျိုး ဖြစ်မယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်ကို ပထမဆုံး သတိပြုမိ ခဲ့တာကတော့ ၂၀၁၇ ခုနှစ်က အမေရိကန် ပြည်ထောင်စု နယူးမက္ကဆီကို သဲကန္တာရ ထဲက Very Large Array ရေဒီယို တယ်လီစကုပ် ကြီးကနေ ပထမဆုံး သတိပြုမိတာ ဖြစ်ပါတယ်။ ဒီ တယ်လီစကုပ် ကြီးဟာ ရေဒီယို တယ်လီစကုပ် အမျိုးအစား ဖြစ်ပြီး အာကာသ ထဲက လာတဲ့ ရေဒီယို လှိုင်းတွေ ဖမ်းယူဖို့ အလွန် ကြီးမားတဲ့ ရေဒီယို စလောင်းဖုံးပေါင်း ၂၇ ခု ပါဝင်ပါတယ်။ 

၂၀၁၇ ခု အတွင်းမှာ ဒီ ရေဒီယို တယ်လီစကုပ် ကြီးကနေ အလွန် တောက်ပတဲ့ ရေဒီယို ရောင်ခြည်လှိုင်းတွေ ဖမ်းယူ ရရှိ ခဲ့ပါတယ်။​ ဒီလှိုင်းတွေဟာ ဘာနဲ့ တူလဲ​ဆိုတော့ ကြယ်တစင်း ပေါက်ကွဲရင် ထွက်လာတဲ့ ရေဒီယို လှိုင်းတွေနဲ့ အလား တူပါတယ်။ တနည်းအားဖြင့် ဆူပါနိုဗာ တစင်းက ထွက်လာတဲ့ ရေဒီယို လှိုင်းတွေလို လှိုင်းမျိုးတွေကို ဖမ်းယူ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီ ရေဒီယို လှိုင်းတွေ ထွက်လာတဲ့ နေရာကတော့ ကမ္ဘာကနေ အလင်းနှစ် ၅၀၀ လောက် အကွာမှာ ရှိတဲ့ ကြယ်ပုလေးတွေ မွေးဖွားရာ ရပ်ဝန်းကနေပဲ ဖြစ်ပါတယ်။

ဒီ ဖြစ်စဉ်ကို ဆူပါနိုဗာ ကြယ်ပေါက်ကွဲမှု အဖြစ် သတ်မှတ်ပြီး နက္ခတ် ပညာရှင် တွေက ဆက်လက် လေ့လာ ခဲ့ကြပါတယ်။ ဒီအတွက် အခု ရေဒီယို တယ်လီစကုပ် ကြီး အပြင် ဟာဝိုင်ယီ ကျွန်းက W.M. Keck Observatory တယ်လီစကုပ် ကြီးကိုလဲ အသုံးပြု ခဲ့ကြပါတယ်။

ဒီ Keck တယ်လီစကုပ် ကြီးနဲ့ ကြည့်လိုက်တဲ့ အခါမှာ အခု ဆူပါနိုဗာကနေ အလွန် လင်းထိန်တဲ့ ဓါတ်ငွေ့တွေဟာ အရပ်မျက်နှာ အဖက်ဖက်ကို တစ်နာရီ ကီလိုမီတာ ၃.၂ သန်း အရှိန်နှုန်းနဲ့ လွင့်ထွက် လာနေတာကို တွေ့ရှိ ခဲ့ကြပါတယ်။ ဒီအချက်က ဘာကို ပြလဲဆိုတော့ အလွန် အင်အား ပြင်ထန်တဲ့ ပေါက်ကွဲမှုကြီး တခု ဒီကြယ်နေရာမှာ ဖြစ်ပေါ် ခဲ့တယ် ဆိုတာပဲ ဖြစ်ပါတယ်။

ဒီ ကြယ်နဲ့ ပတ်သက်ပြီး All Sky X-ray Image (MAXI) telescope ရေဒီယို တယ်လီစကုပ် ကြီးကနေ ယခင်က ဖမ်းယူ ရရှိ ထားခဲ့တဲ့ အချက်အလက်တွေကို ပြန်လည် တိုက်ဆိုင် စစ်ဆေး ကြည့်တဲ့ အခါမှာတော့ ဒီကြယ်ကနေပြီး ၂၀၁၄ ခုနှစ်တုန်းက အလွန် အားကောင်းတဲ့ X-Ray ရောင်ခြည် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တယ် ဆိုတာကို ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။

Black Hole တစ်ခုကို ရိုက်ထားတဲ့ ဓါတ်ပုံ
Black Hole တစ်ခုကို ရိုက်ထားတဲ့ ဓါတ်ပုံ (Credit: EHT Collaboration)

ဒီ အချက်တွေ အားလုံးကို ဆက်စပ်ကြည့်လိုက်တဲ့ အခါမှာ ဒီကြယ်မှာ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ ရုပ်လုံး ပေါ်လာ ပါတော့တယ်။

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း မျာစွာ အချိန်က ဒီ ကြယ် နေရာမှာ ကြယ်အမွှာပူး တစ်စုံ မွေးဖွား လာခဲ့ပါတယ်။ ဒီ ကြယ်အမွှာပူး ထဲက တစ်ခုဟာ သေဆုံး သွားခဲ့ပြီးတဲ့နောက် နျူထရွန်ကြယ် (သို့) black hole တွင်းနက် တစ်ခုအဖြစ် ကူးပြောင်း သွားခဲ့ ပါတယ်။ 

ဒီ ကြယ်နှစ်စင်းဟာ အချင်းချင်း ဆွဲငင်အားကြောင့် တဖြည်းဖြည်း နီးကပ် လာခဲ့ပါတယ်။ ဒီလို နီးကပ် လာခဲ့ရာမှာ ကြွင်းကျန် ရစ်ခဲ့တဲ့ ကြယ်ဟာ သေဆုံးသွား ခဲ့တဲ့ ကြယ်ကို ဝါးမျို ပစ်လိုက်ပါတယ်။

အဝါးမျို ခံလိုက်ရတဲ့ တွင်းနက် (သို့) နျူထရွန် ကြယ်ဟာ နှစ်ရာပေါင်း များစွာ ကြာအောင် သူ့ ညီအကို ကြယ်ရဲ့ အတွင်းထဲမှာ ဗဟို အူတိုင် ရောက်တဲ့ အထိ ပြုတ်ကျလို့ နေခဲ့ပါတယ်။ သူ့ကို ဝါးမျိုလိုက်တဲ့ ကြယ်ရဲ့ အူတိုင်ကို ရောက်တဲ့ အခါမှာတော့ အမျိုခံရတဲ့ ကြယ်သေဟာ သူ့ အဖေါ်ရဲ့ အူတိုင်ကို ဝါးမျို စားသောက် ပစ်လိုက် ပါတော့တယ်။

Black hole with warped accretion disk
Image Credit: John Paice

ဒီလို ဝါးမျိုလိုက်တဲ့ ဖြစ်စဉ်မှာ မြောက်များလှ စွာသော စွမ်းအင်တွေ ပေါက်ကွဲ ထွက်ပေါ် လာခဲ့ပါတယ်။ ဒီ ဖြစ်စဉ်က ထွက်လာတဲ့ X-ray ပေါက်ကွဲမှုကို ၂၀၁၄ ခုနှစ်က ဖမ်းယူ ရရှိ ခဲ့တာ ဖြစ်ပါတယ်။

ဒီ ဖြစ်စဉ်နဲ့ မရှေးမနှောင်းမှာပဲ အူတိုင် အမျိုခံလိုက်ရတဲ့ ကြယ်ဟာ ပြင်းထန်စွာ ပေါက်ကွဲ ထွက်သွား ခဲ့ပါတယ်။ ဒီ ပေါက်ကွဲ မှုကြောင့် ဓါတ်ငွေ့တွေ၊​ အပျက်အစီး အပိုင်းအစ တွေဟာ အာကာသ ဟင်းလလင်းပြင် ထဲကို အလွန်လျှင်မြန်တဲ့ အရှိန်နဲ့ လွင့်ထွက် သွားကြပါတယ်။

ဒီလို ကြယ်က တွင်းနက်ကို မျိုပြီး တွင်းနက်က ကြယ်ကို ပြန်မျိုလိုက်တဲ့ အပြန်အလှန် နှစ်ထပ်ကွမ်း ကြယ်မျိုမှု ဖြစ်စဉ်ကို ယခင် ကတဲက သိပ္ပံ ပညာရှင် တွေက ရှိလိမ့်မယ်လို့ ကြိုတင် ဟောကိန်း ထုတ်ထား ခဲ့ ကြပါတယ်။ ဒါပေမယ့် ဒီ ဟောကိန်းကို သက်သေပြ နိုင်ဖို့ အထောက်အထားတော့ ရှာဖွေ တွေ့ရှိ ခဲ့ရခြင်း မရှိခဲ့ ပါဘူး။ အခု ဖြစ်စဉ်ဟာ ဒီ ဟောကိန်းအတွက် ပထမဆုံး အထောက်အထား တစ်ခု ဖြစ်ပါတယ်။

အခု တွေ့ရှိချက်နဲ့ ပတ်သက်ပြီး ပရင်စတန် တက္ကသိုလ် Princeton University က နက္ခတ် ကပညာရှင် တစ်ဦး ဖြစ်တဲ့ အဒမ် ဘားရိုး (Adam Burrows) က အခု တွေ့ရှိချက်ဟာ Common Envelope Evolution လို့ ခေါ်တဲ့ ကြယ်ဆင့်ကဲ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အရေးပါတဲ့ တွေ့ရှိချက် ဖြစ်တယ်လို့ ထောက်ပြပါတယ်။ Common Envelope Evolution ဆိုတာက ကြယ်တစင်းက အခြား ကြယ်တစင်းရဲ့ အတွင်းထဲကို ဝင်သွားတဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ 

ဒီလို ဖြစ်စဉ်မျိုးဟာ အလွန်လျှင်မြန်လွန်းတာကြောင့် လက်တွေ့ ရှာဖွေတွေ့ရှိဖို့ ဆိုတာ အလွန်ပဲ ခက်ခဲမှာ ဖြစ်ပါတယ်။ အများအား ဖြင့်တော့ မျိုလိုက်တဲ့ ကြယ်ရဲ့ အူတိုင် ပြန်အမျို မခံရမီမှာ ဒီကြယ်ဟာ သေဆုံးသွားလေ့ ရှိတာကြောင့် တစ်ခုကို တစ်ခု လှည့်ပတ်နေတဲ့ ကြယ်ဖြူပု (သို့) နျူထရွန် ကြယ် (သို့) black hole စုံတွဲ အဖြစ်နဲ့ပဲ ကြွင်းကျန်ရစ် တတ်ကြပါတယ်။

နက္ခတ် ပညာရှင် တွေကတော့ အခု ဖြစ်စဉ် ကို လေ့လာမှုကြောင့် ဒီလို နောက်ထပ် ဖြစ်စဉ်တွေ ရှာဖွေရာမှာ အထောက်အကူ ဖြစ်မယ်လို့ ယုံကြည် ကြပါတယ်။

Ref: Astronomers may have seen a star gulp down a black hole and explode | Science News

error: