Skip to content

စက်တင်ဘာ ၂၆ မှာ ဥက္ကာပျံကို ဝင်ဆောင့်မယ့် နာဆာရဲ့ DART Mission

  • Space
dart-mission-nasa

နာဆာက ပြီးခဲ့တဲ့ နှစ်က လွှတ်တင်ခဲ့တဲ့ DART အာကာသ ယာဉ်ဟာ လာမယ့် စက်တင်ဘာ ၂၆ နေ့မှာ သူ့ရဲ့ ဦးတည်ရာ ပစ်မှတ် ဖြစ်တဲ့ ဂြိုဟ်သိမ် ကို ဝင်ဆောင့်တော့ မယ်လို့ သိရပါတယ်။

DART အာကာသယာဉ် ကို ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာလ ၂၄ ရက်နေ့က SpaceX Falcon 9 ဒုံးပျံကြီးနဲ့ အောင်မြင်စွာ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီ စီမံကိန်းကို Double Asteroid Redirection Test (DART) လို့ အမည်ပေးထားပါတယ်။ မြန်မာလို ပြန်ရင်တော့ ဂြိုလ်သိမ် နှစ်လုံးပူး လမ်းကြောင်းပြောင်း စမ်းသပ်မှု လို့ အဓိပ္ပါယ် ရပါတယ်။

ဥက္ကာပျံ ကာကွယ်ရေး DART ဂြိုလ်တုကို သရုပ်ဖော်ထားပုံ
ဥက္ကာပျံ ကာကွယ်ရေး DART ဂြိုလ်တုကို သရုပ်ဖော်ထားပုံ (Photo: NASA)

ဒီ စမ်းသပ်မှုဟာ နာဆာအဖွဲ့ရဲ့ ဥက္ကာပျံ ကာကွယ်ရေး စီမံကိန်းရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။ ဒီစမ်းသပ်မှုကို ရရှိတဲ့ အဖြေတွေကို အသုံးပြုပြီး နာဆာက ပညာရှင်တွေက ကမ္ဘာကို ဦးတည်လာနေတဲ့ ဥက္ကာပျံတွေကို ကမ္ဘာမရောက်မီ လမ်းကြောင်းပြောင်းအောင် ဘယ်လိုလုပ်ရ မလဲဆိုတာကို အဖြေရှာကြမှာ ဖြစ်ပါတယ်။

(နာဆာ ရဲ့ Live video streaming link ကို ပို့စ် အောက်ဆုံးမှာ ထည့်ပေး ထားပါတယ်။)

ဒီ DART စီမံကိန်းဟာ ကမ္ဘာ့ သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် ဥက္ကာပျံ တစ်စင်းကို အာကာသယာဉ်နဲ့ ဝင်ဆောင့်ပြီး လမ်းကြောင်း လွှဲပစ်လို့ ရနိုင်တယ် ဆိုတာကို လက်တွေ့ စမ်းသပ်မှာ ဖြစ်ပါတယ်။ ဒီ ဝင်တိုက်တာကိုတော့ လာမယ့် ၂၀၂၂ စက်တင်ဘာလ ၂၆ ရက် ပြုလုပ်မှာ ဖြစ်ပါတယ်။ 

တိုက်မယ့် အချိန်ကတော့  GMT 23:14 အချိန် ဖြစ်ပါတယ်။ မြန်မာ စံတော်ချိန် နဲ့ဆို စက်တင်ဘာ ၂၇ ရက်နေ့ နံနက် 5:44 အချိန် ဖြစ်ပါတယ်။

အခု DART စမ်းသပ်မှုက ဥက္ကာပျံ ကာကွယ်ရေးရဲ့ လက်နက်တစ်ခုဖြစ်တဲ့ Kinetic Impactor နည်းပညာကို စမ်းသပ်မှာ ဖြစ်ပါတယ်။ Kinetic Impactor ဆိုတာက ဒြပ်ထုတစ်ခု (အလေးချိန်ရှိတဲ့ အရာဝတ္ထု တစ်ခု) ကို အလွန်လျှင်မြန်တဲ့ အရှိန်နဲ့ ပျံသန်းစေပြီး ဝင်ဆောင့်ဖျက်စီးတဲ့ နည်းလမ်း ဖြစ်ပါတယ်။ သေနတ် ကျည်ဆန်ရဲ့ သဘောပါပဲ။ 

အခုနည်းလမ်းမှာတော့ ဥက္ကာပျံတွေကို ဝင်ဆောင့်ဖို့ အာကာသယာဉ်တွေကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဥက္ကာပျံ ကြီးတွေကို ဝင်ဆောင့်တဲ့အခါ ဥက္ကာပျံ ပျက်စီးသွားအောင် လုပ်နိုင်မှာ မဟုတ်ပေမယ့် လမ်းလွဲသွားအောင်တော့ လုပ်နိုင်မှာ ဖြစ်ပါတယ်။

အခုစမ်းသပ်မှုမှာ ဝင်ဆောင့်ဖို့ ရွေးချယ်ထားတဲ့ ဥက္ကာပျံတွေကတော့ Didymos လို့ ခေါ်တဲ့ ဥက္ကာပျံ နှစ်ခုတွဲပဲ ဖြစ်ပါတယ်။ ဒီဥက္ကာပျံ အပူးမှာ အကြီးက ပေ ၂,၆၀၀ အရွယ်ရှိပြီး အသေးကတော့ ပေ ၅၂၅ ပေ အရွယ်ရှိပါတယ်။

ဥက္ကာပျံ ကို ဝင်တိုက်ပြီး စမ်းသပ်မယ့် ပုံစံကို သရုပ်ပြထားပုံ
ဥက္ကာပျံ ကို ဝင်တိုက်ပြီး စမ်းသပ်မယ့် ပုံစံကို သရုပ်ပြထားပုံ (Photo: NASA)

ဒီ စီမံကိန်းမှာ နာဆာက ဒီ ဥက္ကာပျံ နှစ်ခုအနက်က ဥက္ကာပျံ အသေးကို ဝင်ဆောင့်စမ်းသပ်မှာ ဖြစ်ပါတယ်။ ဒီလို ဝင်ဆောင့်တဲ့အတွက် ဥက္ကာပျံရဲ့ ပျံသန်းနှုန်း နှေးသွားမယ်လို့ ယူဆကြပါတယ်။ ဒီလို ဝင်ဆောင့်လိုက်တဲ့အတွက် ဖြစ်လာမယ့် သက်ရောက်မှုတွေကို ကမ္ဘာပေါ်က နက္ခတ်ကြည့် မှန်ပြောင်းကြီးတွေက ကြည့်ရှုပြီး အသေးစိတ် မှတ်တမ်းတင် ထားမှာ ဖြစ်ပါတယ်။

“ဒီစမ်းသပ်မှုက ဒီလို ဝင်ဆောင့်တဲ့ Kinetic Impactor နည်းစနစ်ဟာ ဥက္ကာပျံတွေကို လမ်းလွှဲဖို့ သင့်တော်တဲ့ နည်းစနစ် တစ်ခု ဟုတ်မဟုတ် အတည်ပြုပေးမှာ ဖြစ်ပါတယ်။ အနည်းဆုံး ဥက္ကာပျံ အငယ်စား လေးတွေကို ဒီနည်းနဲ့ လမ်းလွှဲလို့ ရနိုင် မရနိုင်တော့ သိလာမှာ ဖြစ်ပါတယ်” လို့ နာဆာအဖွဲ့ကြီးက ကမ္ဘာဂြိုလ် ကာကွယ်ရေး အရာရှိ (NASA’s Planetary Defense Officer) လင်ဒလေ ဂျွန်ဆန် (Lindley Johnson) ကပြောပါတယ်။

ဒီ DART အာကာသယာဉ်ကို ကာလီဖိုးနီးယားမှာ ရှိတဲ့ ဗင်ဒင်ဘာခ် လေတပ်စခန်း (Vandenberg Air Force Base) ကနေ SpaceX Falcon 9 ဒုံးပျံနဲ့ လွှတ်တင် ခဲ့တာပါ။ အခု ဆိုရင် DART  ယာဉ်ဟာ ခရီးမိုင် ၆.၈ သန်းကျော် ခရီး နှင့်ခဲ့ပြီး ဖြစ်ပါတယ်။

ဥက္ကာပျံ ကာကွယ်ရေး DART ဂြိုလ်တု
ဥက္ကာပျံ ကာကွယ်ရေး DART ဂြိုလ်တု (Photo: NASA)

DART အာကာသယာဉ်ဟာ ဒီ ဥက္ကာပျံရဲ့ မျက်နှာပြင်ပေါ်ကို တစ်နာရီ ကီလိုမီတာ ၁၅,၀၀၀ လောက်နှုန်းနဲ့ ဝင်ဆောင့်လိုက်မှာ ဖြစ်ပါတယ်။ ဒီလို ဆောင့်လိုက်တဲ့ အရှိန်ကြောင့် အာကာသယာဉ်ကတော့ လုံးဝ ပျက်စီးသွားမှာပါ။ 

ဒီလို ဝင်ဆောင့်လိုက်တဲ့ အဟုန်ကြောင့် ဖြစ်လာတဲ့ စွမ်းအင်ကြောင့် ဒီ ဥက္ကာခဲရဲ့ သွားနေတဲ့ အမြန်နှန်းဟာ ၁ ရာခိုင်နှုန်းရဲ့ အစိတ်အပိုင်းလေးလောက် နှေးသွားမှာ ဖြစ်ပါတယ်။ (နှေးသွားမယ့် အရှိန်က ၁ ရာခိုင်နှုန်းတောင် မရှိပါဘူး။)

ဒီလောက်လေး နှေးသွားတာက ဘာမှ မဟုတ်ဘူးလို့ ထင်စရာ ရှိပေမယ့် သိပ္ပံပညာရှင်တွေရဲ့ တွက်ချက်မှု အရ ဒီလို ဝင်တိုက်လိုက်တာကြောင့် ဒီဥက္ကာခဲရဲ့ အရှိန်ဟာ မိနစ် အနည်းငယ် လောက် နှေးသွားမယ်လို့ ဆိုပါတယ်။ ဒီအချိန်မှာ ကမ္ဘာပေါ်က နက္ခတ်ကြည့် မှန်ပြောင်းတွေနဲ့ ဒီဖြစ်စဉ်ကို အသေးစိတ် မှတ်တမ်တင် ထားမှာဖြစ်ပါတယ်။

Schematic-of-the-Double-Asteroid-Redirection-Test-The-DART-mission

ဒီအချိန်မှာပဲ အီတလီ အာကာသ အေဂျင်ဆီကနေ လွှတ်တင်တဲ့ LICIACube အာကာသယာဉ်ဟာ အနီးကနေ ကပ်ပျံပြီးတော့လဲ ဖြစ်စဉ်ကို အနီးကပ် မှတ်တမ်းတင်ထားမယ်လို့ ဆိုပါတယ်။

လက်ရှိ အချိန်မှာတော့ နာဆာ အဖွဲ့ကြီးဟာ ကမ္ဘာနားက ကပ်ပျံနေတဲ့ ဂြိုလ်သိမ်တွေနဲ့ ဥက္ကာပျံတွေကို အသေးစိတ် လေ့လာပြီး စောင့်ကြည့်မှတ်တမ်း ယူနေပါတယ်။ အခုထိတော့ ကမ္ဘာနားကို ကပ်လာတဲ့ အချင်း ပေ ၄၆၀ ထက်ကြီးတဲ့ ဥက္ကာတုံးပေါင်း ၈,၀၀၀ ကျော်ကို စောင့်ကြည့် မှတ်တမ်းတင်နိုင် ခဲ့ပါပြီ။ 

ဒီအရွယ် ဥက္ကာတုံးတွေဟာ ကမ္ဘာပေါ်ကို ဝင်ဆောင့်ခဲ့ရင် နိုင်ငံတစ်ခုစာလောက် လုံးဝ ပျောက်ဆုံးသွားနိုင်လောက်တဲ့အထိ အားကောင်းတဲ့ အရွယ်အစားရှိတဲ့ ဥက္ကာပျံတွေ ဖြစ်ကြပါတယ်။ အခုထက်ထိတော့ ဒီ ၈,၀၀၀ ထဲက တခုမှ ကမ္ဘာကို ဝင်ဆောင့်နိုင်လောက်တဲ့ အန္တရာယ် မရှိဘူးလို့ ဆိုပါတယ်။

Live Streaming Link

အောက်ကလင့်ကတော့ နာဆာက Live လွှင့်မယ့် YouTube လင့် ဖြစ်ပါတယ်။ ဒီ Live stream ကို မြန်မာ စံတော်ချိန် နဲ့ဆို မနက်ဖြန် မနက် စက်တင်ဘာ ၂၇ ရက်နေ့ မနက် ၄ နာရီ ခွဲမှာ စပြီး live လွှင့်မှာ ဖြစ်ပါတယ်။

Ref:
NASA’s asteroid-deflecting test mission is just 1 month away from impact | Space

ဥက္ကာပျံကို ဝင်တိုက်ပြီး လမ်းကြောင်းပြောင်းမယ့် DART အာကာသယာဉ်လွှတ်တင် | Myanmar Scientist

error: