Skip to content

ဗီးနပ်စ်ဂြိုဟ်မှာ သက်ရှိ ရှာကြမယ်

  • Space
venus-life-finding-mission

ဗီးနပ်စ် ခေါ် သောကြာဂြိုဟ် ပေါ်မှာ သက်ရှိ ရှိမရှိ ဆိုတဲ့ အချက်ဟာ ယခုလက်ရှိ ပညာရှင် တွေအကြာာ ဆွေးနွေး ငြင်းခုံ နေကြတဲ့ hot topic တစ်ခု ဖြစ်လို့ နေပါတယ်။ 

ဗီးနပ်စ်ဂြိုဟ် ပေါ်မှာ သက်ရှိ ရှိမရှိ အထောက်အထား တွေနဲ့ ပါတ်သက်လို့ကလဲ ဝိဝါဒ ကွဲပြားမှု အများအပြား ရှိနေပါတယ်။ ပြီးတော့ ရရှိတဲ့ အထောက်အထားတွေ မှန်ကန်မှု ရှိမရှိ ဆိုတာကလဲ ငြင်ခုန်နေ ကြဆဲ ဖြစ်ပါတယ်။ ဒီအထဲမှာ သက်ရှိတွေကို ညွှန်ပြတဲ့ biomarker တစ်ခု ဖြစ်တဲ့ ဖော့စ်စဖင်း (phosphine) ကို ရှာဖွေ တွေ့ရှိမှုလဲ ပါဝင်ပါတယ်။

ဒီ ဝိဝါဒ ကွဲပြားမှုတွေ၊ ငြင်းခုန်မှု တွေကို အဖြေရှာ ပေးနိုင်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ ဗီးနပ်စ် ဂြိုဟ် ပေါ်ကနေ နမူနာ ယူနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီလို နမူနာ ယူဖို့အတွက် ပညာရှင် အသိုင်းအဝိုင်းကနေပြီး ကြိုးပမ်းနေ ကြပါတယ်။

ဗီးနပ်စ်ဂြိုဟ် သက်ရှိ ရှာဖွေရေး မစ်ရှင် (Venus Life Finder (VLF)  mission) ကို မနှစ်က ၂၀၂၁ မှာ ကြေငြာ ခဲ့ပါတယ်။ ဒီ မစ်ရှင်ရဲ့ အဓိက ရည်ရွယ်ချက် ကတော့ ဗီးနပ်စ်ဂြိုဟ်ပေါ်က တိမ်တိုက်တွေ ထဲမှာ သက်ရှိ ရှာဖွေရေး အတွက် အဓိက လိုအပ်တဲ့ သိပ္ပံ နည်းပညာ တွေကို အခြေပြု ဖို့ပဲ ဖြစ်ပါတယ်။ 

ဒီ မစ်ရှင်မှာ ပါဝင်တဲ့ သိပ္ပံ ပညာရှင် တွေဟာ ဗီးနပ်စ်ရဲ့ တိမ်တိုက်ထဲမှာ သက်ရှိရှာဖို့ ပထမဆုံး အကြံရခဲ့ ကြသူတွေတော့ မဟုတ်ပါဘူး။ ဒီ အိုင်ဒီယာကို ပထမဆုံး အကြံပြုခဲ့ ကြသူ တွေကတော့ နာမည်ကျော် သိပ္ပံ ပညာရှင်တွေ ဖြစ်ကြတဲ့ ကားလ်ဆေဂန် (Carl Sagan) နဲ့ ဟာရိုးလ် မိုရိုဝစ်ဇ် (Harold Morowitz) တို့ပဲ ဖြစ်ကြပါတယ်။ သူတို့က ၁၉၆၇ ခုနှစ် ကတဲက စတင် အကြံပြု ခဲ့ကြတာ ဖြစ်ပါတယ်။

venus-life-finding-mission
သောကြာဂြိုဟ်ပေါ် လွှတ်မယ့် မိုးပျံပူပေါင်း စီမံကိန်း သရုပ်ပြပုံစံ (Credit: Seager et al.)

အဲ့သည် နောက်မှာတော့ ဗီးနပ်စ်ဂြိုဟ်ကို ကမ္ဘာကနေ စူးစမ်း လေ့လာရေး ယာဉ်တွေ စေလွှတ် ခဲ့ပါတယ်။ ဒီယာဉ်တွေဟာ ဗီးနပ်စ်ရဲ့ လေထုကို ဖုံးလွှမ်းထားတဲ့ တိမ်တိုက် တွေထဲအထိ ဝင်ရောက် လေ့လာခဲ့ ကြတာ ဖြစ်ပါတယ်။ 

ဒီယာဉ်တွေ ကနေ ရှာဖွေမှု အရ ထူးဆန်းတဲ့ ဓါတု ပစ္စည်းတွေ ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီ တွေ့ရှိမှု တွေကို ဆက်လက် စုံစမ်း နိုင်ဖို့ နောက်ဆက်တွဲ စူးစမ်းရေး ယာဉ်တွေကိုတော့ ၁၉၈၀ ခုနှစ်တွေ နောက်ပိုင်းမှာ ဆက်လက် ပို့လွှတ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ 

ဒီ့နောက်ပိုင်း မှာတော့ အာကာသ စူးစမ်း လေ့လာရေး သုတေသန နည်းပညာ တွေဟာ လျှင်မြန်စွာပဲ တိုးတက် ပြောင်းလဲလို့ လာခဲ့ပါတယ်။ နောက်ပြီး အာကာသ ဇီဝဗေဒ ဘာသာရပ် (Astrobiology) ဟာလဲ အများကြီး တိုးတက် လာခဲ့ပါတယ်။​ ဒီတော့ အခုအချိန်ဟာ ဗီးနပ်စ်ကို စူးစမ်းရေးယာဉ် ပြန်လည် စေလွှတ်ပြီး သက်ရှိတွေ ရှာဖွေ ဖို့ အချိန်ကောင်း ဖြစ်တယ်လို့ အချို့ သိပ္ပံ ပညာရှင် တွေက ယူဆကြပါတယ်။

ဒါပေမယ့် ဗီးနပ်စ်ပေါ်ကို စူးစမ်းရေးယာဉ် ပြန်လည် စေလွှတ်ဖို့ နာဆာ အပါအဝင် အစိုးရ အာကာသ အေဂျင်စီ တွေက စိတ်ဝင်စားမှု သိပ်မပြ ကြပါဘူး။ ဒါ့ကြောင့် ကမ္ဘာတဝန်းက စိတ်ဝင်စားတဲ့ သိပ္ပံ ပညာရှင်တွေ စုပေါင်းပြီး Venus Life Finder (VLF)  mission ကို ဖွဲ့စည်းခဲ့ ကြတာ ဖြစ်ပါတယ်။

venus-life-finding-mission-2
သောကြာဂြိုဟ်ပေါ် လွှတ်မယ့် မိုးပျံပူပေါင်း စီမံကိန်း သရုပ်ပြပုံစံ (Credit: Seager et al.)

ဗီးနပ်စ်ဂြိုဟ် သက်ရှိ ရှာဖွေရေး မစ်ရှင် လို့ အဓိပ္ပါယ် ရတဲ့ ဒီ VLF မစ်ရှင်ဟာ ဗီးနပ်စ်ဂြိုဟ် လေ့လာရေး အတွက် ပဏာမ အဆင့် အနေနဲ့ စူးစမ်းရေး ယာဉ်ငယ်လေး တစ်စင်းကို လာမယ့် ၂၀၂၃ ထဲမှာ စေလွှတ်မှာ ဖြစ်ပါတယ်။ ဒီ အတွက် လိုအပ်တဲ့ ဒုံးယာဉ်ကို ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Rocketlab က တာဝန်ယူမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီ စူးစမ်းရေး ယာဉ်ငယ်ဟာ ဗီးနပ်စ်ရဲ့ လေထု အပေါ်ယံ လွှာထဲ ထိပဲ ဝင်ရောက်နိုင်မှာ ဖြစ်ပြီး ဒီ အလွှာထဲမှာ သက်တမ်း ၃ မိနစ် လောက်ပဲ ခံမှာ ဖြစ်ပါတယ်။ ဒီ့နောက်မှာတော့ ယာဉ်ဟာ ပျက်စီးသွားမှာ ဖြစ်ပါတယ်။ 

ဒီလို အချက်အလက် ကောက်ယူဖို့ အချိန် ၃ မိနစ်ပဲ အချိန်ရမှာ ဖြစ်ပေမယ့် ဒီ အချိန်ကာလဟာ အလွန် တန်ဖိုးရှိတဲ့ ၃ မိနစ် ဖြစ်တယ်လို့ ပညာရှင် တွေက ဆိုပါတယ်။

ဒီ ပထမဆုံး မစ်ရှင်မှာ အဓိက သယ်ဆောင်သွားမယ့် ဓါတ်ခွဲခန်း ကိရိယာ ကတော့ Autoflourescing Nephelometer (AFN) စက်ပဲ ဖြစ်ပါတယ်။ ဒီစက်ဟာ သက်ရှိ ဒြပ်ပေါင်း မော်လီကျုး တွေကို အရောင် တောက်ပစွာ မြင်တွေ့နိုင်အောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

အရင် မစ်ရှင်တွေ တုန်းကလဲ ထူးထူးဆန်းဆန်း မော်လီကျူးတွေ ရှာဖွေ တွေ့ရှိခဲ့ ဖူးပါတယ်။ ဒီ မော်လီကျူး တွေဟာ ဗီးနပ်စ်ရဲ့ လေထုထဲက သာမန် ဆာလ်ဖြူရစ် အက်ဆစ် (sulfuric acid) အရည်က ပြုလုပ်ပေးနိုင်စွမ်း မရှိတဲ့ မော်လီကျူး အမျိုးအစားတွေ ဖြစ်ကြပါတယ်။ (ဗီးနပ်စ်ရဲ့ တိမ်တိုက်ထဲမှာ ဆာလ်ဖြူရစ် အက်ဆစ် အမြောက်အများ ရှိမယ်လို့ ပညာရှင် တွေက ယုံကြည် ကြပါတယ်။)

venus-life-finding-mission-3
သောကြာဂြိုဟ်မှ လေထုနမူနာ ပြန်ယူမည့် စီမံကိန်း (Credit: Seager et al.)

Mode 3 particles တွေလို့ အမည်ပေး ထားတဲ့ ဒီ မော်လီကျူး တွေဟာ ထူးထူးဆန်းဆန်း ပုံစံ ရှိကြပြီး ကမ္ဘာပေါ်မှာ မမြင်ဘူးတဲ့ မော်လီကျူးတွေ ဖြစ်ကြပါတယ်။ ဒီ မော်လီကျူး တွေကို ရှာဖွေ လေ့လာ ချင်တာဟာ ဒီ မစ်ရှင်ရဲ့ အဓိက တွန်းအားတစ်ခု ဖြစ်ပါတယ်။

အခု လွှတ်တင်မယ့် စူစမ်းရေးယာဉ်မှာ သယ်ဆောင်သွားမယ့် Autoflourescing Nephelometer (AFN) စက်ဟာ ယခုလက်ရှိ ကမ္ဘာပေါ်မှာ လက်တွေ့ အသုံးပြုနေကြပြီ ဖြစ်တဲ့ စက်ပဲ ဖြစ်ပါတယ်။ ဒီစက်ကနေ တိုင်းထွာ ရရှိတဲ့ အချက်တွေဟာ ဒီမစ်ရှင်ပြီးနောက် ဒုတိယ မစ်ရှင် ဖြစ်တဲ့ ဗီးနပ်စ်ဂြိုဟ်ပေါ် မိုးပျံပူပေါင်း လွှတ်တင်မယ့် စီမံကိန်း အတွက် လိုအပ်မယ့် အချက်အလက် တွေကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

ဗီးနပ်စ်ပေါ်မှာ မိုးပျံပူဖေါင်း လွှတ်ဖို့ အကြံအစည်ကို အခုမှ ကြံစည် စဉ်းစားခဲ့တာ မဟုတ်ပါဘူး။ ဟိုးအရင် ကတဲက သိပ္ပံ စိတ်ကူးယဉ် စာရေးဆရာ တွေက မိုးပျံပူပေါင်းတွေ တွဲလောင်းချိတ် ထားတဲ့ လူနေမြို့ကြီးတွေကို ဗီးနပ်စ်ရဲ့ တိမ်တိုက်တွေ ထဲမှာ တည်ဆောက်ဖို့ စိတ်ကူးယဉ် ခဲ့ကြဖူးပါတယ်။

ဒုတိယ မစ်ရှင်မှာ မိုးပျံပူဖေါင်း လွှင့်တင်တာ တခုတည်းတော့ မကပါဘူး။ ဒီ ပူဖေါင်းကြီး ဗီးနပ်စ်ရဲ့ တိမ်တိုက်တွေထဲ ပျံသန်း လွင့်မြောနေရင်း ထောက်လှမ်းရေး အာရုံခံ ကိရိယာ အများအပြားကို အောက်ခြေလေထုလွှာ ထဲကို ပစ်ချမှာ ဖြစ်ပါတယ်။ ဒီနည်းအားဖြင့် လေထု အောက်ပိုင်းလွှာ တွေထဲက ဓါတု ဖွဲ့စည်းပုံ တွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ဒီ မိုးပျံပူဖေါင်း ပေါ်မှာတော့ ဓါတ်ငွေ့တွေကို ဖမ်းယူပြီး ဓါတ်ခွဲဖို့ spectrometer နဲ့ သတ္တုတွေ ရှာဖွေ ထောက်လှမ်းမယ့် ကိရိယာ တွေကို တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလွန် အားကောင်းတဲ့ pH တိုင်းစက် (အက်ဆစ် ပြင်းအား တိုင်းစက်) ကိုလဲ သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒီ နည်းပညာတွေ အားလုံးဟာ လက်ရှိ ကမ္ဘာပေါ်မှာ အသုံးပြု နေပြီးသား နည်းပညာ ဖြစ်ပါတယ်။ ဒါပေမယ့် အချို့ စက်ကိရိယာ တွေကိုတော့ အသစ် တီထွင် ဖန်တီးဖို့ လိုအပ်မယ်လို့ သိရပါတယ်။

ဒီ VLF missions ရဲ့ နောက်ဆုံး သုတေသန ခရီးကတော့ ရှေ့ မိုးပျံပူဖေါင်းက ကောက်ယူ စုဆောင်းထားခဲ့တဲ့ နမူနာ တွေကို အသေးစိတ် ဓါတ်ခွဲ စမ်းသပ်နိုင်ဖို့ ကမ္ဘာပေါ်ကို ပြန်လည် သယ်ဆောင်မယ့် ခရီးစဉ်ပဲ ဖြစ်ပါတယ်။ 

ဗီးနပ်စ်ရဲ့ လေထုကို ဖမ်းပြီး ကမ္ဘာကို မပျက်မစီး ပြန်သယ်လာ ဖို့ဆိုတာ မလွယ်ပါဘူး။ ယခု လက်ရှိ နည်းပညာ တွေမှာ အားနည်းချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဒီလို ဗီးနပ်စ်ရဲ့ လေထုကို ကမ္ဘာပေါ်ကို အောင်အောင်မြင်မြင် ပြန်သယ်ဆောင် လာဖို့ လိုအပ်တဲ့ သုတေသန တွေကိုလဲ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အကယ်လို့ ရည်မှန်းထားတဲ့ အတိုင်းတာ ဗီးနပ်စ် စူးစမ်းရေးယာဉ်ကို နောက်နှစ်မှာ အောင်အောင်မြင်မြင် လွှတ်တင်နိုင် ခဲ့မယ်ဆို သိပ္ပံ ဆိုင်ရာ တန်ဖိုး မဖြတ်နိုင်တဲ့ ရှာဖွေ တွေ့ရှိမှုတွေက စောင့်မျှော်နေလိမ့်မယ်လို့ သိပ္ပံ ပညာရှင် တွေက မျှော်လင့် ထားကြပါတယ်။

Ref: What Would it Take to Find Life on Venus? | Universe Today

error: