Skip to content

ကြယ်ကြွေတယ် ဆိုတာဘာလဲ

  • Space
whai-are-shooting-stars

ကြယ်ကြွေတယ် ဆိုတာဘာလဲ။ တကယ်ပဲ ကောင်းကင်မှာ ရှိနေတဲ့ ကြယ်ကြီးက ရုတ်တရက် ပြုတ်ထွက်ပြီး ကြွေကျ လာတာလား။ ဒါမှမဟုတ် အခြား အကြောင်းတခုခု ကြောင့်လား။

ကြယ်ကြွေတယ် ဆိုတာ တကယ်ကတော့ ကောင်းကင်က ကြယ်ကြီး ပြုတ်ကျလာတာ မဟုတ်ပါဘူး။ ကောင်းကင်မှာ မြင်ရတဲ့ ကြယ်တွေ ဆိုတာက အလင်းနှစ်ပေါင်း များစွာ ကွာဝေးတဲ့ အရပ်က နေလုံးကြီးတွေပါ။ ဒီ ကြယ်တွေဟာ ဘယ်လိုနည်းနဲ့မှ ကမ္ဘာပေါ်ကို ပြုတ်ကျ မလာနိုင်ပါဘူး။

ဒါဆို ကြယ်ကြွေတာ ကြယ်တွေ ပြုတ်ကျလာတာ မဟုတ်ရင် ဘာတွေ ပြုတ်ကျ လာတာလဲ။

ကြယ်ကြွေတာကို အင်္ဂလိပ် လိုတော့ shooting stars လို့ ခေါ်ပါတယ်။ ပညာရပ် စကားနဲ့ ဆိုရင်တော့ meteor လို့ ခေါ်ပါတယ်။

ဒီ meteor ဆိုတာ တကယ်ကတော့ ဥက္ကာခဲ တွေပါ။ တနည်းအားဖြင့် အာကာသ ထဲက ကျောက်တုံး ကျောက်ခဲ လေးတွေ ဖြစ်ပါတယ်။ ဒီ ကျောက်တုံး လေးတွေဟာ ကမ္ဘာ့ လေထုထဲကို ဝင်လာတဲ့ အခါမှာ အလွန် လျှင်မြန်တဲ့ အလျင်နဲ့ ဝင်ရောက် လာကြပါတယ်။ ဒီအခါ ဒီ ကျောက်တုံး လေးတွေ လေထုနဲ့ ပွတ်တိုက်မိပြီး ပူလာကြပါတယ်။ ဒီ အပူကြောင့် ဥက္ကာခဲတွေ မီးလောင်ကြွမ်း တာကို မြေပြင်ကနေ ကြည့်ရင် အဖြူရောင် အလင်းတန်းလေး လှစ်ကနဲ ဖြတ်သွားတာကို လှမ်းမြင်ရမှာ ဖြစ်ပါတယ်။ ဒါကိုပဲ ကြယ်ကြွေတယ်လို့ ခေါ်တာ ဖြစ်ပါတယ်။

တနှစ်ကို ဥက္ကာခဲ ဘယ်နှစ်လုံးလောက် ကမ္ဘာပေါ် ကျလာသလဲ

သိပ္ပံ ပညာရှင် တွေရဲ့ ခန့်မှန်းချက် အရ နှစ်စဉ် ကမ္ဘာပေါ်ကို ဥက္ကာခဲ တန်ချိန် ၄၈.၅ တန်လောက် ကျရောက်တယ်လို့ ဆိုပါတယ်။ ကံကောင်းတာ ကတော့ ဒီလို ကမ္ဘာ့လေထုထဲ ဝင်ရောက်လာ ကြတဲ့ ဥက္ကာခဲ အားလုံး နီးပါးဟာ ကမ္ဘာ့ လေထုထဲမှာပဲ လောင်ကြွမ်း ပျက်စီး သွားကြတာပဲ ဖြစ်ပါတယ်။ 

ကြည်လင်တဲ့ ကောင်းကင်ကို ညလုံးပေါက် စောင့်ကြည့်နိုင်မယ် ဆိုရင်တော့ ကြယ်ကြွေတာကို ညစဉ် အများအပြား မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို ကြယ်ကြွေတာ အများစုဟာ အလွန် လျှင်မြန်ပြီး ဘယ်နေရာက ဝင်လာမလဲ ဆိုတာလဲ ကြိုမသိ နိုင်တဲ့အတွက် အားလုံးကို သတိပြုမိဖို့ ဆိုတာကတော့ မလွယ်လှပါဘူး။

ကြယ်မိုးရွာခြင်း

အချို့ ညတွေမှာတော့ ကြယ်ကြွေတဲ့ အရေအတွက်ဟာ ပုံမှန်ထက် သိသိသာသာ ပိုများလာလေ့ ရှိပါတယ်။ ဒီလို အခါမျိုးကိုတော့ ကျွန်တော်တို့က ကြယ်မိုးရွာခြင်း (meteor shower)  လို့ ခေါ်ကြပါတယ်။

perseid-meteor-shower
Perseid meteor shower (Image Credit: NASA/Bill Ingalls)

ဒီလို ကြယ်မိုးရွာတာမှာ အထင်ရှားဆုံး meteor shower ကတော့ Perseids meteor shower ပဲ ဖြစ်ပါတယ်။ ဒီ ကြယ်မိုးကို နှစ်စဉ် ဩဂုတ်လတိုင်း မြင်တွေ့ နိုင်ပါတယ်။ ဒီ Perseids meteor shower ဟာ Swift-Tuttle ကြယ်တံခွန် ကနေ ကြွင်းကျန်ရစ်ခဲ့တဲ့ အပိုင်းအစတွေ ဖြစ်ပါတယ်။ ဒီ အပိုင်းအစ တွေ ကြားထဲကို ကမ္ဘာက နှစ်စဉ် ဖြတ်သန်း သွားတဲ့ အချိန်မှာ ဒီ အပိုင်းအစ လေးတွေ ကမ္ဘာ့လေထုထဲ ဝင်ရောက်လာပြီး ကြယ်မိုး အနေနဲ့ မြင်ကြရတာပဲ ဖြစ်ပါတယ်။

ဥက္ကာခဲ လူကို လာမှန်နိုင်သလား

ကမ္ဘာ့လေထုထဲ ဝင်ရောက်လာတဲ့ ဥက္ကာခဲ အားလုံး နီးပါးဟာ သဲမှုန် အရွယ်ကနေ ပဲစေ့ အရွယ်လောက် ထိပဲ ရှိကြပါတယ်။ ဒီအရွယ် ဥက္ကာခဲ တွေဟာ ကမ္ဘာ့ လေထုထဲ မှာပဲ မီးလောင် ပျက်စီး သွားကြတာမို့ မြေပြင်ကို ရောက်ရှိလာကြခြင်း မရှိ ကြပါဘူး။

Ann-Hodges

နှစ်စဉ် ဥက္ကာခဲ အနည်းအကျဉ်း ကတော့ ကမ္ဘာမြေကို ကျရောက် လာကြပါတယ်။ ဒါပေမယ့် ဒီ ဥက္ကာခဲ အများစု ကလဲ ပင်လယ် ထဲ ကို ကျရောက်ပြီး ကုန်းမြေပေါ် ကျရောက်တဲ့ ဥက္ကာခဲတွေ ကလဲ လူသူ မနီးတဲ့ တောတောင်တွေ၊ ကန္တာရ တွေထဲ ကျရောက်ကြတာ များပါတယ်။ ဒါ့ကြောင့် လူကို ဥက္ကာခဲ ထိမှန်ဖို့ ဆိုတာ အလွန်ကို ခဲယဉ်းတဲ့ ကိစ္စ တစ်ခု ဖြစ်ပါတယ်။

Ann-Hodges

ဒီလို ဆိုတော့ လုံးဝ မထိမှန် ဖူးတာတော့ မဟုတ်ပါဘူး။ ၁၉၅၄ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့က အမေရိကန် ပြည်ထောင်စု အယ်လာဘားမား ပြည်နယ်က အမျိုးသမီး တစ်ယောက်ကို အိပ်နေတုန်း ဥက္ကာခဲကြီး တစ်လုံး လာထိမှန် ခဲ့ပါတယ်။ ၅ ကီလိုဂရမ်ကျော် လေးတဲ့ ဥက္ကာခဲကြီး လာမှန်ခဲ့ ပေမယ့် ကံကောင်းစွာပဲ အသက် သေဆုံးခြင်း၊ ပြင်းထန်စွာ ဒါဏ်ရာ ရရှိခြင်း မရှိ ခဲ့ပါဘူး။ ဒီ အဖြစ်ကလဲ ကမ္ဘာ ကျော်သွား ခဲ့ပါတယ်။

Ann-Hodges

၁၉၉၂ ခုနှစ်တုန်းကလဲ ၃ ဂရမ်လောက် လေးတဲ့ ဥက္ကာခဲ သေးသေးလေး တစ်လုံးဟာ ယူဂန်ဒါ နိုင်ငံက ကလေးငယ် တစ်ဦးကို လာမှန် ခဲ့ပါတယ်။ ဒါပေမယ့် သစ်ပင်ကို အရင် ထိမှန်ပြီးမှ လာမှန်တာမို့ ဘာမှ ဒါဏ်ရာ မနာတရ မဖြစ်ခဲ့ပါဘူး။

ဒါ့ကြောင့် ဥက္ကာပျံ တစ်ခု လာမှန်ဖို့ ဆိုတာ အလွန့်အလွန်ကို ကံဆိုးလွန်းမှ ဖြစ်နိုင်မှာ ဖြစ်ပါတယ်။

boy-hit-by-meteroite
error: