Skip to content

DART Mission ဘယ်လောက် အောင်မြင်သလဲ

  • Space
dart-mission-outcome

အာကာသ ထဲက ဥက္ကာခဲ တစ်ခုကို နာဆာရဲ့ DART Mission အာကာသ ယာဉ်နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က ဝင်ဆောင့်ခဲ့တာ ကျွန်တော်တို့ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ အခု ဒီ ဖြစ်စဉ်က ရရှိတဲ့ အချက်အလက် တွေကို ပညာရှင်တွေက အသေးစိတ် လေ့လာပြီး ဒီ စီမံကိန်းရဲ့ ရလဒ်ကို ထုတ်ပြန် လိုက်ပါတယ်။

အခု ရရှိတဲ့ အချက်အလက်တွေအရ DART Mission အာကာသယာဉ်ဟာ Dimorphos ဂြိုဟ်သိမ်ရဲ့ ပတ်လမ်းကြောင်းကို အောင်မြင်စွာ ပြောင်းလဲ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ လူ့သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် ဥက္ကာခဲ တစ်ခုရဲ့လမ်းကြောင်းကို အောင်မြင်စွာ ပြောင်းလဲ​နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီ အောင်မြင်မှုဟာ ဥက္ကာခဲ တစ်ခုရဲ့ လမ်းကြောင်းကို အောင်အောင်မြင်မြင် ပြောင်းလဲ နိုင်တယ် ဆိုတာကို ပထမဆုံး အကြိမ် လက်တွေ့ သက်သေပြနိုင်တာလဲ ဖြစ်ပါတယ်။

“ကျွန်တော်တို့ အားလုံးမှာ မိခင် ကမ္ဘာမြေကို ကာကွယ်ဖို့ တာဝန် ရှိပါတယ်။ ပြောရရင် ဒီကမ္ဘာက ကျွန်တော်တို့အတွက် တစ်ခုတည်းသော ပိုင်ဆိုင်မှု ဖြစ်ပါတယ်” လို့ နာဆာရဲ့ ဦးဆောင်သူ Bill Nelson က ရှင်းပြပါတယ်။

Schematic-of-the-Double-Asteroid-Redirection-Test-The-DART-mission

“အခု မစ်ရှင်က ဘာကို ပြလဲ ဆိုတော့ စကြာဝဠာ ကြီးက ကျွန်တော်တို့ဆီ ပစ်လိုက်တဲ့ ဘယ်အရာ ကိုမဆို ရင်ဆိုင်ဖို့ နာဆာက အဆင်သင့် ဖြစ်နိုင်အောင် ကြိုးစားနေတယ် ဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။ နာဆာဟာ ကမ္ဘာကို ကာကွယ်ဖို့ တကယ်ကို အလေးအနက် ထားတယ် ဆိုတာကိုလဲ ပြသလိုက်တာ ဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဒီ DART Mission မတိုင်မီက Dimorphos ရဲ့ ပတ်ဖို့ကြာချိန် ၁၁ နာရီ ၅၅ မိနစ် ကြာပါတယ်။ ဒါဟာ Dimorphos က သူ့ထက် ပိုကြီးတဲ့ Didymos ဂြိုဟ်သိမ်ကို တစ်ပတ် ပတ်မိဖို့ ကြာတဲ့ အချိန် ဖြစ်ပါတယ်။

NASA DART Mission
NASA/Johns Hopkins APL

အခု မစ်ရှင် အရ ဝင်တိုက် အပြီးမှာတော့ Dimorphos ပတ်ဖို့ ကြာချိန်ဟာ မိနစ် ၃၂ မိနစ် လျှော့ကျ သွားပါတယ်။ ဒါ့ကြောင့် မူလက ၁၁ နာရီ ၅၅ မိနစ်က နေ အခုဆို ၁၁ နာရီ ၂၃ မိနစ်ပဲ ကြာတော့မှာ ဖြစ်ပါတယ်။ 

ဒီ ရလဒ်ရဲ့ မှန်ကန်မှုဟာ ၂ မိနစ် အတွင်း ရှိတယ်လို့ ဆိုပါတယ်။ (Margin of uncertainty plus or minus 2 minutes)။ ဆိုလိုတာက တကယ့် အဖြေမှန်ကနေ အလွန်ဆုံး ကွာရင် ၂ မိနစ်ထက် ပိုမကွာဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဥက္ကာပျံ ကို ဝင်တိုက်ပြီး စမ်းသပ်မယ့် ပုံစံကို သရုပ်ပြထားပုံ
ဥက္ကာပျံ ကို ဝင်တိုက်ပြီး စမ်းသပ်မယ့် ပုံစံကို သရုပ်ပြထားပုံ (Photo: NASA)

ဒီရလဒ်ဟာ မူလ မျှော်မှန်း ထားခဲ့တဲ့ ရလဒ်ထက် အများကြီး သာလွန် နေပါတယ်။ အရင်က ဝင်မတိုက်မီက နာဆာရဲ့ ပညာရှင် တွေက ပတ်လမ်းရဲ့ အချိန် ပြောင်းလဲမှု ၇၃ စက္ကန့်လောက်ဆိုရင်ကို အောင်မြင်တဲ့ စမ်းသပ်မှု တစ်ခု အနေနဲ့ မျှော်လင့် ထားခဲ့ ကြတာပါ။ အခု တကယ် ဝင်တိုက် အပြီးမှာ ၂၃ မိနစ် ဆိုတော့ မူလ မျှော်မှန်းချက်ထက် ၂၅ ဆလောက် ပိုမို သာလွန် နေပါတယ်။

DART mission ရဲ့ ရလဒ်ကို လေ့လာမှုဟာ အဆုံးသတ်တော့ မဟုတ် သေးပါဘူး။ ဒီ ဂြိုဟ်သိမ်နဲ့ ပတ်သက်တဲ့ အချက်အလက် အသစ်တွေ နေ့စဉ်နဲ့ အမျှ ဝင်ရောက် လာနေတာမို့ ပညာရှင် တွေဟာ ဒီ အချက်အလက် တွေကို ဆက်လက် လေ့လာနေကြဆဲ ဖြစ်ပါတယ်။ ဒီ ရလဒ် တွေကနေ နောင်တချိန် ကမ္ဘာကို ဦးတည်လာတဲ့ ဥက္ကာခဲတွေ ရှာဖွေ တွေ့ရှိ ခဲ့လို့ရှိရင် ဘယ်လို လမ်းကြောင်း လွှဲရမလဲ ဆိုတာနဲ့ ပတ်သက်တဲ့ အလွန် တန်ဖိုးရှိတဲ့ အချက်အလက် တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဥက္ကာပျံ ကာကွယ်ရေး DART ဂြိုလ်တု
ဥက္ကာပျံ ကာကွယ်ရေး DART ဂြိုလ်တု (Photo: NASA)

အခုအချိန်မှာ ပညာရှင်တွေ အဓိက စိတ်ဝင်စားနေ ကြတာကတော့ ဒီ ဝင်တိုက်မှုကြောင့် ဖြစ်လာတဲ့ အမြှီးတန်းကြီး ဖြစ်ပါတယ်။ ဒီ အမြှီးတန်း ကြီးကို လေ့လာခြင်း အားဖြင့် အခု ဝင်ဆောင့်မှုကြောင့် ဖြစ်လာတဲ့ အဟုန် (Momentum) က ဒီ ဂြိုဟ်သိမ်အပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိလဲ​ဆိုတာကို သေသေချာချာ သိနိုင်မှာ ဖြစ်ပါတယ်။

ဒီ ဝင်ဆောင့်လိုက်ရာက ထွက်လာတဲ့ အမှုန်အမွှားတွေဟာ ဂြိုဟ်သိမ်ကို ဒုံးပျံ အင်ဂျင် တစ်လုံးကဲ့သို့ တွန်းအားပေးမှုကို ဖြစ်ပေါ်စေတယ်လို့ ပညာရှင် တွေက ယူဆ ကြပါတယ်။ ဒီ တွန်းအားကြောင့် မူလ ခန့်မှန်း ထားတာထက် ပိုမြန်တဲ့ အရှိန်ကို ဖြစ်ပေါ်စေပြီး သူ့ရဲ့ ပတ်လမ်းကြာချိန် ကလဲ ခန့်မှန်းချက်ထက် ပိုပြီး တိုတောင်းသွားတာ ဖြစ်နိုင်တယ်လို့ ယူဆ ကြပါတယ်။

ဒီလို ဝင်တိုက်မှုကြောင့် လမ်းကြောင်း အနည်းငယ် ပြောင်းသွားပေမယ့် ဒီ ဥက္ကာခဲ တွေဟာ ကမ္ဘာကိုတော့ ဘာအန္တရာယ်မှ ဖြစ်ပေါ်စေမှာ မဟုတ်ဘူးလို့ နာဆာက ပြောပါတယ်။

ဥက္ကာပျံ ကာကွယ်ရေး DART ဂြိုလ်တုကို သရုပ်ဖော်ထားပုံ
ဥက္ကာပျံ ကာကွယ်ရေး DART ဂြိုလ်တုကို သရုပ်ဖော်ထားပုံ (Photo: NASA)

Ref: NASA Confirms DART Mission Impact Changed Asteroid’s Motion in Space

error: