Skip to content

ကမ္ဘာနားက ဒီနေ့ ဖြတ်သွားမယ့် ဥက္ကာခဲကြီး

  • Space

ဘောလုံးကွင်း ၁၀ ကွင်းစာခန့် အရွယ်အစား အကျယ် ရှိတဲ့ ဧရာမ ဥက္ကာခဲကြီး တစ်လုံးဟာ ကမ္ဘာနဲ့ အနီးကနေ ဖြတ်ပြီး ဒီနေ့ (မေလ ၂၇ ရက်နေ့) မှာ ပျံသန်းသွားမှာ ဖြစ်တယ်လို့ နာဆာရဲ့ NASA’s Center for Near Earth Object Studies က ထုတ်ပြန် ကြေငြာချက် အရ သိရပါတယ်။ 

ဒါပေမယ့် စိုးရိမ်စရာတော့ မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီ ဥက္ကာခဲ ကြီးဟာ ကမ္ဘာကနေ မိုင်ပေါင်း ၂.၅ သန်း အကွာကနေ ဖြတ်ပြီး ပျံသန်း သွားမှာမို့ ဖြစ်ပါတယ်။ ဒီ အကွာအဝေးဟာ ကမ္ဘာနဲ့ လ ကြား အကွာအဝေးထက် ၁၀ ဆ ခန့် ပိုဝေးပါတယ်။

ဒါပေမယ့် စကြာဝဠာ ရဲ့ အတိုင်းအထွာ တွေနဲ့ ပြောရရင် ဒီ အကွာအဝေးဟာ ဘယ်လောက်မှ မရှိပါဘူး။ နောက်ပြီး ၁ မိုင်ကျော် အချင်းရှိတဲ့ ဒီ ကြီးမားတဲ့ ဥက္ကာတုံး ကြီးရဲ့ အရွယ်အစား ကိုလဲ ထည့်သွင်း စဉ်းစားဖို့ လိုပါသေးတယ်။

ဒါ့ကြောင့်လဲ နာဆာက ဒီ ဥက္ကာခဲ ကြီးရဲ့ အန္တရာယ် အဆင့် အတန်း ကို “အန္တရာယ် ရှိနိုင်သည်” (Potentially hazardous)  လို့ အဆင့် သတ်မှတ် ထားတာ ဖြစ်ပါတယ်။

ဆိုလိုတာ ကတော့ ဒီ ဥက္ကာပျံရဲ့ ပျံသန်းရာ လမ်းကြောင်းဟာ အကြောင်းကြောင်းကြောင့် ပြောင်းလဲသွား ခဲ့ပြီး ကမ္ဘာကို ဝင်တိုက်ခဲ့မယ် ဆိုလို့ရှိရင် အလွန် ကြီးမားပြီး ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ် လာနိုင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

နာဆာရဲ့ စာရင်း တွေအရ အခု ဥက္ကာခဲကြီးဟာ ဒီနှစ် ကမ္ဘာနားက ကပ်ပျံမယ့် ဥက္ကာခဲ တွေထဲမှာ အရွယ်အစား အားဖြင့် အကြီးဆုံးလို့ ဆိုပါတယ်။

သိပ္ပံ ပညာရှင် များရဲ့ တွက်ချက်မှု အရ ဒီ ဥက္ကာပျံဟာ အမြန်နှုန်း တစ်နာရီ မိုင် ၄၇,၂၀၀ နှုန်းနဲ့ ကမ္ဘာနားက ဖြတ်ပြီး ပျံသန်း သွားမယ်လို့ ဆိုပါတယ်။ ဒါဟာ ကျည်ဆန် ရဲ့ အမြန်နှုန်းထက် အဆ ၂၀ လောက် ပိုမြန်တဲ့ အမြန်နှုန်း ဖြစ်ပါတယ်။

ကံကောင်းတာ ကတော့ ဒီ ဥက္ကာပျံ ကြီးဟာ ၂၀၅၅ ခုနှစ် မတိုင်မီ အထိ ကမ္ဘာနားကို ထပ်ပြီး ပျံသန်း ရောက်ရှိလာမှာ မဟုတ်တာ ပါပဲ။ ၂၀၅၅ မှာ ထပ်ရောက်လာတဲ့ အခါမှာတော့ ဒီ့ထက် ပိုဝေးတဲ့ အကွာအဝေး ကနေ ဖြတ်ပြီး ပျံသန်း သွားလိမ့်မယ်လို့ သိပ္ပံ ပညာရှင် တွေက ခန့်မှန်း ထားကြပါတယ်။

နာဆာ အဖွဲ့ကြီးဟာ ကမ္ဘာနား ကနေ ကပ်ပြီး ပျံသန်းသွားတဲ့ ဥက္ကာခဲပေါင်း ၂၉,၀၀၀ ကျော်ကို နှစ်စဉ် စာရင်း ပြုစု ထားပြီး ပုံမှန် စောင့်ကြည့်လျှက် ရှိနေပါတယ်။ ဒီ ဥက္ကာခဲ တွေကို  Near-Earth Objects (NEO) တွေလို့ အမည် ပေးထားပါတယ်။ ​ NEO ဆိုတာက ကမ္ဘာကနေ မိုင် သန်း ၃၀ အကွာအဝေး အတွင်း ဝင်ရောက်လာတဲ့ အရာဝတ္ထု အားလုံးကို ခြုံပြီး ခေါ်တဲ့ အမည် ဖြစ်ပါတယ်။

ဒီ နှစ်စဉ် ဝင်ရောက်လာတဲ့ ​NEO ပေါင်း ၂၉,၀၀၀ ကျော် အနက် အများစု ကတော့ အရွယ်အစား အလွန် သေးငယ်တဲ့ ဥက္ကာတုံး လေးတွေ ဖြစ်ကြပါတယ်။ 

အခု ကပ်ပြီး ပျံသန်းသွားမယ့် 7335 (1989 JA) ဥက္ကာတုံး ကြီးဟာ Apollo-class အပိုလို အတန်းအစား ဝင် ဥက္ကာပျံ အမျိုးအစား လဲ ဖြစ်ပါတယ်။ ဒီ နာမည်ဟာ နေကို အချိန်မှန် ပတ်နေတဲ့ ဥက္ကာခဲ တွေထဲက ကမ္ဘာနားဖြတ်ပျံလေ့ ရှိတဲ့ ဥက္ကာခဲ တွေကို အမျိုးအစား သတ်မှတ် ထားတဲ့ အမည် ဖြစ်ပါတယ်။

သိပ်မကြာသေး ခင်ကပဲ ဒီလို NEO ဥက္ကာပျံ တစ်စင်းကို စမ်းသပ်ပြီး လမ်းကြောင်းလွှဲမယ့် သုတေသန ယာဉ်ကို နာဆာက လွှတ်တင်ခဲ့ ပါတယ်။ ၂၀၂၁ ခု နိုဝင်ဘာ လက လွှတ်တင် ခဲ့တဲ့ DART လို့ အမည်ပေး ထားတဲ့ ယာဉ်ဟာ အချင်း ၅၂၅ ပေ အကျယ်ရှိတဲ့ ဥက္ကာပျံ တစ်စင်းကို အရှိန်နဲ့​ဝင်ဆောင့်ပြီး လမ်းကြောင်းလွှဲ စမ်းသပ်မှာ ဖြစ်ပါတယ်။ 

ဆက်စပ် ဆောင်းပါး – ဥက္ကာပျံကို ဝင်ဆောင့်မယ့် နာဆာရဲ့ အကြံ

ဆက်စပ် ဆောင်းပါး – ကမ္ဘာကို ဥက္ကာပျံတွေ အန္တရာယ်က ကာကွယ်ပေးမယ့် ကာကွယ်ရေး စနစ်

ဒီလို ဝင်ဆောင့်တဲ့ အတွက် ဥက္ကာပျံကို ပျက်စီးသွားအောင် ပြုလုပ်နိုင်မှာ မဟုတ်ပေမယ့် ဥက္ကာပျံ ပျံသန်းနေတဲ့ လမ်းကြောင်းကိုတော့ အနည်းငယ် ပြောင်းသွားအောင် ပြုလုပ်နိုင်စွမ်း ရှိမှာ ဖြစ်ပါတယ်။

ဒီ DART စီမံကိန်းဟာ နာဆာရဲ့ ကမ္ဘာကို ဥက္ကာပျံ တွေ ရန်က ကာကွယ်ရေး စီမံကိန်းရဲ့ တစ်စိတ် တစ်ပိုင်း ဖြစ်ပါတယ်။ ဒီ စီမံကိန်း အောင်မြင်ခဲ့ရင် နာဆာ အနေနဲ့ ကမ္ဘာကို အန္တရာယ်ပြု ခြိမ်းခြောက်လာ နိုင်တဲ့ ဥက္ကာပျံတွေ ရဲ့ရန်က ကာကွယ် ပေးနိုင်မှာ ဖြစ်လို့ ကမ္ဘာ့ လူသားတွေ ဒိုင်နိုဆော တွေလို မျိုးတုန်း ပျောက်ကွယ် သွားတာမျိုး မဖြစ်လာအောင် ကာကွယ် တားဆီး ပေးနိုင်မှာ ဖြစ်ပါတယ်။

Ref: Asteroid four times the size of the Empire State Building barreling toward Earth on May 27 | Live Science

error: