Skip to content

ကမ္ဘာနဲ့ အနီးဆုံး Black Hole တွင်းနက်ကြီးတစ်ခု ရှာတွေ့

  • Space
Black hole simulation

ကမ္ဘာနဲ့ အနီးဆုံး black hole တွင်းနက်ကြီး တစ်ခုကို ရှာဖွေ တွေ့ရှိကြောင်း နက္ခတ် သိပ္ပံ ပညာရှင်များက ကြေငြာ လိုက်ပါတယ်။ 

ဒါပေမယ့် ဒီ တွင်းနက်ကြီး ထဲကို ကမ္ဘာနဲ့ နေအဖွဲ့အစည်း ကျရောက် သွားမှာကိုတော့ စိုးရိမ်စရာ မရှိပါဘူးတဲ့။ ဘာ့ကြောင့်ဆိုတော့ Gaia BH1 လို့ အမည်ပေး ထားတဲ့ ဒီ ဘလက်ဟိုး တွင်းနက်ကြီးဟာ ကမ္ဘာကနေ အလင်းနှစ် ၁,၅၆၀ အကွာမှာ ရှိနေလို့ပဲ ဖြစ်ပါတယ်။

အခုထိ ရှာဖွေ တွေ့ရှိ သမျှ တွင်းနက် အများစုမှာ သူတို့ရဲ့ အဖော် ကြယ်တွေ ရှိကြပါတယ်။ ဒီ တွင်းနက်တွေဟာ အများအားဖြင့် သူတို့ရဲ့ အဖေါ် ကြယ်ဆီကနေ ဓါတ်ငွေ့တွေကို စုပ်ယူ စားသုံး နေလေ့ ရှိကြပါတယ်။ 

ဒီလို တွင်းနက်က စုပ်ယူ စားသုံးတဲ့ ဓါတ်ငွေ့တွေဟာ ဘလက်ဟိုး ထဲကို ဝဲဂယက်ကြီး တစ်ခုလို ပတ်ခြာလည် ဝေ့ရမ်းပြီး စီးဝင် သွားကြတာပါ။ ဒီလို စီးဆင်း သွားတဲ့ ဓါတ်ငွေ့ မော်လီကျူး တွေဟာ အခြင်းခြင်း တိုက်မိကြတဲ့ အတွက် အလွန် ပူပြင်း လာကြပါတယ်။ 

black-hole-star-binary
Black hole နှင့် သူ့ကို ပတ်နေသော ကြယ်ကို သရုပ်ဖော် ထားပုံ

ဒီလို ပူပြင်းတဲ့ ဓါတ်ငွေ့ ဝဲဂယက် ကြီးကနေ X-ray  ရောင်ခြည် အမြောက်အများ ထွက်လာ ကြပါတယ်။ ဒီအခါမှာ X-ray ရောင်ခြည် ဖမ်းယူတဲ့ ရေဒီယို တယ်လီစကုပ် တွေကနေ ကြည့်ရင် တွင်းနက်တွေဟာ X-ray လှိုင်းခွင်မှာ အရောင် တောက်ပစွာ ထွန်းလင်းနေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် တွင်းနက်တိုင်း ကတော့ ဓါတ်ငွေ့တွေကို အငမ်းမရ ဝါးမြိုစားသုံး နေကြတာ မဟုတ်ပါဘူး။ 

တွင်းနက် အများစုဟာ တကယ်တော့ ဓါတ်ငွေ့တွေ ဖမ်းယူ စားသုံးခြင်း မရှိကြပဲ ငြိမ်သက်နေ ကြတာ များပါတယ်။ ဒါပေမယ့် ဒီလို တွင်းနက်မျိုးရဲ့ ပတ်ခြာလည်မှာ ပူပြင်းပြီး တောက်ပတဲ့ ဓါတ်ငွေ့ ဝဲဂယက်ကြီးတွေ မရှိပါဘူး။ 

ဒါ့ကြောင့်မို့လဲ ဒီလို “အိပ်ပျော်နေတဲ့” တွင်းနက်မျိုးတွေကို ရှာဖွေဖို့ မလွယ်ကူ ကြတာ ဖြစ်ပါတယ်။ အခုထက်ထိ ရှာဖွေ တွေ့ရှိတယ်လို့ ကြေငြာတဲ့ ငြိမ်သက်တိတ်ဆိတ် နေတဲ့ တွင်းနက် အားလုံးဟာလဲ တကယ် ပြန်လည် စစ်ဆေး ကြည့်ကြတဲ့ အခါ မှားယွင်း နေကြတာကို တွေ့မြင် ကြရပါတယ်။

Black Hole တစ်ခုကို ရိုက်ထားတဲ့ ဓါတ်ပုံ
Black Hole တစ်ခုကို ရိုက်ထားတဲ့ ဓါတ်ပုံ (Credit: EHT Collaboration)

နက္ခတ် ပညာရှင် ကာရင်းမ် အယ်လ်-ဘာဒရီ (astrophysicist Kareem El-Badry) နဲ့ အဖွဲ့ဟာ Gaia အာကာသ သုတေသန မှန်ပြောင်းကြီး ကနေ ရိုက်ကူး ထားတဲ့ ဘီလီယံ နဲ့ ချီတဲ့ ကြယ်တွေရဲ့ ဓါတ်ပုံတွေကို အသေးစိတ် လေ့လာ ခဲ့ကြပါတယ်။ ဒီ ကြယ်တွေရဲ့ ရွှေ့လျားမှု ကနေပြီး သူတို့အနားမှာ ရှိတဲ့ တွင်းနက်တွေကို ရှာဖွေဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်။

တွင်းနက်ကနေ နည်းနည်း အလှမ်းဝေးတဲ့ နေရာက ကြယ်တစင်းဟာ တွင်းနက်ရဲ့ ဝါးမြိုစားသုံးခြင်း ခံရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တွင်းနက်က သက်ရောက်တဲ့ ပြင်းထန်တဲ့ ဆွဲငင်အားရဲ့ ဒါဏ်ကိုတော့ ခံစားရမှာ ဖြစ်ပါတယ်။ ဒီလို ကြယ်မျိုးဟာ တွင်းနက်ရဲ့ ဆွဲငင်အားကြောင့် သူတို့ရဲ့ လမ်းကြောင်းဟာလဲ ပုံမှန် မဟုတ်ပဲ ရှေ့တို့နောက်ငင် ယိမ်းထိုး နေတာကို တွေ့မြင် ကြရမှာ ဖြစ်ပါတယ်။ ဒီလို ယိမ်းထိုးနေတဲ့ ကြယ်ရဲ့ ရွှေ့လျားမှုကို တိုင်းတာပြီး ဘလက်ဟိုး တွင်းနက်ရဲ့ တည်နေရာနဲ့ ဒြပ်ထု အရွယ်အစားကို တွက်ချက်နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို ရှာရတာဟာ လွယ်လှတာတော့ မဟုတ်ပါဘူး။ ဒီလို ယိမ်းထိုးနေတဲ့ ကြယ် အစင်း တစ်သိန်းလောက်မှာမှ တစ်လုံးလောက်ကပဲ​ တကယ်တမ်း တွင်းနက်ရဲ့ ဆွဲအားကြောင့် ယိမ်းထိုးနေတာ ဖြစ်ပါတယ်။ ဒါတောင် သေချာအောင် တယ်လီစကုပ် မျိုးစုံကနေ ထပ်မံ တိုင်းတာ အတည်ပြု ကြရပါသေးတယ်။

အခု ရှာဖွေ တွေ့ရှိတဲ့ Gaia BH1 ဟာ ရှာဖွေ တွေ့ရှိ ခဲ့ပြီးသမျှ တွင်းနက်တွေ အနက် ကမ္ဘာနဲ့ အနီးဆုံးမှာ ရှာတွေ့တဲ့ တွင်းနက် ဖြစ်ပါတယ်။ သူ့နောက်က ဒုတိယ အဝေးဆုံး တွင်းနက်ဟာ ကမ္ဘာကနေ အလင်းနှစ် ၃,၂၀၀ တောင် ကွာဝေးပါတယ်။

Black Hole တစ်ခုရဲ့ ပတ်လည်က ဝဲထနေတဲ့ ချပ်ပြားဝိုင်းကြီးရော၊ အလယ် နားက ကပ်နေတဲ့ နေရာရော အပေါ်က ထွက်နေတဲ့ ဓါတ်ငွေ့တန်းတွေရောကနေ စွမ်းအင်ထုတ်လို့ ရပါတယ်
Black Hole တစ်ခုရဲ့ ပတ်လည်က ဝဲထနေတဲ့ ချပ်ပြားဝိုင်းကြီးရော၊ အလယ် နားက ကပ်နေတဲ့ နေရာရော အပေါ်က ထွက်နေတဲ့ ဓါတ်ငွေ့တန်းတွေရောကနေ စွမ်းအင်ထုတ်လို့ ရပါတယ်

အခု တွင်းနက်ဟာ သူ့ရဲ့ အမွှာ ကြယ်နဲ့ အချင်းချင်း လှည့်ပတ်နေတဲ့ တွင်းနက်-ကြယ် စုံတွဲ ဖြစ်ပါတယ်။ ဒီ တွင်းနက်နဲ့ ကြယ် တစ်ခုကို တစ်ခု တစ်ပတ် ပတ်မိဖို့ အချိန် ၁၈၅.၆ ရက် ကြာမယ်လို့ ခန့်မှန်း ကြပါတယ်။ ဒါဟာ အခြား အလားတူ စုံတွဲတွေထက် စာရင် ပိုပြီး ကြာမြင့်တဲ့ လည်ပတ်မှုနှုန်း ဖြစ်ပါတယ်။

တွက်ချက်မှု တွေအရ​ ဒီတွင်းနက်ရဲ့ ဒြပ်ထုဟာ အနည်းဆုံး နေရဲ့ ဒြပ်ထုထက် ၅ ဆ ကနေ ၉ ဆခန့်ထိ ရှိမယ်လို့လဲ ခန့်မှန်း ကြပါတယ်။

ဒါပေမယ့်လဲ ပညာရှင် တွေကတော့ ဒီ တွင်းနက်ဟာ ကမ္ဘာနဲ့ အနီးဆုံး တွင်းနက် ဆိုတာကို မယုံကြည် ကြပါဘူး။ ပညာရှင် အများစုကတော့ ဒီ့ထက် ပိုနီးတဲ့ တွင်းနက်တွေ အများအပြား ရှိလိမ့်အုံးမယ်လို့ ယုံကြည် ကြပါတယ်။

ကျွန်တော်တို့ရဲ့ မစ်ကီးဝေး ဂလက်ဆီ ကြီးထဲမှာတင် ဘလက်ဟိုးပေါင်း သန်း ၁၀၀ လောက် ရှိမယ်လို့ ယုံကြည် ကြပါတယ်။ ဒါပေမယ့် ဒီ တွင်းနက် အားလုံး နီးပါးဟာ ဘယ်လိုမှ မမြင်တွေ့နိုင် ကြပါဘူး။ (အပေါ်က ပြောခဲ့ သလိုပဲ ပတ်ခြာလည်က ဓါတ်ငွေ့ ဝဲဂယက်ကြီး ကနေ အလင်းရောင် ထွက်မှသာ ဘလက်ဟိုးကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။)

“ဒီ တွင်းနက်တွေက သီးခြား တည်ရှိနေ ကြတာမို့ သူတို့ကို မမြင်နိုင်ပါဘူး” လို့ ဟားဗတ် စမစ်ဆိုနီယံ နက္ခတ်ရူပ ဌာနက အယ်လ် ဘက်ဒရီ (El-Badry, of the Harvard-Smithsonian Center for Astrophysics in Cambridge, Mass) က ရှင်းပြပါတယ်။

ဒီ Gaia အာကာသယာဉ်က ကောက်ယူရရှိတဲ့ အချက်အလက် တွေကို အများပြည်သူ လေ့လာနိုင်ဖို့ ထုတ်ပြန်မှုကို ၂၀၂၅ ကျမှ ထပ်မံ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီ နောက်ထပ် ထုတ်ပြန်မယ့် အချက်အလက် တွေမှာ နောက်ထပ် တွင်းနက် အသစ်တွေ ရှာဖွေ တွေ့ရှိိဖို့ သဲလွန်စ အမြောက်အများ ပါဝင် လိမ့်မယ်လို့ ပညာရှင် တွေက ယုံကြည် နေကြပါတယ်။

Ref: Astronomers have found the closest known black hole to Earth | Science News

error: