Skip to content

မစ်ကီးဝေး ဗဟိုက Black hole ကြီးကို နီးကပ်စွာ ပတ်နေတဲ့ ကြယ်တစ်စင်း ရှာဖွေတွေ့ရှိ

  • Space
supermassive black hole

မစ်ကီးဝေး ဂလက်ဆီ ကြီးရဲ့ ဗဟိုမှာ ဧရာမ black hole တွင်းနက်ကြီး တစ်စင်း ရှိပါတယ်။ Sagittarius A* (ဆက်ဂျစ်တေးရီးယပ်စ် အေ စတား) လို့ အမည် ပေးထားတဲ့ ဒီ မဟာတွင်းနက်ကြီး (supermassive black hole) ဟာ ဒြပ်ထုအားဖြင့် နေအစင်းပေါင်း ၄ သန်း နဲ့ ညီမျှတဲ့ ဒြပ်ထုကို ပိုင်ဆိုင် ထားပါတယ်။

ဒီ မဟာတွင်းနက် ကြီးကို အလွန် နီးကပ်စွာ ပတ်နေတဲ့ ကြယ်တစ်စင်းကို နက္ခတ် ပညာရှင်တွေ ရှာဖွေ တွေ့ရှိခဲ့ ကြပါတယ်။

ဒီကြယ်ဟာ မဟာ တွင်းနက်ကြီးနဲ့ ဘယ်လောက်တောင် နီးကပ် သလဲဆိုရင် သူက black hole ကို တစ်ပတ် ပတ်မိဖို့ ကြာချိန်ဟာ ၄ နှစ်ပဲ ကြာတယ်လို့ ဆိုပါတယ်။

ဒါဟာ အခုထိ ရှာဖွေ တွေ့ရှိ ဖူးသမျှ ကြယ်တွေထဲမှာ ပတ်ဖို့ ကြာချိန် အတိုဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

အခု အသစ်တွေ့ရှိတဲ့ ကြယ်ကို S4716 လို့ အမည် ပေးထားပါတယ်။ ဒီ ကြယ်ဟာ ကျွန်တော်တို့ ဒြပ်ထုအားဖြင့် နေထက် ၄ ဆ ပိုကြီးပါတယ်။ အပူချိန် အားဖြင့် ဆိုရင်လဲ နေထက် နှစ်ဆ ပိုပူပါတယ်။ 

ဒီ ကြယ်က မဟာတွင်းနက်ကြီးကို ပတ်နေတဲ့ အကွာအဝေးဟာ နက္ခတ်အကွာအဝေး ယူနစ် ၁၀၀ ပဲ ကွာပေးပါတယ်။ နက္ခတ် အကွာအဝေး (astronomical unit) ၁ ယူနစ်ဟာ နေနဲ့ ကမ္ဘာရဲ့ အကွာအဝေးနဲ့ တူညီပါတယ်။ ဒါ့ကြောင့် ဒီ ကြယ်ဟာ တွင်းနက်ကနေဆို ကမ္ဘာနဲ့ နေ အကွာအဝေးရဲ့ အဆ ၁၀၀ လောက်ပဲ ဝေးတဲ့ နေရာကနေပြီး ပတ်နေတာ ဖြစ်ပါတယ်။

ဒီ အကွာအဝေးဟာ သိပ်မနီး ဘူးလို့ ရုတ်တရက် ထင်စရာ ရှိပါတယ်။ ဒါပေမယ့် နေ အစင်း ၄ သန်းလောက် ပမာဏ ရှိတဲ့ တွင်းနက်ကြီး ကနေ ကြည့်မယ် ဆိုရင်တော့ ဒါဟာ အလွန်ကို နီးကပ်လွန်း လှတဲ့ အကွာအဝေး ဖြစ်ပြီး အလွန်လဲ အန္တရာယ် များတဲ့ အကွာအဝေး ဖြစ်နေပါတယ်။

ဒီ အကွာအဝေးဟာ တကယ်တမ်း မှာ နေ နဲ့ ပလူတို ဂြိုဟ် အကွာအဝေးရဲ့ ၃ ဆလောက်ပဲ ရှိတဲ့ အကွာအဝေး ဖြစ်ပါတယ်။

အခု တွေ့ရှိချက်ဟာ နက္ခတ် ပညာရှင် တွေအတွက်တော့ အရေးပါတဲ့ တွေ့ရှိချက်ပဲ ဖြစ်ပါတယ်။ ဒီကြယ်ကို လေ့လာခြင်း အားဖြင့် မစ်ကီးဝေးရဲ့​ဗဟိုက မဟာတွင်းနက်ကြီး နားက အခြေအနေ တွေကို သိရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Sagittarius A* မဟာတွင်းနက်ကြီးရဲ့ ဒြပ်ထု နဲ့ အရွယ်အစား ကိုလဲ ပိုပြီး တိတိကျကျ တွက်ချက် နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Sagittarius A* supermassive black hole တွင်းနက်ကြီးရဲ့ ပုံ
Sagittarius A* တွင်းနက်ကြီးရဲ့ ပုံ (Credit: EHT Collaboration)

မဟာတွင်းနက်ကြီးအား ရှာဖွေ တွေ့ရှိခဲ့ခြင်း

မစ်ကီးဝေး ဂလက်ဆီ ရဲ့ အလယ် ဗဟိုမှာ အလွန် ကြီးမားတဲ့ ဧရာမ တွင်းနက်ကြီး တစ်ခု ရှိနေမယ် ဆိုတာကို ၁၉၇၁ ခုနှစ်က ဗြိတိသျှ နက္ခတ် ပညာရှင် တွေဖြစ်ကြတဲ့ ဒေါ်နယ်လ် လင်ဒန် ဘဲလ် (Donald Lyndon-Bell) နဲ့ မာတင် ရီးစ် (Martin Rees) တို့က ပထမဆုံး တင်ပြခဲ့ ကြပါတယ်။

နောက် ၃ နှစ် အကြာမှာတော့ Sagittarius-A* မဟာတွင်းနက်ကြီး ရှိနေတယ် ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားကို ရှာဖွေ တွေ့ရှိခဲ့ ကြပါတယ်။ ဒါပြင် ဒီ တွင်းနက်ကြီးရဲ့ ဒြပ်ထု ပမာဏ ကိုလဲ နေ အစင်း ၄ သန်းလောက် ပမာဏ ရှိမယ် ဆိုတာ တွက်ချက်နိုင်ခဲ့ကြပါတယ်။ 

ဒီလောက် ဒြပ်ထု ကြီးမားတဲ့ အရာဝတ္ထု ကြီးဟာ သူ့ ပတ်ဝန်းကျင်က ကြယ်တွေကို လွန်မသွားအောင် ဆွဲထားမယ် ဆိုတာ ထင်ရှား နေပါတယ်။ ထင်တဲ့ အတိုင်းပဲ ဒီ မဟာတွင်းနက် ကြီးကို ပတ်နေတဲ့ ကြယ် အများအပြားကို သိပ္ပံ ပညာရှင်တွေ ရှာဖါေ တွေ့ရှိ ခဲ့ကြပါတယ်။

အရင် ရှာတွေ့ခဲ့တဲ့ ကြယ်တွေဟာ မဟာတွင်းနက်ကြီးကို တစ်ပတ်ပတ် မိဖို့ ကြာချိန် ၁၀ နှစ် ကနေ ၁၆၆ နှစ်အထိ  ကြာကြပါတယ်။ ဒီလို နီးကပ်စွာ ပတ်နေကြတဲ့ ကြယ်တွေကို “S Stars” တွေလို့ အမည် ပေးထားပါတယ်။

ဒီ ကြယ်တွေရဲ့ ပတ်လမ်းတွေကို အသေးစိတ် လေ့လာပြီနောက် သိပ္ပံ ပညာရှင် တွေဟာ ဗဟိုက တွင်းနက်ကြီးရဲ့ ဒြပ်ထု ပမာဏ နဲ့ အရွယ်အစားကို တွက်ချက်နိုင် ခဲ့ကြပါတယ်။ 

ဥပမာ ပြောရရင် S2 ဆိုတဲ့ ကြယ်ဟာ တွင်းနက်ကို တပတ်ပတ် မိဖို့ အချိန် ၁၆ နှစ် ကြာပါတယ်။ သူ့ရဲ့ ရွေ့လျားတဲ့ အလျင်ကလဲ တစ်စက္ကန့်ကို ကီလိုမီတာ ၇,၇၀၀ နှုန်း ရှိပါတယ်။ ဒါဟာ အလင်းလျှင် နှုန်းရဲ့ ၃% လောက် ရှိတဲ့ အမြန်နှုန်း ဖြစ်ပါတယ်။

ဒီ S2 ရဲ့ ရွေ့လျားမှုကို လေ့လာပြီနောက် နက္ခတ် ပညာရှင် တွေက ဗဟိုတွင်းနက်ရဲ့ အကျယ် အဝန်းဟာ နေအဖွဲ့အစည်း ထဲမှာဆို ယူရေးနပ်စ် ဂြိုဟ်ပတ်လမ်း ထက် ပိုပြီး မကြီးနိုင်ဘူးလို့ ကောက်ချက်ဆွဲ ခဲ့ကြပါတယ်။

ဒါပေမယ့် မဟာတွင်းနက်ကြီး ပတ်ခြာလည်က ကြယ်တွေကို လေ့လာရတာက သိပ်တော့ မလွယ် လှပါဘူး။ ဒီ ကြယ်တွေ နေရာယူ ထားကြတဲ့ အာကာသ ရပ်ဝန်းဟာ အရမ်း သေးငယ်တဲ့ ရပ်ဝန်း ဖြစ်တယ်။ နောက်ပြီး တွင်းနက်ကြီး ကလဲ​ဓါတ်ငွေ့တွေ၊ ဖုံမှုန်တွေကို ဆွဲယူ စားသုံး နေပါတယ်။ 

ဒီလို တွင်းနက်ထဲ​ကို စီးဆင်း ဝင်ရောက်သွားတဲ့ ဓါတ်ငွေ့တွေနဲ့ ဖုန်မှုန့်တွေဟာ အလွန်လျှင်မြန်စွာ စီးဝင် သွားကြပါတယ်။ ဒီလို စီးဝင်ရာမှာ ဝဲဂယက်ကြီး တစ်ခုလို ပုံစံမျိုး လည်ပတ်ပြီး စီးဝင် သွားကြတာပါ။ ရလဒ်ကတော့ ဒီ ဓါတ်ငွေ့ မော်လီကျူးတွေ၊ ဖုန်မှုန့်တွေဟာ အချင်းချင်း ပွတ်တိုက် မိရာက ပူလာပြီး အလင်းရောင် တောက်လာ ကြပါတယ်။

ဒီလို တွင်းနက်ရဲ့ ပတ်ခြာလည်က တောက်ပတဲ့ အလင်းရောင် တွေကြောင့် သူ့ကို နီးနီးကပ်ကပ် ပတ်နေတဲ့ ကြယ်တွေကို ရှာဖွေ ရတာက ပိုပြီး ခက်ခဲ လာစေပါတယ်။ 

အခု ရှာတွေ့တဲ့ S4716 ကြယ် ရှိတယ်ဆိုတာကို သိရတဲ့ ပထမဆုံး သဲလွန်စကို အမေရိကန် ပြည်ထောင်စု ဟာဝိုင်ရီမှာ တပ်ဆင်ထားတဲ့ Keck Observatory ကနေ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေမှာ စတင် တွေ့ရှိ ခဲ့ရပါတယ်။ 

ဒီ ကြယ်ရှိတဲ့ အထောက်အထား ခိုင်မာဖို့ နက္ခတ် ပညာရှင် တွေဟာ ၂၀၀၃ ခုနှစ်က စလို့ ရိုက်ကူးထား ခဲ့တဲ့ နက္ခတ်ဓါတ်ပုံ တွေကို ပြန်ပြီးတော့ ရှာဖွေ ကြည့်ရှုခဲ့ ကြပါတယ်။

ဒီ ဓါတ်ပုံ အဟောင်း တွေထဲမှာ ဒီ ကြယ်ကြီး ရှိကြောင်း အထောက်အထားတွေကို ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။ အရင်က ဒီဓါတ်ပုံ တွေကို စစ်ဆေးခဲ့တဲ့ နက္ခတ် ပညာရှင် တွေဟာ ဒီ ကြယ်ရှိတဲ့ အထောက်အထား တွေကို မျက်စေ့ရှမ်းပြီး မတွေ့ခဲ့တာ (သို့) အခြား ကြယ်တွေနဲ့ မှားယွင်းခဲ့တာ ဖြစ်ကောင်း ဖြစ်မယ်လို့ နက္ခတ် ပညာရှင် တွေက သုံးသပ် ကြပါတယ်။

အခု ရှာဖွေ တွေ့ရှိမှုဟာ မစ်ကီးဝေး ဗဟိုက မဟာ တွင်းနက်ကြီး ပတ်ခြာလည်က ရှုပ်ထွေးလှတဲ့ အခြေအနေ တွေကို အဖြေ ရှာပေးနိုင်ဖို့ အရေးပါတယ်လို့ ဆိုကြပါတယ်။ ဒီ ပတ်ဝန်းကျင်မှာ ရှင်သန် နေနိုင်တဲ့ ကြယ်တွေဟာ တကယ်တမ်းမှာ အလွန် ကြမ်းတမ်းပြီး အန္တရာယ် များတဲ့ ပတ်ဝန်းကျင်မှာ ရပ်တည်နေ ကြရတာ ဖြစ်ပါတယ်။ 

အခု တွေ့ရှိချက်ဟာ ပဏာမ တွေ့ရှိချက်ပဲ ရှိပါသေးတယ်။ S4716 ကြယ်ရဲ့ ပတ်လမ်း အရ မဟာ တွင်းနက်ကြီး ရဲ့ အနီးပတ်ဝန်းကျင်ဟာ ဓါတ်ငွေ့တွေ၊ ဖုန်မှုန့်တွေ၊ ကျောက်တုံး ကျောက်ခဲတွေနဲ့ အခြား အပျက်အစီး အပိုင်းအစ အမြောက်အများ ပြည့်နှက်နေတဲ့ ဒေသတစ်ခု ဖြစ်တယ်လို့ ပညာရှင် များက သုံးသပ် ကြပါတယ်။ ဒီ အပိုင်းအဆ တွေရဲ့ ဒြပ်ထုဟာလဲ နေ အစင်းပေါင်း မြောက်များစွာရဲ့ ဒြပ်ထု ပမာဏ ရှိတယ်လိုံ ဆိုပါတယ်။ 

၂၀၁၈ ခုနှစ်တုန်းက Sagittarius A* မဟာတွင်းနက် ကြီးဟာ အလင်းရောင်တွေ အဆပေါင်း ၇၅ ဆလောက် ရုတ်တရက် ပိုမို တောက်ပလာတာကို တွေ့ရှိ ခဲ့ကြပါတယ်။ ဒီ အဖြစ်အပျက်ဟာ တွင်းနက်ကြီးက ဥက္ကာပျံကြီး တစ်စင်းကို ဝါးမြိုလိုက်လို့ ဖြစ်ခဲ့တာလို့ နက္ခတ် ပညာရှင် တွေက ယူဆ ကြပါတယ်။

သေခြာ တာကတော့ မစ်ကီးဝေးရဲ့ ဗဟိုမှာ ထပ်မံ ရှာဖွေ တွေ့ရှိစရာ ပဟေဠိ အမြောက်အများ ကျန်ရှိနေ လိမ့်အုံးမယ် ဆိုတာပဲ ဖြစ်ပါတယ်။

Ref: Star discovered orbiting Milky Way’s supermassive black hole every 4 | Astronomy

error: