Skip to content

စကြာဝဠာ အစဦးက အစောဆုံး ဂလက်ဆီ James Webb ရှာတွေ့

  • Space
James Webb's first deep field image

James Webb တယ်လီစကုပ် ကြီးက ဖမ်းယူရရှိတဲ့ အသေးစိတ် ဓါတ်ပုံတွေနဲ့ အချက်အလက်တွေ နက္ခတ် ပညာရှင်တွေ လက်ထဲ ရောက်ရှိလာတာ အခုဆို သတင်းပတ် အနည်းငယ်ပဲ ရှိပါသေးတယ်။ 

ဒါပေမယ့် ဒီ အချက်အလက် တွေကို စောင့်မျှော်နေ ခဲ့တာ နှစ်ပေါင်း များစွာ စောင့်မျှော် နေခဲ့ ရတာပါ။ ဒီတော့ နက္ခတ် ပညာရှင် တွေအနေနဲ့ ဓါတ်ပုံနဲ့ အခြား အချက်အလက်တွေ ရလာရင် ဘယ်လို သုတေသန ခွဲခြမ်း စိတ်ဖြာ မှုတွေ ပြုလုပ်ရမလဲ ဆိုတဲ့ စီမံကိန်းက ကြိုတင် ရေးဆွဲ ထားကြပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကတော့ ဒီ အချက်အလက် တွေကနေပြီး စကြာဝဠာ အစ သက်တမ်း နှစ် သန်း ၄၀၀ ခန့်ပဲ ရှိသေးတဲ့ အချိန်က ဂလက်ဆီ တစ်ခုကို ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။

ဒါပေမယ့် ဒီ အပတ်မှာတော့ သူ့ထက် သက်တမ်း ပိုစောတဲ့ ဂလက်ဆီ တစ်စင်းကို ရှာဖွေ တွေ့ရှိကြောင်း ပညာရှင် တွေက ကြေငြာ ခဲ့ကြပါတယ်။

ဆက်စပ် ဆောင်းပါး – Big Bang မဟာပေါက်ကွဲမှု ပြီး ဘာတွေ ဆက်ဖြစ်လာလဲ

ဒီ ထပ်မံ တွေ့ရှိရတဲ့ ဂလက်ဆီဟာ စကြာဝဠာ ဖြစ်ပြီးစ နှစ်သန်း ၂၃၃ သန်းပဲ ရှိသေးတဲ့ အချိန်က ဂလက်ဆီ ဖြစ်ပါတယ်။ ဒါဟာ ပြောရရင် စကြာဝဠာ လေးဖက်တွား တဲ့ အရွယ်က ဂလက်ဆီကို လှမ်းပြီး မြင်ရတာပဲ ဖြစ်ပါတယ်။

ဒီ ဂလက်ဆီကို စကြာဝဠာ အစောပိုင်း ကာလအတွင်း တည်ရှိခဲ့တဲ့ ဂလက်ဆီ တွေကို ရှာဖွေ ရေတွက်နေရင်း အမှတ်မထင် တွေ့ရှိခဲ့ ကြတာ ဖြစ်ပါတယ်။

စကြာဝဠာ စတင် ဖြစ်တည်စ အစောပိုင်း ကလာက ဟင်းလင်းပြင်ဟာ အခုလို ကြည်လင်နေတာ မဟုတ်ပါဘူး။ သိပ်သည်းဆ များလွန်းပြီး အလွန် ပူပြင်းလွန်းတာကြောင့် ဒီ အစောပိုင်း ကာလမှာ အလင်းဖိုတွန် တွေဟာ ဖြတ်သန်း သွားနိုင်ခြင်း မရှိ ကြပါဘူး။

တနည်းအားဖြင့် အစောပိုင်း စကြာဝဠာဟာ အလင်း မပေါက်တဲ့ အလင်းပိတ် စကြာဝဠာ ဖြစ်ပါတယ်။

စကြာဝဠာ ဖြစ်တည်ပြီး နှစ် ၃၈၀,၀၀၀ ခန့် အကြာမှာတော့ အပူချိန် ကျဆင်းလာတဲ့ အတွက် ပရိုတွန် နဲ့ အီလက်ထရွန်တွေ ပထမဆုံး အကြိမ်အဖြစ် ပေါင်းစည်းမိ သွားကြပါတယ်။ 

ဒီလို ပေါင်းစည်းမိ သွားတဲ့အ ချိန်မှာ အာကာသ ဟင်းလင်းပြင် ကြီးဟာ ကြည်လင်လို့ သွားပါတယ်။ ဒီအချိန် လွတ်ထွက်လာတဲ့ အလင်း ဖိုတွန်တွေဟာ အခု အချိန်အထိ စကြာဝဠာ အနှံ့မှာ ဆက်လက် ပြေးလွှားလို့ နေကြ ပါသေးတယ်။

ဆက်စပ် ဆောင်းပါး – Big Bang မတိုင်မီက ဘာဖြစ်ခဲ့ သလဲ

ဒီ အလင်း ဖိုတွန်တွေကို ယခုအခါ Cosmic Microwave Background (CMB) အနေနဲ့ ဖမ်းယူ နိုင်ပါတယ်။

ဒီ CMB ကာလ လွန်ပြီးတဲ့ အချိန်က စလို့ နောက် နှစ်သန်း ရာချီ ကာလ အတောအတွင်းမှာ စကြာဝဠာ အတွင်း အနှံ့အပြား ပြန့်နှံ့နေတဲ့ ဒြပ်စင် တွေကတော့ ဟိုက်ဒြိုဂျင် ဒြပ်စင်တွေပဲ ဖြစ်ပါတယ်။ 

ဒီ ဟိုက်ဒြိုဂျင် အက်တမ် တွေဟာ ခရမ်းလွန် ရောင်ခြည်နဲ့ အထက် စွမ်းအားရှိတဲ့ ဖိုတွန် အလင်းမှုန်တွေ လာပြီး တိုက်မိရင် ဖမ်းယူ ထားလိုက် ကြပါတယ်။ ဒီတော့ ခရမ်းလွန် ရောင်ခြည်ထက် ပိုမြင့်တဲ့ အလင်းမှုန် မှန်သမျှဟာ ဒီကာလ စကြာဝဠာ အတွင်းမှာ တနေရာက တနေရာကို ဖြတ်သန်း သွားနိုင်စွမ်း မရှိ ကြပါဘူး။

(အလင်း ဖိုတွန် တွေဟာ သူတို့ရဲ့ လှိုင်းအလျား wavelength တိုလေလေ သူတို့ သယ်ဆောင်တဲ့ စွမ်းအင် မြင့်လေလေ ဖြစ်ပါတယ်။ ဖိုတွန်တွေရဲ့ စွမ်းအင် အနှိမ့် ဆုံးက ရေဒီယို လှိုင်း ဖိုတွန်တွေ ဖြစ်ကြပြီး  သူတို့ထက် မြင့်တာတွေက အနီအောက် ရောင်ခြည်၊ အလင်းရောင်၊ ခရမ်းလွန် ရောင်ခြည်၊ X-ray ဓါတ်မှန် ရောင်ခြည် နဲ့ အမြင့်ဆုံးက ဂမ်မာ ရောင်ခြည် တွေပဲ ဖြစ်ကြပါတယ်။)

ဒီ အစောပိုင်း ကာလက ဟင်းလင်းပြင်ထဲ ဖြတ်သန်း သွားနိုင်ခဲ့တဲ့ အလင်းရောင် လှိုင်းတွေဟာ ဟင်းလင်းပြင် ပြန့်ကားမှုကြောင့် သူတို့ရဲ့ လှိုင်းအလျှား တွေဟာလဲ ဆွဲဆန့်လိုက် သလို ဖြစ်ပြီး ရှည်လာ ကြပါတယ်။ (ပြန့်ကား ထွက်နေတဲ့ ဟင်းလင်းပြင်ထဲ ဖြတ်သွားရင်း သူတို့ ကိုယ်နှိုက်ကလဲ အချိုးညီ ဆန့်ထွက် လာကြပါတယ်။)

လှိုင်းအလျှား ရှည်လာတဲ့ အတွက် အရင်က အလင်းရောင်စဉ် လှိုင်းထဲ ရှိတဲ့ အလင်းဟာ အခု အချိန်မှာတော့ အနီအောက် ရောင်ခြည် ခွင်ထဲ ရောက်ရှိလို့ နေပါပြီ။

ဆက်စပ်ဆောင်းပါး – လူတိုင်းအတွက် စကြာဝဠာ – အပိုင်း (၁) | Astrophysics for People in a Hurry by Neil DeGrasse Tyson

ဒါ့ကြောင့်လဲ ဂျိမ်းစ်ဝက်ဘ်က ကိရိယာ တွေဟာ အနီအောက် ရောင်ခြည်ကို ဖမ်းယူနိုင်အောင် ပြုလုပ် ထားကြတာ ဖြစ်ပါတယ်။

ဒီ အစဦး ဘလက်ဟိုး တွေကို လေ့လာ ခြင်းအားဖြင့် သူတို့ရဲ့ သဘော သဘာဝကို ပိုမို သိရှိ နားလည်လာ ကြမှာ ဖြစ်ပါတယ်။ နောက်ပြီး အစောပိုင်း ဂလက်ဆီ အများအပြားကို လေ့လာခြင်း အားဖြင့် စကြဝဠာ အစောပိုင်းမှာ ဂလက်ဆီတွေ ဘယ်လို ဖြစ်လာသလဲ၊ ဘယ်လောက် မြန်မြန် မွေးဖွားလာ ခဲ့ကြသလဲ ဆိုတဲ့ မေးခွန်းကိုလဲ အဖြေပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီ လေ့လာမှု တွေကနေ နောက်ထပ် သိလာနိုင်မယ့် အရေးပါတဲ့ အချက်ကတော့ ဂလက်ဆီတွေ အတွင်းက ဖြစ်စဉ်တွေဟာ စကြာဝဠာရဲ့သက်တမ်းပေါ် မူတည်ပြီး ပြောင်းလဲမှု ရှိသလား ဆိုတဲ့ မေးခွန်းရဲ့ အဖြေပဲ ဖြစ်ပါတယ်။

ဒီ ဂလက်ဆီ တွေအတွင်းက ဖြစ်စဉ်တွေကို သူတို့ရဲ့ အလင်းတောက်ပမှုနဲ့ အလင်းရောင်စဉ် တွေကနေ တဆင့် လေ့လာရတာ ဖြစ်ပါတယ်။ စကြာဝဠာရဲ့ သက်တမ်း အလိုက် ဒီ အလင်းတောက်ပမှုနဲ့ အလင်းရောင်စဉ်တွေ ဘယ်လို ပြောင်းလဲ လာခဲ့သလဲ ဆိုတာကို အခု ဂျိမ်းစ်ဝက်ဘ် သုတေသနက အသေးစိတ် မှတ်တမ်းတင်ဖို့ ရည်ရွယ်ပါတယ်။

ဒီလို မှတ်တမ်းတင် နိုင်ဖို့ ဂလက်ဆီ တစ်ခုချင်းစီရဲ့ အလင်းရောင်စဉ်တွေကို နိုင်ငံတကာက ပညာရှင်တွေ ပါဝင်တဲ့ သုတေသန အဖွဲ့ကနေ အသေးစိတ် လေ့လာ သုတေသန ပြုနေရင်း ဒီ သက်တမ်း အရင့်ဆုံး ဂလက်ဆီကို ရှာဖွေ တွေ့ရှိ ခဲ့ကြတာ ဖြစ်ပါတယ်။

အခု ရှာဖွေမှုမှာ သုတေသီ တွေဟာ ဂျိမ်းစ်ဝက်ဘ် အပြင် အခြား တယ်လီစကုပ် တစ်လုံးကိုလဲ အသုံးပြုခဲ့ ကြပါတယ်။ ဒီ တယ်လီစကုပ် ကတော့ ဥရောပ အာကာသ အေဂျင်စီရဲ့ VISTA တယ်လီစကုပ် ကြီးပဲ ဖြစ်ပါတယ်။ 

ဆက်စပ်ဆောင်းပါး – James Webb ရဲ့ နောက်ဆက်တွဲ ဓါတ်ပုံများ

ဒီ တယ်လီစကုပ် ကြီးကတော့ အာကာသ ထဲမှာ လွှတ်တင်ထားတာ မဟုတ်ပဲ ကမ္ဘာမြေ ပေါ်မှာ တည်ဆောက် ထားတဲ့ အင်ဖရာရက် အနီအောက် ရောင်ခြည် တယ်လီစကုပ်ကြီး ဖြစ်ပါတယ်။

ဒီလို ကမ္ဘာမှာ တည်ဆောက် ထားတာမို့ ဥရောပ အာကာသ အေဂျင်ဆီ တယ်လီစကုပ်ဟာ စကြာဝဠာ သက်တမ်း နှစ်သန်း ၆၀၀ နောက်ပိုင်းပဲ မြင်နိုင်ပါတယ်။ (ဒီ့ထက်စောတဲ့ အချိန်က လာတဲ့  အနီအောက် ရောင်ခြည် လှိုင်းတွေက အလျား ပိုရှည် သွားတာမို့ ကမ္ဘာ့လေထုကို မဖြတ်နိုင် တော့ပါဘူး။)

ဂျိမ်းစ်ဝက်ဘ် ကတော့ အာကာသ ထဲမှာ လွှင့်တင် ထားတာမို့ ဒီ ပြဿနာ မရှိပါဘူး။ ဒါ့ကြောင့် ဂျိမ်းစ်ဝက်ဘ် ဟာ စကြာဝဠာ ရဲ့ပိုစောတဲ့ ကာလကို မြင်နိုင်တာ ဖြစ်ပါတယ်။

ဒီ ဥရောပ အေဂျင်စီ တယ်လီစကုပ်က ဖမ်းထူထားတဲ့ ဓါတ်ပုံနဲ့ ဂျိမ်းစ်ဝက်ဘ်က ရိုက်ယူထား တဲ့ ဓါတ်ပုံ နှစ်ပုံ ယှဉ်ကြည့်လိုက်တဲ့ အခါမှာတော့ ဘယ် ဂလက်ဆီ တွေဟာ နှစ်သန်း ၆၀၀ ထက် စောတဲ့ ဂလက်ဆီ တွေလဲ ဆိုတာ ထင်ရှား လာပါတယ်။

သုတေသီ အဖွဲ့ဟာ အခုထိ အစောပိုင်း ဂလက်ဆီ ၅၅ ခု ရှာဖွေ တွေ့ရှိ ထားပြီးပါပြီ။ ဒီ အထဲက ၄၄ ခုဟာ အရင်က မတွေ့ရှိ ခဲ့ရသေးတဲ့ ဂလက်ဆီတွေ ဖြစ်ကြပါတယ်။ သူတို့ အထဲက ဂလက်ဆီ နှစ်ခုကတော့ အလွန် ရှေးကျတဲ့ ဂလက်ဆီတွေ ဖြစ်ကြပြီး စကြာဝဠာ အစဦး သက်တမ်း နှစ်သန်း ၄၀၀ ခန့်လောက်က ဂလက်ဆီတွေ ဖြစ်ကြပါတယ်။

ဒါပေမယ့် အခုတွေ့တဲ့ ဂလက်ဆီ အသစ် ကတော့ ဒီ ဂလက်ဆီ တွေထက်တောင် ပိုပြီး ရှေးကျ နေပါသေးတယ်။ ဒီ ဂလက်ဆီ ရဲ့ ကာလကို သုတေသီ တွေက စကြာဝဠာ မွေးဖွားပြီး ပထမ နှစ်သန်း ၂၅၀ အတွင်း ဖြစ်မယ်လို့ ခန့်မှန်း ကြပါတယ်။

အခု ဂလက်ဆီဟာ နေအစင်း သန်း ၁၀၀၀ လောက်နဲ့ ညီမျှတဲ့ ဒြပ်ထု ရှိမယ်လို့ ခန့်မှန်း ကြပါတယ်။ သုတေသီ တွေရဲ့ ခန့်မှန်းချက် အရ ဒီ ဂလက်ဆီဟာ စကြာဝဠာ သက်တမ်း နှစ်သန်း ၁၂၀ ခန့်ပဲ ရှိသေးတဲ့ အချိန်မှာ စတင် မွေးဖွားခဲ့ခြင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

ဘယ်လိုပဲ ဖြစ်ဖြစ် ဒီ ဂလက်ဆီ မွေးဖွားတဲ့ အချိန်ဟာ စကြာဝဠာ သက်တမ်း နစ်သန်း ၂၂၀ ထက်တော့ နောက်မကျနိုင် ဘူးလို့ ဆိုပါတယ်။

အခု ဂလက်ဆီကို တွေ့ရှိခဲ့တဲ့ သုတေသီ တွေက ဒီ တွေ့ရှိရတဲ့ အချက်အလက် တွေဟာ ခိုင်မာမှု ရှိတယ်လို့ ယုံကြည် ကြပါတယ်။ 

နောက်တဆင့် အနေနဲ့ gravitational lensing နည်းလမ်းကို အသုံးပြုပြီး ဒီ အစောပိုင်း ဂလက်ဆီ တွေရဲ့ ဖွဲ့စည်းပုံကို လေ့လာဖို့ပဲ ဖြစ်ပါတယ်။ (Gravitational lensing ခေါ် ဒြပ်ဆွဲအား မှန်ဘီလူး ဆိုတာက ဂလက်ဆီ (သို့) black hole တွေရဲ့ တဖက် အလင်းဟာ ဒီ ဂလက်ဆီ / တွင်းနက်တွေရဲ့ ဆွဲအားကြောင့် ကွေးသွားပြီး မှန်ဘီလူးလို ဖြစ်သွားတာ ကို ခေါ်တာ ဖြစ်ပါတယ်။ ဒီနည်းအားဖြင့် ဂလက်ဆီ တစ်ခုရဲ့ တဖက်ခြမ်းက အခြား ဂလက်ဆီ တွေကို ပုံကြီးချဲ့ပြီး ကြည့်မြင်နိုင် ပါတယ်။)

ဒီလို လေ့လာပြီး ရလာတဲ့ ရလဒ်တွေဟာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကိုတော့ နက္ခတ် ပညာရှင်တွေ ရင်ခုန်စွာ စောင့်စားနေ ကြပါတယ်။

Ref: One week later, astronomers find a galaxy even deeper back in time

error: