Skip to content

စကြာဝဠာ အစဦးမှ တောက်ပသော ဂလက်ဆီ အများအပြား ဂျိမ်းစ်ဝက်ဘ် ရှာတွေ့

  • Space
James Webb early galaxies

ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ်ကြီး အပြည့်အဝ စတင် တာဝန်ထမ်းဆောင်တာ အခုဆို သီတင်းပတ် အနည်းငယ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် ဒီ ကာလတိုလေး အတွင်းမှာ ထင်မှတ် မထား ခဲ့ကြတဲ့ ရှာဖွေ တွေ့ရှိမှု အသစ်တွေ ဆက်တိုက် ဆိုသလိုပဲ ရှာဖွေ ဖော်ထုတ် ပေးနိုင် ခဲ့ပါတယ်။

အခု နောက်ဆုံး ရှာဖွေ တွေ့ရှိ မှုကလဲ နက္ခတ် ပညာရှင် တွေကို အံ့အားသင့် သွားစေတဲ့ တွေ့ရှိမှုပဲ ဖြစ်ပါတယ်။ ဒါကတော့ စကြာဝဠာ အစဦး ကာလက တောက်ပတဲ့ဂလက်ဆီ ပေါင်း များစွာကို ရှာဖွေ ဖော်ထုတ် ပေးနိုင် ခဲ့တာပဲ ဖြစ်ပါတယ်။

အခု ရှာဖွေ တွေ့ရှိ ခဲ့ရတဲ့ ဂလက်ဆီ အရေအတွက်ဟာ မူလက နက္ခတ် ပညာရှင်တွေ မျှော်မှန်း ထားခဲ့တဲ့ အရေအတွက်ထက် အဆပေါင်း များစွာ ပိုပြီး များနေပါတယ်။ ဒီလို ဖြစ်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ တာမို့ နက္ခတ် ပညာရှင် များဟာ အံ့အား သင့်ကုန် ကြရပါတယ်။

အခု တွေ့ရှိချက်ကြောင့် ဂလက်ဆီ တွေ မွေးဖွား ဖြစ်ပေါ်မှုနဲ့  ပတ်သက်တဲ့ သီအိုရီ တွေကို ပြန်ပြီး အသစ်ပြန် ရေးရ မလို ဖြစ်နေပါတယ်။ 

လက်ရှိ အများ လက်ခံထားတဲ့ ဂလက်ဆီ မွေးဖွားမှု သီအိုရီ အရ ဓါတ်ငွေ့ တိမ်တိုက် တွေဟာ ဖြည်းဖြည်းချင်း ပေါင်းစုမိပြီး ကြယ်တွေ၊ ဂလက်ဆီတွေ မွေးဖွားလာ ကြပါတယ်။ ဒါပေမယ့် ဂျိမ်းစ်ဝက်ဘ် ရဲ့ ရှာဖွေ တွေ့ရှိ မှုအရဆို ဒီလို ဓါတ်ငွေ့တွေ ပေါင်းစုပြီး ဂလက်ဆီတွေ ဖြစ်လာတဲ့ နှုန်းဟာ လက်ရှိ ထင်မှတ် ထားခဲ့ ကြတာထက် ပိုပြီး မြန်နေပါတယ်။

ဂျိမ်းစ်ဝက်ဘ် ရဲ့ တွေ့ရှိ ချက် အရ ဘစ်ဘင် (Big Bang) မဟာ ပေါက်ကွဲမှုကြီး ဖြစ်အပြီး နှစ် သန်း ၅၀၀ အတွင်းမှာ ဂလက်ဆီ အမြောက်အများ မွေးဖွား လာခဲ့ပြီး ဖြစ်နေပါတယ်။ ဒါဟာ လက်ရှိ သီအိုရီ တွေက ခန့်မှန်း ထားတာထက် အများကြီး ပိုပြီး စောနေပါတယ်။

ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးကို အမေရိကန် ပြည်ထောင်စု နာဆာ အာကာသ အေဂျင်စီ၊ ကနေဒါ အာကာသ အေဂျင်စီ နဲ့ ဥရောပ အာကာသ အေဂျင်စီ တို့က ပူးပေါင်းပြီး တည်ဆောက် ထားတာ ဖြစ်ပါတယ်။ ဒီ တယ်လီစကုပ် ကြီးဟာ ကမ္ဘာကနေ ကီလိုမီတာ ၁.၅ သန်း အကွာကနေ စကြာဝဠာ တခွင်ကို လေ့လာရေး ပြုလုပ် နေတာ ဖြစ်ပါတယ်။

ဂျိမ်းစ် ဝက်ဘ် တယ်လီစကုပ် ကြီးမှာ စကြာဝဠာ ရဲ့ အစောပိုင်း ကာလတွေကို မြင်နိုင်ဖို့ အားကောင်းတဲ့ အနီအောက် ရောင်ခြည် (infrared) ကင်မရာတွေ တပ်ဆင် ထားပါတယ်။ သူ့ရဲ့ အလင်းပြန် ကြေးမုံ မှန်ဘီလူးဟာ အချင်း ၆.၅ မီတာ ကျယ်ပါတယ်။ ဒါဟာ သူ့အရင် ဟတ်ဘယ် (Hubble Telescope) ကြီးရဲ့အလင်းပြန် မျက်နှာပြင်ထက် ၆ ဆလောက် ပိုကြီးပါတယ်။

ဂျိမ်းစ်ဝက်ဘ်က ပထမဆုံး ရှာဖွေ တွေ့ရှိ ခဲ့တဲ့ စကြာဝဠာ အစဦး ဂလက်ဆီဟာ မဟာ ပေါက်ကွဲမှု အပြီး နှစ်သန်း ၂၃၀ ပဲ ရှိသေးတဲ့ အချိန်က ဂလက်ဆီ ဖြစ်ပါတယ်။ ဒီ ဂလက်ဆီဟာ အခုထိ ရှာဖွေ တွေ့ရှိ ခဲ့ဘူးသမျှ ဂလက်ဆီ တွေထဲမှာ အဝေးဆုံး ဂလက်ဆီလဲ ဖြစ်ပါတယ်။ 

ထပ်မံ ရှာဖွေ တွေ့ရှိချက်တွေ အရ အခု တွေ့တဲ့ ဂလက်ဆီဟာ သူ့လို အစောပိုင်း ဂလက်ဆီ တွေထဲက တစ်စင်းသာ ဖြစ်တယ် ဆိုတာ တွေ့လာ ရပါတယ်။ ဒီ ဂလက်ဆီ ရှာဖွေ တွေ့ရှိပြီး နောက်ပိုင်းမှာ ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးကနေ စကြာဝဠာ အစောပိုင်း ကာလက ဂလက်ဆီ အများအပြားကို ထပ်မံ ရှာဖွေ တွေ့ရှိခဲ့ ပြန်ပါတယ်။

ဆက်စပ်ဆောင်းပါး – Big Bang မတိုင်မီက ဘာဖြစ်ခဲ့ သလဲ

ဒီ အစောပိုင်း ဂလက်ဆီ တွေဟာ အရွယ်အစား အားဖြင့် ဆိုရင်တော့ ယနေ့ခေတ် မြင်နေရတဲ့ ဂလက်ဆီ တွေထက် အများကြီး ပိုပြီး သေးငယ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ခုခေတ် ဂလက်ဆီ တွေထက် ပိုပြီး တောက်ပ ကြတာကို တွေ့ကြ ရပါတယ်။

ဒါပေမယ့် ဒီလို ရှေးဦး ဂလက်ဆီတွေ အများအပြား တွေ့တယ် ဆိုတာကို နက္ခတ် ပညာရှင် အချို့ကတော့ လက်မခံ ချင်ကြပါဘူး။ ဒီလို ကောက်ချက် ချတာကို ကောင်းကင်ရဲ့ အစိတ်အပိုင်း သေးသေးလေးကို ရိုက်ထားတဲ့ ဓါတ်ပုံ တစ်ပုံ ထဲနဲ့ မဆုံး ဖြတ် သင့်ဘူးလို့ အချို့က ယူဆ ကြပါတယ်။ သူတို့ရဲ့ အမြင်ကတော့ ဒီ ဓါတ်ပုံဟာ အရမ်းကို ကံကောင်းလို့ ရှေးဦး ဂလက်ဆီ တွေ အများအပြား ဓါတ်ပုံထဲ ပါလာတာ ဖြစ်နိုင်တယ်လို့ ထောက်ပြ ကြပါတယ်။

James Webb's first deep field image
James Webb ရဲ့ ပထမဆုံး ဓါတ်ပုံ (Image credit: NASA, ESA, CSA, and STScI)

ဒါပေမယ့် ဒီအချက် ကလဲ ဖြေရှင်းဖို့ သိပ်မခက် ပါဘူး။ နောက်လာမယ့် လတွေ အတွင်းမှာ ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးဟာ ကောင်းကင်ရဲ့ အခြားသော အစိတ်အပိုင်း တွေကို ဆက်လက် လေ့လာမှာ ဖြစ်ပါတယ်။ 

ဒီ အခါ ကျရင် အခြား ဒေသ တွေမှာရော ဒီလိုပဲ ရှေးဦး ဂလက်ဆီတွေ ပြွတ်သိပ်နေအောင် တွေ့ရမလား၊ ဒါမှ မဟုတ် ဂလက်ဆီ သီအိုရီ တွေက ခန့်မှန်း သလို ခေတ်ဦး ဂလက်ဆီ အနည်းအကျဉ်းပဲ တွေ့ရမလား ဆိုတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါး – Big Bang မဟာပေါက်ကွဲမှု ပြီး ဘာတွေ ဆက်ဖြစ်လာလဲ

နောက် ဖြစ်နိုင်တာ တခုကတော့ အချိန် နဲနဲ နောက်ကျမှ ဖြစ်လာတဲ့ ဂလက်ဆီ တွေကို ရှေးဦးပိုင်း ဂလက်ဆီ တွေလို့ မှားပြီး ကောက်ချက်ဆွဲ တာမျိုးလဲ ဖြစ်နိုင်ပါတယ်။ 

ဂလက်ဆီ တွေရဲ့ သက်တမ်းကို သူတို့ဆီက လာတဲ့ အလင်းရောင်စဉ်ကို ကြည့်ပြီး ဆုံးဖြတ်တာ ဖြစ်ပါတယ်။ အကွာ အဝေး ဝေးတဲ့ ဂလက်ဆီ တွေဆီက အလင်းဟာ အနီရောင် သမ်းသွားပါတယ်။ ဂလက်ဆီ တစ်ခု ဝေးလေလေ အနီရောင် သမ်းတာ များလေလေ ဖြစ်ပါတယ်။ အရမ်း ဝေးတဲ့ ဂလက်ဆီ တွေက အလင်းကျတော့ အနီရောင် ကို ကျော်ပြီး အနီအောက် ရောင်ခြည် ထဲအထိ ရောက်သွားပါတယ်။

ဒါပေမယ့် ဒီ အလင်းရောင်စဉ် ဟာလဲ တခါတလေ မှားယွင်း နေတာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာ ကြားမှာ ထူထပ်တဲ့ ဖုန်မှုန့် တိမ်တိုက်တွေ ခံနေတဲ့ အခါမျိုးမှာ အချို့သော ရောင်စဉ် တွေကို စုပ်ယူ ထားလိုက် တာမို့ ဒီ ဖုန်မှုန့် တွေကြားက ဖြတ်လာတဲ့ အလင်းဟာ အနီဖက်ကို ပိုပြီး ယိုင်နေတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို ဂလက်ဆီ တွေရဲ့ အလင်းရောင်စဉ်ကို ဖတ်တဲ့ အခါမှာ သူတို့ရဲ့ အကွာအဝေးကို ပိုဝေး သကဲ့သို့ ထင်မှတ် မှားနိုင်ပါတယ်။

ဒီလို ရောင်စဉ် မှားဖတ်မိတဲ့ ခေတ်ဦး ဂလက်ဆီ အချို့ကိုလဲ ဂျိမ်းစ်ဝက်ဘ် ရဲ့ သုတေသန အဖွဲ့က ရှာဖွေ နိုင်ခဲ့ ကြပါတယ်။ ဒါပေမယ့် အကယ်လို့ ခေတ်ဦး ဂလက်ဆီ အများအပြား ရှာတွေ့တာ တကယ် မှန်ကန် ခဲ့မယ် ဆိုရင်တော့ ဒါဟာ ဂလက်ဆီ မွေးဖွားမှု သီအိုရီ ကိုပြန်လည် စဉ်းစား ပြုပြင်ဖို့ လိုအပ်နေပြီး ဆိုတာ ပြနေတဲ့ အထောက်အထား တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါး – ဂလက်ဆီ (Galaxy) ဆိုတာဘာလဲ

ကျွန်တော်တို့ရဲ့ အနီးအနားက ဂလက်ဆီတွေကို လေ့လာရာကနေ ဒီ ဂလက်ဆီ တွေအတွင်းက ဓါတ်ငွေ့ တိမ်တိုက်တွေ ရဲ့ အပူချိန်ဟာ ဆွဲငင်အားကြောင့် ဓါတ်ငွေ့တွေ စုစည်းတဲ့ ဖြစ်စဉ်ကို အဆ ၁၀၀ လောက် နှေးသွား စေနိုင်မယ် ဆိုတာကို နက္ခတ် ပညာရှင် တွေ တွေ့ရှိခဲ့ ကြပါတယ်။  

စကြာဝဠာ အတွင်း ကနေဦး ဂလက်ဆီ တွေ အတွင်းမှာ ကြယ်တွေ မွေးဖွား လာတဲ့ အခါမှာ ဒီ ကြယ်တွေက ထွက်တဲ့ အပူဟာ သူတို့ ပတ်ဝန်းကျင်က ဓါတ်ငွေ့တိမ်တိုက် တွေကို ပိုမို ပူပြင်း လာစေပါတယ်။ ဒီ အပူဟာ ဓါတ်ငွေ့တွေ စုစည်းမှုကို တားဆီး ပေးမှာ ဖြစ်တာကြောင့် နောက်ထပ် ကြယ်သစ်တွေ ထပ်မံ ဖြစ်ပေါ်မှုကို နှေးကွေးသွား စေမှာ ဖြစ်ပါတယ်။ 

စကြာဝဠာ အစောပိုင်းက ကနဦး ကြယ်တွေရဲ့ သက်တမ်းဟာလဲ​ အရမ်းကို တိုတောင်း လွန်းလှပါတယ်။ ဒီ ကြယ်တွေ ဆူပါနိုဗာ တွေအဖြစ် ပေါက်ကွဲသွားတဲ့ အခါမှာလဲ အပူ အများအပြား ထွက်လာပြီး ပတ်ဝန်းကျင် ဓါတ်ငွေ့ တိမ်တိုက် တွေကို ပိုမို ပူပြင်း လာစေ မှာ ဖြစ်ပါတယ်။ 

အချို့ အခြေ အနေ တွေမှာဆို ကနဦး ဂလက်ဆီ တွေအတွင်းက ဓါတ်ငွေ့ တိမ်တိုက်တွေဟာ ဆူပါနိုဗာ ပေါက်ကွဲမှုကြောင့် ဟင်းလင်းပြင်ထဲ လွင့်ထွက် သွားတာမျိုးတောင် ဖြစ်လာ နိုင်ပါတယ်။ ဒီလို အခြေအနေမျိုး ဖြစ်ခဲ့ရင် ကနဦး ဂလက်ဆီရဲ့ ဘဝဟာလဲ နိဂုံးချုပ် သွားမှာ ဖြစ်ပါတယ်။

ဟတ်ဘယ် တယ်လီစကုပ် (Hubble Space Telescope) ကြီးရဲ့ လေ့လာမှု အရ ကြယ်သစ်တွေ ဖြစ်ပေါ်တဲ့ နှုန်းဟာ စကြာဝဠာ သက်တမ်း နှစ် သန်း ၆၀၀ နောက်ပိုင်းကနေ အခု အချိန် အထိ တည်တည်ငြိမ် ငြိမ် နဲ့ တသမတ်ထဲ ရှိနေ ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခု ဝက်ဘ် ရဲ့ တွေ့ရှိမှု အရတော့ ကနဦး စကြာဝဠာ အတွင်းမှာ ကြယ်သစ်တွေ မွေးဖွားဖြစ်ထွန်းမှုဟာ  နောက်ပိုင်း ကာလထက် ပိုပြီး မြန်ဆန် နေတာကို တွေ့ကြရပါတယ်။ 

ကနဦး စကြာဝဠာ အတွင်းက မြင့်မားတဲ့ အပူချိန်နဲ့ သိပ်သည်းမှုဟာ ကြယ်သစ် မွေးဖွားမှုကို ပိုမို မြန်ဆန်စေလား ဆိုတာကို လက်ရှိ သီအိုရီ တွေက အဖြေပေး နိုင်ခြင်း မရှိ သေးပါဘူး။ 

နောက်ထပ် သီအိုရီ တခုကတော့ ကနဦး ကြယ်တွေဟာ မဟာ ပေါက်ကွဲမှု (Big Bang) က ကြွင်းကျန် ရစ်ခဲ့တဲ့ ရှေးဦး ဒြပ်ဝတ္ထု တွေ ဖြစ်တဲ့ ဟိုက်ဒြိုဂျင် နဲ့ ဟီလီယံ သန့်သန့် ကနေ ဖြစ်ပေါ် မွေးဖွား လာခဲ့တာမို့ သူတို့ရဲ့ မွေးဖွားတဲ့ ဖြစ်စဉ်ဟာ ပိုပြီး မြန်ဆန် လိမ့်မယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒီ ကြယ်တွေမှာ နှောင်းပိုင်း ကြယ်တွေလို လေးလံတဲ့ ဒြပ်ဝတ္ထုတွေ မပါဝင် တာမို့ သူတို့ရဲ့ မွေးဖွားမှုဟာ နှောင်းပိုင်း ကြယ်တွေထက် ပိုမြန်တာ ဖြစ်မယ်လို့ ဆိုပါတယ်။

ဒါမှ မဟုတ်လဲ လက်ရှိ ဂလက်ဆီတွေ မွေးဖွားမှုနဲ့ ပါတ်သက်တဲ့ သီအိုရီတွေ ကိုယ်နှိုက်က မှားယွင်း နေတာမျိုးလဲ ဖြစ်နိုင် ပါသေးတယ်။ 

ယခုလက်ရှိ လက်ခံထားတဲ့ သီအိုရီဟာ dark matter ခေါ် အမှောင်ဒြပ် ကို အခြေခံတဲ့ သီအိုရီ ဖြစ်ပါတယ်။ lambda-CDM လို့ အမည်ပေး ထားတဲ့ ဒီ သီအိုရီ အရ Big Bang မဟာပေါက်ကွဲမှုကြီး အပြီး သိပ်မကြာမီ ကာလမှာ မမြင်ရတဲ့ အမှောင်ဒြပ်ဟာ စကြာဝဠာ အတွင်းက ဒြပ်ပစ္စည်း အများစုကို တစ်စု တစ်စည်းထဲ စုဝေးနေတဲ့ အစုအဝေးတွေ ဖြစ်သွားအောင် ပြုလုပ် ပေးတယ်လို့ ဆိုပါတယ်။ ဒီ အစုအဝေး တွေကနေ ဂလက်ဆီတွေ ဖြစ်လာ ကြတယ်လို့ ယူဆ ကြပါတယ်။

ဒီ သီအိုရီက စကြဝဠာ ကနဦးမှာ ရှိနိုင်တဲ့ ဂလက်ဆီ အရေးအတွက်ကို ခန့်မှန်း တွက်ဆ ပေးထားပါတယ်။ ဒီ ခန့်မှန်းထားတဲ့ ဂလက်ဆီ အရေအတွက်ဟာ အခု ဂျိမ်းစ်ဝက်ဘ်က ရှာဖွေ ပေးလိုက်တဲ့ ကနဦး ဂလက်ဆီ အရေအတွက်နဲ့ မကိုက်ဘူး ဖြစ်နေပါတယ်။

အချို့ နက္ခတ် ပညာရှင် တွေကတော့ ဒီ Lambda-CDM သီအိုရီမှာ အသုံးပြုတဲ့ ဖော်မြူလာကို အနည်းငယ် ပြုပြင်ပြီး ဝက်ဘ် က ပေးတဲ့ ဂလက်ဆီ အရေအတွက်နဲ့ ကိုက်ညီအောင် ပြုလုပ်ဖို့ ဖြစ်နိုင်မယ်လို့ ယူဆ ကြပါတယ်။ ဒါပေမယ့် အချို့ နက္ခတ် ပညာရှင် တွေကတော့ စကြာဝဠာ ကနဦး သီအိုရီ တွေကို အကြီးအကျယ် ပြန်ပြီး ပြုပြင်ဖို့ လိုကောင်း လိုမယ်လို့ ပြောနေ ကြပါတယ်။

အချို့ နက္ခတ် ပညာရှင် တွေက အခု တွေ့ရှိချက်ဟာ Big Bang သီအိုရီ ကိုတောင် ခြိမ်းခြောက် လာနိုင်တယ်လို့ ယူဆ ကြပါတယ်။ ဒါပေမယ့် အများစု ကတော့ Big Bang Theory ရဲ့ အခြေခံ မူတွေကိုတော့ ထိခိုက်မှာ မဟုတ်ဘူးလို့ ယုံကြည် ကြပါတယ်။

အခု ပဟေဠိရဲ့ အဖြေကို Jams Webb ကပဲ​ ရှာဖွေပေးကောင်း ပေးနိုင်မှာ ဖြစ်ပါတယ်။ နောင် လေ့လာ မှုတွေမှာ ရှေးဦး ဂလက်ဆီီ တွေ အတွင်းနဲ့ ပတ်ခြာလည်က ဓါတ်ငွေ့ တိမ်တိုက်တွေရဲ့ လှုပ်ရှားမှုကို အသေးစိတ် လေ့လာဖို့ အစီအစဉ် ရှိပါတယ်။ ဒီ ကနဦး ဓါတ်ငွေ့ တိမ်တိုက်တွေရဲ့ လှုပ်ရှားမှုဟာ ပထမဆုံး ဂလက်ဆီတွေ ဘယ်လို မွေးဖွားလာလဲ ဆိုတာနဲ့ ပတ်သက်တဲ့ သဲလွန်စတွေ ပေးနိုင်မှာ ဖြစ်ပါတယ်။

နက္ခတ် ပညာရှင် တွေကတော့ နောက် ၆ လ လောက်ဆို အဖြေ သိရမှပါလို့ ဆိုကြပါတယ်။

Ref: Webb telescope reveals unpredicted bounty of bright galaxies in early universe | Science

error: