Skip to content

ဘာမြူဒါ တြိဂံ တကယ် ရှိသလား

  • Earth
ship wreck at storm sea

အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်ရဲ့ အရှေ့ဖက် ကမ်းလွန်မှာ နာမည်ကျော် ဘာမြူဒါ တြိဂံ (Bermuda Triangle) ရှိပါတယ်။ ဒီ ဘာမြူဒါ တြိဂံဟာ သင်္ဘောတွေ၊ လေယာဉ်တွေ ထူးဆန်းစွာ ပျောက်ဆုံးမှုတွေ ဖြစ်ပေါ်တယ် ဆိုပြီး နာမည် ကျော် အရပ်ဒေသ တစ်ခု ဖြစ်ပါတယ်။ 

ဒီ ဘာမြူဒါ တြိဂံကို ဖြတ်သန်းသွားတဲ့ သင်္ဘောတွေဟာ ဘာအကြောင်းမှ မရှိပဲ ရုတ်တရက် ပျောက်ဆုံး သွားကြတယ်လို့ ဆိုပါတယ်။ ဒီလိုပဲ ဒီ တြိဂံကို ဖြတ်ပျံတဲ့ လေယာဉ် တွေဟာလဲ ရေဒါကနေ ရုတ်တရက် ပျောက်ဆုံးပြီး အစ ရှာမရအောင် ပျောက်ဆုံး သွားကြတယ်လို့ ဆိုပါတယ်။

ဒီလို ထူးဆန်းတဲ့ ပျောက်ဆုံး မှုတွေ ကြောင့် ဘာမြူဒါ တြိဂံနဲ့ ပတ်သက်ပြီး အမျိုးမျိုး ပြောဆိုမှုတွေ ထွက်ပေါ် လာကြပါတယ်။ ဒီလို ပြောဆိုမှုတွေ၊ အယူအဆ တွေထဲမှာ တမလွန်က ဝိညာဉ်တွေရဲ့ ဖမ်းစားမှု၊ ဂြိုဟ်သားတွေရဲ့ ပြန်ပေးဆွဲမှု တွေနဲ့ အခြား ဒိုင်မင်းရှင်း တစ်ခုထဲကို ရောက်သွားပြီး ပျောက်ဆုံးသွားတယ် ဆိုတာ တွေအထိ ပါဝင်ပါတယ်။

ဒီလို အယူအဆ အမျိုးမျိုး ပေါ်ထွက် လာခဲ့ ရတာကလဲ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ ဒီ ဘာမြူဒါ တြိဂံ အတွင်းမှာ အဖြေရှာ မရတဲ့ ရေယာဉ် နဲ့ လေယာဉ် ပျောက်ဆုံး မှုတွေကလဲ တကယ်ပဲ ဖြစ်ခဲ့တာပါ။

ဥပမာ တစ်ခု ပေးရရင် အမေရိကန် ပြည်ထောင်စု ရေတပ်မတော်က ဗုံးကျဲလေယာဉ် အုပ်တစ်ခုဟာ ဒီဒေသကို ဖြတ်ပျံသန်းရင်း ထူးဆန်းစွာ ပျောက်ဆုံး သွားခဲ့ ဖူးပါတယ်။ ဒီ လေယာဉ်တွေကို အခုထိ ပြန်ပြီး ရှာဖွေ တွေ့ရှိရခြင်း မရှိခဲ့ ပါဘူး။

အခြား အပျော်စီး ရွက်လှေတွေနဲ့ သင်္ဘောတွေလဲ ဒီလိုပဲ ရာသီဥတု ကောင်းနေလျှက်နဲ့ လုံးဝ စုပ်စမြုပ် ပျောက်ကွယ် သွားခဲ့ဖူးပါတယ်။ 

Bermuda Triangle
ဘာမြူဒါ တြိဂံ ဒေသပြ မြေပုံ (Credit: Wikipedia)

ဒီလို ပျောက်ဆုံး မှုတွေ ရှိပေမယ့် ပညာရှင် တွေကတော့ အခုလို ပျောက်ဆုံးမှုတွေဟာ ဘာမြူဒါ တြိဂံ ဒေသ တစ်ခုထဲမှာ ဖြစ်တာ မဟုတ်ပဲ ကမ္ဘာအနှံ့က သမုဒ္ဒရာ ပင်လယ်တွေ အတွင်းမှာလဲ ပုံမှန် ဖြစ်ပွားနေတဲ့ ကိစ္စ ဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်တမ်း မှာလဲ ဘာမြူဒါ ဒေသ အတွင်းက ပျောက်ဆုံး မှုဖြစ်ပေါ်နှုန်းဟာ ကမ္ဘာ့ အခြား အရပ်တွေက ပင်လယ်တွေမှာ ဖြစ်ပေါ်တဲ့ ပျောက်ဆုံးမှုနှုန်း တွေထက် ဘာမှ ထူးထူးခြားခြား ကွာခြားမှု မရှိပါဘူး။

လက်တွေ့မှာ ဒီ ဘာမြူဒါ ဒေသဟာ ကမ္ဘာပေါ်မှာ သင်္ဘောခရီး သွာလာမှု အများဆုံး ဒေသတွေထဲ အပါအဝင် ဖြစ်ပါတယ်။ ဒီဒေသမှာ ပင်လယ်ကူး လူစီး သင်္ဘောတွေ၊ ကုန်တင် သင်္ဘောတွေ တင်မက အပျော်စီး ရွက်လှေ ငယ်တွေလဲ အများအပြား နေ့စဉ် ဖြတ်သန်း သွားလာ နေကြပါတယ်။ ဒီ လှေသင်္ဘောတွေ အားလုံး နီးပါးဟာ ဘာမှ ဘေးအန္တရာယ် မကျရောက်ပဲ နေ့စဉ် အန္တရာယ် ကင်းစွာနဲ့ လိုရာ ခရီးကို ရောက်ရှိ နေကြတာပါ။

ဘာမြူဒါ တြိဂံ ဒဏ္ဍာရီ

ဒါဆို ဘာမြူဒါ တြိဂံ ဒဏ္ဍာရီဟာ ဘယ်လို စတင် ဖြစ်လာ ခဲ့တာပါလဲ။

ဒီ ဒေသကို ပထမဆုံး စတင် ဖြတ်သန်း ခဲ့တဲ အနောက်နိုင်ငံသားကတော့ အမေရိကတိုက်ကို ရှာဖွေ တွေ့ရှိခဲ့တဲ့ ခရစ်စတိုဖာ ကိုလန်ဘတ်စ် (Christopher Columbus) ပဲ ဖြစ်ပါတယ်။ 

သူ့ရဲ့ မှတ်တမ်းအရ ဒီ ပင်လယ်ကို ဖြတ်သန်းစဉ်မှာ အလွန် ကြီးမားတဲ့ မီးတောက်ကြီးဟာ ညဖက် ကောင်းကင်ကနေ ပင်လယ်ထဲကို ပြုတ်ကျလာ ခဲ့တယ်လို့ ဆိုပါတယ်။ ဒီ့နောက် သီတင်းပတ် အနည်းငယ် အကြာမှာ ထူးဆန်းတဲ့ အလင်းရောင် တွေကို အဝေးမှာ လှမ်းမြင် ရတယ်လို့ မှတ်တမ်းတင် ထားခဲ့ပါတယ်။

ဒါ့အပြင် ခရစ်စတိုဖာ ကိုလန်ဘတ်စ်က ဒီ ပင်လယ် အတွင်း ဖြတ်သန်းစဉ်မှာ သံလိုက် အိမ်မြှောင်တွေ ပရမ်းပတာ ဖြစ်ကုန်တဲ့ ဖြစ်စဉ်ကိုလဲ မှတ်တမ်းတင် ထားခဲ့ ပါသေးတယ်။

နာမည်ကျော် အင်္ဂလိပ် ပြဇာတ်ရေး ဆရာကြီး ဝီလျံ ရှိတ်စပီးယား (William Shakespeare) ရဲ့ “The Tempest” ဆိုတဲ့ ပြဇာတ်ဟာ ဒီ ဘာမြူဒါ တြိဂံ အတွင်း သင်္ဘောပျက် ခဲ့တဲ့ တကယ့် ဖြစ်ရပ်မှန်ကို အခြေတည်ပြီး ရေးဖွဲ့ထားခဲ့တာလို့ ပညာရှင် တွေက ပြောကြပါတယ်။

၁၉၀၉ ခုနှစ်ကလဲ ကမ္ဘာတပတ် တစ်ကိုယ်တော် ရွက်လွှင့်ပြီး နာမည် ကျော်ကြား လာခဲ့သူ ဂျိုရှူယာ ဆလိုကမ် (Joshua Slocum) ဟာ ဒီ ဘာမြူဒါ တြိဂံ အတွင်းမှာပဲ ပျောက်ဆုံး သွားခဲ့ ဖူးပါတယ်။

ဒါပေမယ့် ဘာမြူဒါ တြိဂံကို တကယ် နာမည် ကျော်ကြား စေခဲ့တဲ့ ဖြစ်ရပ်ကတော့ ၁၉၁၈ ခုနှစ် မတ်လက ဖြစ်ပွားခဲ့တဲ့ ယူအက်စ်အက်စ် ဆိုက်ကလော့ပ် (USS Cyclops) သင်္ဘော ပျောက်ဆုံးမှုပဲ ဖြစ်ပါတယ်။

USS Cyclops in Hudson River
ဘာမြူဒါ တြိဂံအတွင်း ထူးဆန်းစွာ ပျောက်ဆုံးသွား ခဲ့သည့် USS Cyclops သင်္ဘော (Credit: Wikipedia)

ဒီ သင်္ဘောဟာ အမေရိကန် ရေတပ်က ပိုင်ဆိုင်တဲ့ ကုန်တင်သင်္ဘော ဖြစ်ပြီး ဒီ ဖြစ်ရပ် ဖြစ်ပွားစဉ်က သင်္ဘောသား နဲ့ ခရီးသည် ၃၀၀ ကျော်နဲ့ မက်ဂနိစ် သတ္တုရိုင်း တန်ချိန် ၁၀,၀၀၀ ကျော် တင်ဆောင် ထားခဲ့ပါတယ်။ ဒီ သင်္ဘောဟာ ဒီ ဘာမြူဒါ တြိဂံ အတွင်း ဖြတ်သန်းစဉ် နစ်မြုပ် သွားခဲ့ ပါတယ်။

ဒီ သင်္ဘော နစ်မြုပ်မှု ဖြစ်စဉ်မှာ သင်္ဘောပေါ်မှာ ကြိုးမဲ့ ကြေးနန်း ဆက်သွယ်ရေးစက် ပါပေမယ့် အသက်ကယ် ကြေးနန်း (SOS signal) လုံးဝ ထုတ်လွှင့်ခဲ့ခြင်း မရှိ ခဲ့ပါဘူး။ သင်္ဘောကို ရှာဖွေဖို့ ကြိုးစား ခဲ့ပေမယ့် ဘာအပျက်အစီး အပိုင်းအစမှ ရှာဖွေ တွေ့ရှိ ခဲ့ခြင်း မရှိ ခဲ့ပါဘူး။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အမေရိကန် သမတ ဝုဒ်ရိုး ဝီလ်ဆင် (Woodrow Wilson) က “ဘုရားသခင် နဲ့ ပင်လယ်သာလျှင် ကြီးကျယ်တဲ့ သင်္ဘော ဘာဖြစ်သွားခဲ့ သလဲဆိုတာ သိမှာ ဖြစ်တယ် (Only God and the sea know what happened to the great ship) လို့ မှတ်ချက် ပေးခဲ့ပါတယ်။

၁၉၄၁ မှာလဲ USS Cyclops ရဲ့ ညီအမ သင်္ဘော နှစ်စင်း (ညီအမ sister ship ဆိုတာက အမျိုးအစားတူ သင်္ဘောတွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်) ဟာလဲ ဘာမှ သဲလွန်စ မကျန်ပဲ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ ပြန်ပါတယ်။

ဒီလိုနဲ့ ဒီ ဘာမြူဒါ တြိဂံကို ဖြတ်သန်း သွားတဲ့ သင်္ဘောတွေ ရုတ်တရက် ပျောက်ဆုံး သွားတာ၊ ဒါမှမဟုတ်လဲ လူတွေ မရှိတော့ပဲ သင်္ဘောကြီး ပဲ မျောနေတာတွေ ဆက်တိုက် ဆိုသလို တွေ့လာ ရပါတယ်။ 

၁၉၄၅ ခုနှစ် ဒီဇင်ဘာ လမှာ လေယာဉ် အဖွဲ့သား ၁၄ ဦးကို သယ်ဆောင်လာတဲ့ ရေတပ် ဗုံးကျဲလေယာဉ် ၅ စင်းဟာ ဖလောရီဒါ ပြည်နယ် လောဒါဒေးလ် ရေတပ်စခန်း (Fort Lauderdale, Florida) ကနေ ပျံတက် လာခဲ့ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက် ကတော့ ပင်လယ်ကမ်းလွန်မှာ ဗုံးကျဲ လေ့ကျင့် ဖို့ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီ လေယာဉ် အုပ်စုရဲ့ ခေါင်းဆောင် ဖြစ်သူရဲ့ လေယာဉ်ရဲ့ သံလိုက် အိမ်မြှောင်ဟာ ကြောင် နေပါတယ်။ ဒီတော့ ဒီ လေယာဉ် ၅ စင်းလုံးဟာ ကွင်းကို မပြန်နိုင်ပဲ ပင်လယ်ထဲမှာ တဝဲ လည်လည် ဖြစ်နေပါတယ်။ နောက်ဆုံး ဆီကုန် သွားတဲ့ အတွက် ပင်လယ်ထဲ ထိုးဆင်း လိုက်ကြ ရပါတယ်။

Flight 19 US Navy bombers
ဘာမြူဒါ တြိဂံအတွင်း မျက်စေ့လည် လှမ်းမှားပြီး ပျောက်ခြင်းမလှ ပြောက်ဆုံးသွားသော အမေရိကန် ရေတပ် ဗုံးကျဲလေယာဉ်များနှင့် အမျိုးအစားတူ လေယာဉ်များ

အဲ့သည် နေ့မှာပဲ ကယ်ဆယ်ရေး လေယာဉ် တစ်စင်းနဲ့ လေယာဉ်ပေါ်ပါ အဖွဲ့သား ၁၃ ဦး ဟာလဲ ပျောက်ဆုံး သွားခဲ့ ပါတယ်။

သီတင်းပတ်ပေါင်း များစွာ အသေးစိတ် ရှာဖွေ ခဲ့သည့်တိုင်အောင် ဘာ အပျက်အစီး သဲလွန်စမှ ရှာမတွေ့ ခဲ့ပါဘူး။ အဲ့သည် အချိန်က ရေတပ်ရဲ့ တရားဝင် အစီရင် ခံစာမှာ သူတို့ဟာ “အင်္ဂါဂြိုဟ်ကို ပျံသန်းသွားသည့်အလား” ပျောက်ဆုံး သွားခဲ့တယ် (as if they had flown to Mars) လို့တောင် မှတ်ချက် ပေးခဲ့ပါတယ်။

ဘာမြူဒါ တြိဂံနှင့် ပတ်သက်သော သီအိုရီများ

ဘာမြူဒါ တြိဂံ ဆိုတဲ့ နာမည်ကိုတော့ ၁၉၆၄ ခုနှစ်ကျမှ စာရေးဆရာ ဗင့်ဆင့် ဂက်ဒစ်စ် (Vincent Gaddis) မဂ္ဂဇင်း ဆောင်းပါး တစ်စောင်မှာ ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအချိန် မှာတော့ နောက်ထပ် ထူးဆန်းတဲ့ ပျောက်ဆုံးမှု တွေလဲ အများအပြား ဖြစ်ခဲ့ပါပြီ။

ဒီ ပျောက်ဆုံးမှု တွေထဲမှာ “အားလုံးကောင်းပါတယ်” ဆိုတဲ့ သတင်းပို့ချက် အပြီး မရှေးမနှောင်းမှာ ပျောက်ဆုံး သွား ခဲ့တဲ့ လေယာဉ် ၃ စင်းလဲ အပါအဝင် ဖြစ်ခဲ့ပါတယ်။

အဲ့သည် နောက်မှာတော့ ဘာမြူဒါ တြိဂံနဲ့ ပတ်သက်ပြီး စိတ်ကူးယာဉ် ဆန်ဆန် သီအိုရီတွေ အမြောက်အများ ပေါ်ထွက် လာခဲ့ပါတယ်။ ဒီ သီအိုရီ တွေထဲမှာ ဂြိုဟ်သားတွေက ဖမ်းသွားတာ၊ ပျောက်ဆုံးသွား ခဲ့တဲ့ ဒဏ္ဍာရီလာ အတ္တလန်တစ် (Atlantis) ကျွန်း၊ ပင်လယ် ရေအောက် သတ္တဝါကြီး ကနေ ဆန့်ကျင် ဆွဲအား နဲ့ အချိန်ယန္တယား တွေအထိ ပါဝင် ကြပါတယ်။

အချို့ သိပ္ပံ ပညာရှင် တွေကတော့ သံလိုက် စက်ကွင်း ချွတ်ယွင်းမှု၊ ရေဝဲ နဲ့ ပင်လယ်ရေ အောက်က မိသိန်းဓါတ်ငွေ့ ပေါက်ကွဲမှု သီအိုရီ တွေကို တင်ပြ လာခဲ့ ကြပါတယ်။ ဒါပေမယ့် ဒီ သီအိုရီ တွေကို ထောက်ခံတဲ့ လက်တွေ့ အထောက်အထား တွေကိုတော့ ရှာဖွေ တွေ့ရှိရခြင်း မရှိသေးပါဘူး။

ဒီလို သီအိုရီတွေ အမြောက်အများ ပေါ်ထွက် လာခဲ့ ပေမယ့်လဲ ဘယ်သီအိုရီမှ ပျောက်ဆုံးမှု တွေနဲ့ ပတ်သက်လို့ ကြေနပ်လောက်ဖွယ် အဖြေကို မပေးနိုင် ခဲ့ပါဘူး။ ထောက်ပြကြ သူတွေက ဘာမြူဒါ တြိဂံ အတွင်း ပျောက်ဆုံးမှု တွေ အားလုံးကို တူညီတဲ့ အကြောင်းပြချက် ရှာဖွေတာဟာ ကားတိုက်မှုတွေ အားလုံးမှာ တူညီတဲ့ အကြောင်းရှိတယ်လို့ ပြောတာနဲ့ အတူတူ ပဲလို ထောက်ပြ ကြပါတယ်။

ဒီလို ထူးဆန်းတဲ့ ပျောက်ဆုံးမှုတွေ ရှိခဲ့ပေမယ့် သင်္ဘော အာမခံ ကုမ္ပဏီကြီး ဖြစ်တဲ့ လွိုက် အာမခံ ကုမ္ပဏီ ကတော့ ဘာမြူဒါ တြိဂံကို အန္တရာယ် များတဲ့ ဒေသ အဖြစ် သတ်မှတ်ထားခြင်း မရှိပါဘူး။ 

အမေရိကန် ပြည်ထောင်စု ကမ်းရိုးတန်းစောင့် ရေတပ်ကလဲ ဘာမြူဒါ တြိဂံကို အန္တရာယ် ရပ်ဝန်း အဖြစ် သတ်မှတ်ထားခြင်း မရှိပါဘူး။ 

နောက်ပြီး ဒီဒေသမှာ ဖြတ်သန်း သွားလာတဲ့ သင်္ဘော အရေအတွက်နဲ့ ပျောက်ဆုံးမှု ဖြစ်စဉ်တွေကို အချိုး ချကြည့်တဲ့ အခါမှာလဲ အခြား ဒေသတွေက ပျောက်ဆုံးမှု တွေနဲ့ ဘာမှ သိသိသာသာ ကွာခြားမှု မရှိတာကို တွေ့ကြ ရပါတယ်။

လူ့ စိတ်ထင်လား

ဘာမြူဒါ တြိဂံရဲ့ တကယ့် အဖြေဟာ လူသားတွေရဲ့ စိတ်ခံစားမှုကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ဟာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေဆို ပိုပြီး စိတ်ဝင်စားကြ၊ မှတ်မှတ်ထင်ထင် ရှိတတ် ကြပါတယ်။ တချိန်ထဲမှာ ဒီလို ဖြစ်စဉ်တွေကို စာရင်းအင်း တွေနဲ့ ရှင်းပြတာ မျိုးကိုလဲ နားလည် လက်ခံနိုင်ဖို့ ခက်ခဲ တတ်ကြပါတယ်။

ဥပမာ ပြောရရင် မုန်တိုင်းအတွင်း နစ်မြုပ်သွားတဲ့ သင်္ဘော မျိုးထက် ရာသီဥတု ကောင်းချိန်မှာ ဘာ အကြောင်းမှ မရှိပဲ ပျောက်ဆုံးသွားတဲ့ ဖြစ်စဉ်မျိုးကို ပိုပြီး အမှတ်တရ ရှိတတ် ကြပါတယ်။

ဒီလို ထူးခြား ဖြစ်စဉ် တစ်ခုတစ်လေ ဖြစ်ခဲ့မယ်ဆို နောက်နောင် ဖြစ်စဉ် တွေကိုလဲ ဒီလိုပဲ ထူးခြား ဖြစ်စဉ် အနေနဲ့ မှတ်ယူ တတ်ကြပါတယ်။ ဒီနည်း အားဖြင့် ဒီလို ထူးခြား ဖြစ်စဉ် တွေဟာ မကြာခန ဖြစ်တတ်တယ် ဆိုတဲ့ စိတ်ခံစားမှု အယူအဆ တွေ ဖြစ်ပေါ် လာတတ် ကြတာ ပဲ ဖြစ်ပါတယ်။

ဘာမြူဒါ တြိဂံ ပျောက်ဆုံးမှု တွေနဲ့ ပတ်သက်လို့ ဘာ အကြောင်း ကြောင့်ပဲ ဖြစ်ဖြစ် ဒီဒေသဟာ အခြား ပင်လယ် ရပ်ဝန်း ဒေသတွေထက် ပိုပြီး အန္တရာယ် ပိုများတယ် ဆိုတဲ့ အထောက်အထား ယခု အချိန်ထိတော့ ရှာဖွေ မတွေ့ရှိ ရသေးကြောင်း တင်ပြ လိုက်ရပါတယ်။

Ref:
Bermuda Triangle | History
The Bermuda Triangle: What Science Can Tell Us About the Mysterious Ocean Region | Discover Magazine

error: