Skip to content

အမေရိကန် လေတပ် ပစ်ချလိုက်တဲ့ အမျိုးအမည်မသိ ယာဉ်ပျံတွေဟာ ဘာတွေလဲ

  • Space
us-airforce-downed-unknown-objects

လွန်ခဲ့တဲ့ သီတင်းပတ် ၂ ပတ် အတွင်း ကမ္ဘာတဝန်းက သိပ္ပံ စိတ်ဝင်စား သူတွေကြားမှာ အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့တဲ့ သတင်းကတော့ အမေရိကန် လေတပ်က အမျိုးအမည် ခွဲခြား မရတဲ့ ယာဉ်ပျံ ၃ စင်းကို ပစ်ချခဲ့တယ် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ 

ဒီ သတင်းနဲ့ အတူ အချို့က ဒါတွေဟာ UFO ခေါ်တဲ့ အခြားဂြိုဟ်တွေက လာတဲ့ ယာဉ်ပျံတွေ ဖြစ်တယ် ဆိုတဲ့အထိ အမျိုးမျိုး ထင်ကြေးပေး မှုတွေ မြင့်တက် လာခဲ့ ပါတယ်။ အမေရိကန် လေတပ်က ပြောရေးဆိုခွင့် ရှိသူ ကိုယ်နှိုက်က သတင်းထောက် တွေကို ပြောကြားရာမှာ ဒီ အရာဝတ္ထုတွေဟာ ဘာမဆို ဖြစ်နိုင်တာမို့ အခုအချိန်မှာ သူတို့ အနေနဲ့ အတိအကျ ပြောဖို့ စောလွန်းသေးတယ် ဆိုပြီးပဲ ဖြေကြား သွားပြန်ပါတယ်။

ဒီ အမျိုးအမည် အခွဲခြားနိုင်သော ယာဉ်ပျံ ၃ စင်း ကို မပစ်ချမီ ရက်ပိုင်း အလိုကလဲ အမေရိကန် လေပိုင်နက်ထဲ ကျူးကျော် ဝင်ရောက်လာ ခဲ့တဲ့ တရုတ် ထောက်လှမ်းရေး မိုးပျံပူပေါင်း တစ်ခုကို အမေရိကန် တိုက်လေယာဉ် တွေက ပစ်ချ ခဲ့ပါသေးတယ်။ တရုတ်ဖက်က သာမန် မိုးလေဝေသ ပူပေါင်းပါလို့ ငြင်းဆန်ထားတဲ့ ဒီ မသင်္ကာဖွယ် ပူပေါင်းကို ရှာဖွေ တွေ့ရှိမှုကြောင့် လူထု အနေနဲ့ အမြင့်ပျံ ထောက်လှမ်းရေး မိုးပျံပူပေါင်းတွေကို အစိုးရ တွေက အသုံးပြု နေတယ်ဆိုတဲ့ အထောက်အထားလဲ ရရှိ သွားကြပါတယ်။

ဒီ တရုတ် မိုးပျံ ပူပေါင်း အဖြစ်အပျက် ဖြစ်ပွားအပြီးမှာတော့ ကမ္ဘာ့ နေရာ အနှံ့မှာ တရုတ်တို့ရဲ့ မိုးပျံပူပေါင်းတွေ တွေ့ရှိတယ် ဆိုတဲ့ သတင်းတွေ တက်လာ ပါတော့တယ်။ တရုတ်တို့ ဖက်ကလဲ အမေရိကန် တွေက သူတို့ရဲ့ လေပိုင်နက်ထဲကို ထောက်လှမ်းရေး မိုးပျံ ပူပေါင်းတွေ လွှတ်တင်ပြီး ထောက်လှမ်းနေတယ်လို့ ပြန်လည် စွပ်စွဲ ခဲ့ပြန်ပါတယ်။

အခုထိ အမေရိကန် လေတပ်က ပစ်ချလိုက်တဲ့ ယာဉ်ပျံတွေနဲ့ ပတ်သက်လို့ သိရသမျှကို အောက်မှာ ဖေါ်ပြ လိုက်ပါတယ်။

ဆက်စပ်ဆောင်းပါး – နာဆာရဲ့ UFO ရှာဖွေရေး သုတေသန

တရုတ် သူလျှို မိုးပျံပူပေါင်း

ဒီကိစ္စတွေ မတိုင်မီ အဦးဆုံး ပစ်ချ ခဲ့တာက တရုတ်ရဲ့ သူလျှို ထောက်လှမ်းရေး မိုးပျံ ပူပေါင်းပဲ ဖြစ်ပါတယ်။ ဒီ ပူပေါင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ပစ်ချခဲ့တာ ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု တောင်ကာရိုလိုင်းနား ပြည်နယ် မိုးကောင်းကင်မှာ ပစ်ချခဲ့တာ ဖြစ်ပါတယ်။ 

ဒီပူပေါင်းကို ပထမဆုံး စတင် သတိပြု မိခဲ့တာ ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်က ဖြစ်ပါတယ်။ ဒီ ပူပေါင်းဟာ ပထမ ကနေဒါ လေပိုင်နက် မိုးကောင်းကင်မှာ ပျံသန်းနေခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စု လေပိုင်နက် အတွင်းကို အိုင်ဒါဟို ပြည်နယ် ကနေ ဖြတ်ပြီး ဝင်ရောက် လာခဲ့ပါတယ်။

ဒီ ပူပေါင်းသတင်းတွေ ထွက်ပေါ်လာ အပြီးမှာတော့ အမေရိကန် လူထုအကြား စိုးရိမ် ပူပန်မှုတွေ ဖြစ်ပေါ် လာခဲ့ပါတယ်။ တရုတ်ကတော့ ဒါဟာ ကြိုးပြတ်လွင့်မြော သွားခဲဲ့တဲ့ မိုးလေဝေသ ပူပေါင်း ဖြစ်တာမို့  ဘာမှ စိုးရိမ်စရာ မရှိပါဘူးလို့ အခိုင်အမာ ပြောဆို နေခဲ့ပါတယ်။ 

ဒီလို တရုတ်ဖက်က ပြောပေမယ့် ဒီပူပေါင်း ဖြတ်ပျံသန်းတဲ့ ဒေသတွေမှာ အမေရိကန် ပြည်ထောင်စုရဲ့ အရေးပါတဲ့ စစ်ရေး အဆောက်အဦတွေ တည်ရှိ နေပါတယ်။ ဒီအထဲမှာ အဏုမြူ ထိပ်ဖူးတပ် တိုက်ခြင်းပစ် ဒုံးပျံ စခန်းတွေနဲ့ မွန်တာနာက အခြေစိုက် လေတပ်စခန်းတို့လဲ အပါအဝင် ဖြစ်ပါတယ်။

နောက်ဆုံး ဖေဖော်ဝါရီ ၄ ရက်နေ့ မှာတော့ တောင်ကာရိုလိုင်းနား ပြည်နယ် ကမ်းလွန် ပင်လယ်ပြင် ပေါ် အရောက်မှာ အမေရိကန် လေတပ် တိုက်လေယာဉ် တွေကနေ ဒုံးကျည်နဲ့ ပစ်ချ ဖျက်စီး ပစ်ခဲ့ပါတယ်။ ဒီလို ပစ်ချချိန်မှာ ဒီ ပူပေါင်းဟာ အမြင့် မီတာ ၁၈,၀၀၀ ခန့် အမြင့်ကနေ ပျံသန်းနေ  ခဲ့တယ်လို့ သိရပါတယ်။

ဒီလို ပစ်ချခံရပြီး ပျက်ကျသွားတဲ့ တရုတ် ပူပေါင်းကို ပင်လယ်ထဲက ဆယ်ယူပြီး အသေးစိတ် စစ်ဆေးမှု ပြုလုပ် ခဲ့ပါတယ်။ ဒီလို စုံစမ်း စစ်ဆေးမှု တွေအရ ဒီ ပူပေါင်းဟာ အမြင့် မီတာ ၆၀ ခန့် မြင့်ပြီး အလေးချိန် ကိီလိုဂရမ် ၉၀၀ ခန့်ကိုသယ်ဆောင်နိုင်ပါတယ်။ ဒီ အရွယ်အစားဟာ အသေးစား ကိုယ်ပိုင်  ဂျက်လေယာဉ် တစ်စင်းရဲ့ အရွယ်နဲ့ တူညီပါတယ်။

အခုထိ ဒီ ပူပေါင်းပျက်ကို ဆက်လက် ဆယ်ယူနေဆဲ ဖြစ်ပါတယ်။ 

ဆက်စပ်ဆောင်းပါး – အမျိုးအမည်မသိ ယာဉ်များစုံစမ်းရေးဌာန ပင်တဂွန် ဖွဲ့စည်း

ဆလင်ဒါပုံ မိုးပျံယာဉ်

တရုတ် သူလျှို မိုးပျံပူပေါင်းကို ပစ်ချအပြီး ရက်ပိုင်း အကြာ ဖေဖော်ဝါရီ ၉ ရက် နေ့မှာတော့ အမေရိကန် ပြည်ထောင်စု မြောက်ပိုင်းက အလာဆကာ (Alaska State) ပြည်နယ် ကောင်းကင်မှာ အရာဝတ္ထု တစ်ခု ပျံသန်း နေတာကို တွေ့ရှိ ခဲ့ကြပါတယ်။ 

ဒီ မိုးပျံယာဉ်ဟာ တရုတ် မိုးပျံပူပေါင်းနဲ့ ပုံသဏ္ဍာန်ချင်း မတူညီပဲ ကွာခြားနေပါတယ်။ သူ့ရဲ့ ပုံသဏ္ဍာန်က ပြောင်းရှည် ဆလင်ဒါပုံ ဖြစ်ပြီး အရောင်ကလဲ ငွေရောင် နဲ့ မီးခိုးရောင် ရောထားတဲ့ အရောင်မျိုး ဖြစ်နေပါတယ်။ 

နောက်ပြီး ထူးဆန်းတာ ကတော့ ဒီယာဉ်ကို ကောင်းကင်မှာ ပျံသန်းနေ စေမယ့် တွန်းကန်တဲ့ ပန်ကာ (သို့) ဂျက်အင်ဂျင်လို အရာ ပါဝင်မှု ရှိမနေ တာပဲ ဖြစ်ပါတယ်။ “လေယူရာ လွင့်မြောနေတယ်” ဆိုတဲ့ ပုံပေါက်နေပါတယ်။ 

ဒီ မိုးပျံယာဉ်ကို နောက်တနေ့မှာ အမေရိကန် လေတပ် လေယာဉ်ကနေ ပစ်ချ ခဲ့ပါတယ်။ ပစ်ချခံရတဲ့ ဒီ ယာဉ်အပျက်ဟာ ပင်လယ်ထဲကို ကျရောက် သွားပါတယ်။ အမေရိကန် အစိုးရ တာဝန်ရှိ သူတွေကတော့ ဒီ ယာဉ်ပျံ ဘယ်ကနေ ဘယ်လို ရောက်လာသလဲ ဆိုတာ မသိဘူးလို့ ဆိုပါတယ်။

အမေရိကန် လေတပ်က ပြောရေးဆိုခွင့် ရှိသူ ပက်ထရစ် ရိုက်ဒါ (Patrick Ryder from the US Air Force) က ဒီ အမျိုးအမည် မသိ အရာဝတ္ထုနဲ့  အရင် မိုးပျံပူပေါင်းနဲ့ ကွာခြားမှုဟာ ပန်းသီးနဲ့ လိမ္မော်သီး ကွာသလို ကွာခြားတယ်လို့ ရှင်းပြပါတယ်။ 

ဒီ အရာ ဝတ္ထုဟာ မိုးပျံပူပေါင်းနဲ့ ယှဉ်ရင် အများကြီး ပိုပြီး သေးငယ်ပါတယ်။ သူ့အရွယ်က လူစီးကား အသေးလေး တစ်စင်း အရွယ်လောက်ပဲ ရှိပါတယ်။ ဒီ ဝတ္ထုဟာ အမြင့်မီတာ ၁၂,၁၀၀ ခန့် အမြင့်ကနေ ပျံသန်းနေတာလို့ သိရပါတယ်။

လက်ရှိမှာ ဒီ အရာဝတ္ထုကို ပင်လယ်အောက် ကြမ်းပြင်ကနေ ဆယ်ယူနိုင်ဖို့ ကြိုးစား နေပါတယ်။ 

ဆက်စပ်ဆောင်းပါး – အခြားကမ္ဘာမှ နည်းပညာများအား ရှာဖွေမည့် ဂယ်လီလီယို စီမံကိန်း

ကနေဒါနိုင်ငံ မိုးကောင်းကင်က ဆလင်ဒါပုံ မိုးပျံယာဉ်

ဖေဖော်ဝါရီ ၁၁ ရက် အရောက်မှာတော့ ကနေဒါ ဝန်ကြီးချုပ်က သူ့ရဲ့ တွစ်တာ အကောင့်ကနေ မြောက်အမေရိက မိုးကောင်းကင်မှာ တွေ့ရှိခဲ့တဲ့ ဆလင်ဒါ ပြောင်းရှည်ပုံဲ အရာဝတ္ထုကို အမေရိကန် လေတပ်က ပစ်ချ ဖျက်စီးခဲ့တယ်လို့ ရေးသား ခဲ့ပါတယ်။ ဒီ အရာဝတ္ထုရဲ့ ပုံသဏ္ဍာန် ဟာလဲ အပေါ်ကလိုပဲ ပြောင်းရှည် ဆလင်ဒါပုံ ဖြစ်ပါတယ်။ 

ဒီယာဉ်ဟာလဲ အမြင့် မီတာ ၁၂,၁၀၀ အမြင့်ကနေပျံသန်းနေ ခဲ့တာပါ။ သူ့ရဲ့ ပုံသ္ဍာန်နဲ့ ပျံသန်းတဲ့ အသွင်တွေဟာ အပေါ်က တွေ့ခဲ့တဲ့ အရာဝတ္ထုနဲ့ ဆင်တူ နေပါတယ်။

ဒီယာဉ်ပျံဟာ ကုန်းပေါ်ကို ပျက်ကျတဲ့ တခုတည်းသော မိုးပျံယာဉ် ဖြစ်ပါတယ်။ ဒီ ယာဉ်ပျံ အပျက်ရဲ့ အစိတ်အပိုင်း တွေကို ကနေဒါ တပ်ဖွဲ့ဝင် တွေက ရှာဖွေ ကောက်ယူ နေတယ်လို့ သိရပါတယ်။ 

ရှစ်မြှောင့်ပုံ မိုးပျံယာဉ်

အမေရိကန် လေတပ်က ပစ်ချခဲ့တဲ့ အမျိုးအမည် မသိ မိုးပျံယာဉ် တွေအနက် ဒီ မိုးပျံယဉ်က အထူးဆန်းဆုံး ပါပဲ။ သူ့ရဲ့ ပုံက အရှေ့က မိုးပျံယာဉ် တွေနဲ့ မတူပဲ လုံးဝ ကွဲပြား နေပါတယ်။ 

ဖေဖော်ဝါရီ ၁၂ ရက်နေ့က F-16 တိုက်လေယာဉ် ကနေ ပစ်ချခဲ့တဲ့ ဒီ မိုးပျံယာဉ်ဟာ ရှစ်မြှောင့်ပုံ တည်ဆောက် ထားတာ ဖြစ်ပါတယ်။ ဒီ အချက် အရင် သူ့ရှေ့က မိုးပျံပူပေါင်းတွေနဲ့ အဓိက ကွာခြားချက် ဖြစ်ပါတယ်။ နောက်ပြီး သူ့မှာ အောက်ကို တွဲလောင်းကျနေတဲ့ ကြိုးတွေလဲ ပါဝင်နေတာ တွေ့ရပါတယ်။

ဒီ အရာ ဝတ္ထုကတော့ အမြင့် မီတာ ၆,၀၀၀ ခန့် ကနေ ပျံသန်းနေတာ ဖြစ်တာမို့ အတော်လေး နိုမ့်တယ်လို့ ဆိုနိုင်ပါတယ်။

ဒီ ဝတ္ထုဟာ အမေရိကန် တပ်မတော်ရဲ့ အရေးပါတဲ့ စစ်အခြေစိုက် စခန်းတွေ အပေါ်ကနေ ဖြတ်ပြီး ပျံသန်းသွားခဲ့တယ် လို့လဲ သတင်းအချို့မှာ ရေးသား ထားပါတယ်။ ဒါပေမယ့် ဒါဟာ ကြိုတင်စီစဉ် ထားတဲ့ လမ်းကြောင်းအတိုင်း ပျံသန်း နေတာလား၊ လေတိုက်ရာ လွင့်မြောပြီး ရောက်ရှိလာသလား ဆိုတာကိုတော့ ဘယ်သူမှ အတိအကျ မသိကြပါဘူး။

အမေရိကန် လေတပ်က ဗိုလ်ချုပ်ကြီး ဗန်ဟာခ် (General Glen VanHerck of the US Air Force) က ပြောကြားရာမှာ အခုတွေ့ရတဲ့ ရှစ်မြှောင့်ပုံ အရာဝတ္ထုနဲ့ သူ့အရင် အလာဆကာ နဲ့ ကနေဒါ လေပိုင်နက်ထဲမှာ တွေ့ရတဲ့ အရာတွေကို ပူပေါင်းတွေလို့ မခေါ်ပဲ “အရာဝတ္ထုတွေ” လို့ ခေါ်ဆိုရတာ အကြောင်းရှိတယ်လို့ ဆိုပါတယ်။ 

ဒီပူပေါင်းဟာ မစ်ချီဂန် ပြည်နယ်ထဲက ဟူရွန် ရေအိုင်ကြီးထဲ ပျက်ကျ သွားတာမို့ လောလောဆယ် ရေငုပ်သမား တွေက ဒီ အရာဝတ္ထုကို ဆယ်ယူဖို့ ကြိုးစားနေ ကြတယ်လို့ သိရပါတယ်။

ဒီ အရာဝတ္ထု တွေနဲ့ ပတ်သက်လို့ ခန့်မှန်း ပြောဆိုမှုတွေ အမျိုးမျိုး ထွက်ပေါ်နေ ကြပေမယ့် ယခုထိတော့ ဘယ်သူမှ သေသေချာချာ ရေရေရာရာ ပြောကြားနိုင်ခြင်း မရှိကြ သေးပါဘူး။ အမေရိကန် လေတပ် ပြောရေးဆိုခွင့် ရှိသူကလဲ “ဘာမဆို ဖြစ်နိုင်တယ်” လို့ပဲ မရေမရာ ပြောကြား သွားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ အိမ်ဖြူတော်က တာဝန်ရှိ သူတွေကတော့ ဒီ အရာဝတ္ထု တွေဟာ သူလျှို ယာဉ်တွေ မဟုတ်ပဲ သာမန် စီးပွားရေး အဖွဲ့အစည်း တခုခု (သို့) သိပ္ပံ စမ်းသပ်မှု တခုခု နဲ့ ဆက်စပ်နေတာ မျိုးလဲ ဖြစ်နိုင်ပါတယ် လို့ပဲ မရေမရာ ပြောကြား သွားခဲ့ပါတယ်။

ထူးခြားတာ ကတော့ အမေရိကန် အစိုးရ နဲ့ လေတပ်က တာဝန်ရှိ သူတွေဟာ ဒီ အရာဝတ္ထု တွေနဲ့ ပတ်သက်လို့ ဘာမှ အတိအကျ ပြောဆိုခြင်း မရှိပဲ ဝေ့လည်ကြောင်ပတ် လုပ်နေတာပဲ ဖြစ်ပါတယ်။ ဒီ အရာဝတ္ထုတွေနဲ့ ပတ်သက်တဲ့ အချက်အလက် တွေကိုလဲ ထုတ်ဖေါ်ပြောကြားခြင် မရှိပဲ သတင်းအမှောင် ချထားတာမို့ အချို့က ဒါဟာ UFO တွေနဲ့ ဆက်စပ် ပတ်သက်မှု ရှိမယ်ဆိုပြီး သို့လောသို့လော တွေးဆမှုတွေ ထွက်ပေါ်လျှက် ရှိနေပါတယ်။

Ref: 

Four flying objects shot down by US jets: What we know so far | New Scientist

Three objects shot down after Chinese spy balloon may be benign, White House says | The Guardian

error: