Skip to content

နာဆာရဲ့ UFO ရှာဖွေရေး သုတေသန

  • Space
UFO Alien space ship

အမေရိကန် ပြည်ထောင်စု နာဆာ အဖွဲ့ကြီးက အမျိုးအမည် မသိ အာကာသယာဉ် (UFO) တွေ ရှာဖွေမယ့် စီမံကိန်းကို တရားဝင် ထုတ်ပြန် ကြေငြာ လိုက်ပါတယ်။

နာဆာ အဖွဲ့ကြီးက ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက ဒီ သုတေသန စီမံကိန်းကို တရားဝင် ထုတ်ပြန် ကြေငြာလိုက်တာ ဖြစ်ပါတယ်။

ဒီ သုတေသန အရ နာဆာဟာ ထိပ်တန်း သိပ္ပံ ပညာရှင်တွေကို ငှားရမ်းပြီး “အမျိုးအမည် မသိ လေကြောင်း ပျံသန်းမှု ဖြစ်စဉ် (unidentified aerial phenomena)  တွေကို စုံစမ်း လေ့လာ သုတေသန ပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ယခု ကြေငြာချက်ဟာ ဒီ အမျိုးအမည် မသိ လေကြောင်း ပျံသန်းမှု ဖြစ်စဉ်တွေနဲ့ ပါတ်သက်လို့ အမေရိကန် ကွန်ဂရက် ကတောင် စိတ်ဝင်စားမှု မြင့်တက် နေတဲ့ အချိန် နဲ့လဲ တိုက်ဆိုင် နေပါတယ်။

ဒီ သုတေသန စီမံကိန်းဟာ အခုနှစ် လာမယ့် ဆောင်းဦး ကာလမှာ စတင်မှာ ဖြစ်ပြီး ခန့်မှန်း ကြာမြင့်ချိန် ၉ လ ခန့် ရှိမယ်လို့ သိရပါတယ်။ 

ဆက်စပ်ဆောင်းပါး – အမျိုးအမည်မသိ ယာဉ်များစုံစမ်းရေးဌာန ပင်တဂွန် ဖွဲ့စည်း

ဒီ သုတေသနမှာ အဓိက အားဖြင့် လက်ရှိ စုဆောင်း ရရှိထားပြီး ဖြစ်တဲ့ အချက်အလက် တွေထဲက UFO နဲ့ ဆိုင်တဲ့ အချက်အလက် တွေကို ဘယ်လို ရှာဖွေ မလဲ၊ နောင်အနာဂါတ်မှာ အချက်အလက် တွေကို ဘယ်လို ကောက်ယူ စုဆောင်းမလဲ၊ စုဆောင်း ရရှိတဲ့ အချက်အလက် တွေကို နာဆာ အနေနဲ့ ဘယ်လို ခွဲခြမ်း စိတ်ဖြာ စုံစမ်း စစ်ဆေးမှု ပြုလုပ်မလဲ ဆိုတာတွေကို အဓိကထား လေ့လာမှာ ဖြစ်ပါတယ်။

“နာဆာ အဖွဲ့ကြီးဟာ အရင် ဆယ်စုနှစ်တွေ တလျှောက် အရှုပ်ထွေးဆုံး ဆိုတဲ့ ဆန်းကြယ်မှု တွေကို လေ့လာစုံစမ်းဖို့ တောင်းဆို မှုတွေကို ဖြေရှင်း ပေးခဲ့ ပါတယ်။ အခု ကိစ္စကလဲ အရင် စုံစမ်း သုတေသန တွေနဲ့ ဘာမှ မကွာပါဘူး” လို့ နာဆာရဲ့ UFO သုတေသန ဆိုင်ရာ ညှိနှိုင်းရေးမှု ဖြစ်သူ ဒယ်နီယယ်လ် အီဗန် (Daniel Evans) သတင်းထောက် တွေရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ ပြောကြား ခဲ့ပါတယ်။

နာဆာရဲ့ သုတေသန ယာဉ်တွေဟာ နေ အဖွဲ့အစည်း ထဲက အခြား ဂြိုဟ်တွေ နဲ့ ဂြိုဟ်သိမ်တွေ ပေါ်မှာ ရှေးခေတ်ဟောင်း သက်ရှိပိုးမွှား ရုပ်ကြွင်းတွေ ကို ရှာဖွေဖို့ ကြိုးစားခဲ့တာ ကြာခဲ့ပါပြီ။ နာဆာရဲ့ နက္ခတ် ပညာရှင် တွေကလဲ အဝေးက ဂြိုဟ်တွေပေါ်မှာ “နည်းပညာ မှတ်ကျောက်များ (technosignature)” တွေကို ရှာဖွေဖို့ ကြိုးစား နေကြပါတယ်။ ဒီ နည်းပညာ မှတ်ကျောက် တွေဟာ အဆင့်မြင့် သက်ရှိတွေ ရှိကြောင်း ညွှန်ပြတဲ့ လက္ခဏာ တွေပဲ ဖြစ်ပါတယ်။

ပင်တဂွန်က ထုတ်ပြန်ခဲ့တဲ့ အမေရိကန် လေတပ် တိုက်လေယာဉ် မှူးတွေရဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်း ဗီဒီယို

ဒီလို ကမ္ဘာပြင်ပမှာ သက်ရှိတွေကို ရှာဖွေနေ ခဲ့ပေမယ့် ကမ္ဘာပေါ်မှာ အခြားဂြိုဟ် တွေက သက်ရှိတွေကို ရှာဖွေမှုဟာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ 

ဆက်စပ်ဆောင်းပါး – ဂြိုဟ်သားတွေနဲ့ ဘာကြောင့် အဆက်အသွယ် မရသေးတာလဲ

နာဆာ အဖွဲ့ကြီး အဖို့တော့ ဒီ သုတေသန အတွက် အဆင့်မြင့် သိပ္ပံ နည်းပညာ ပေါင်းစုံကို အသုံးချ နိုင်မှာ ဖြစ်ပါတယ်။ ငွေကြေးနဲ့ နည်းပညာ ပြည့်စုံတဲ့ နာဆာလို အဖွဲ့ကြီးဟာ UFO တွေနဲ့ ပါတ်သက်တဲ့ ပဟေဠိ တွေကို အဖြေရှာ ပေးနိုင်ဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ ဒါ့အပြင် ဒီ သဘာဝ တွေကြောင့် လေယာဉ် ပျံသန်းမှုတွေကို အန္တရာယ် မဖြစ်အောင် ကာကွယ် ပေးနိင်ဖို့ နည်းလမ်းတွေ ကိုလဲ ဖော်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ယခင် တုန်းကတော့ UFO ရှာဖွေ လေ့လာရေး သုတေသန တွေဟာ ပညာရှင် တွေရဲ့ ပျက်ရယ်ပြု ခံရတဲ့ သုတေသန တွေ ဖြစ်ကြပါတယ်။ ပညာရှင် နယ်ပယ်မှာ UFO သုတေသန ပြုလုပ်ကြတဲ့ သူတွေကို ခပ်ကြောင်ကြောင် သူတွေလို့ သဘောထား ခဲ့ကြတာပါ။ ဒါပေမယ့် ဒီ နှစ်ပိုင်း တွေအတွင်းမှာ UFO သုတေသနဟာ ပညာရှင် နယ်ပယ်ကို စတင် ရောက်ရှိလို့ လာပါတယ်။

ပြီးခဲ့တဲ့ လကပဲ အမေရိကန် ကွန်ဂရက် လွှတ်တော်မှာ UFO နဲ့ ပါတ်သက်တဲ့ ကြားနာ စစ်ဆေး မှု တစ်ခုကို ပြုလုပ် ခဲ့ပါသေးတယ်။ 

ပြီးခဲ့တဲ့ နှစ်ကလဲ အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာမှာလဲ  UFO မျက်မြင် တွေ့ရှိမှု သတင်းပို့ချက် ၁၄၄ ခုဟာ လက်ရှိ သိပ္ပံ အချက်အလက် တွေနဲ့ ဖြေရှင်းလို့ မရတဲ့ အဖြစ်အပျက်တွေ ဖြစ်တယ်လို့ တင်ပြခဲ့ပါတယ်။ ဒီ အစီရင် ခံစာမှာ ဒါတွေဟာ အခြား ကမ္ဘာက ဂြိုဟ်သား တွေကြောင့် ဖြစ်တာ မဟုတ်ဘူးလို့ ငြင်းဆို ထားခြင်းလဲ မရှိတာကို ထူးထူးခြားခြား တွေ့ရှိ ခဲ့ရပါတယ်။

ဆက်စပ်ဆောင်းပါး – အခြားကမ္ဘာမှ နည်းပညာများအား ရှာဖွေမည့် ဂယ်လီလီယို စီမံကိန်း

အခု နာဆာရဲ့ သုတေသနဟာ လက်ရှိ အမေရိကန် အစိုးရ ပင်တဂွန် စစ်ဌာနချုပ်က ပြုလုပ်နေတဲ့ UFO စုံစမ်း စစ်ဆေးမှု လုပ်ငန်းစဉ် ဖြစ်တဲ့“Airborne Object Identification and Management Synchronization Group” နဲ့ မပတ်သက်ပဲ သီးသန့် စုံစမ်း စစ်ဆေးမှု ပြုလုပ်မှာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာ UFO တွေနဲ့ ပါတ်သက်တဲ့ ခိုင်မာတဲ့ သတင်း အချက်အလက် တွေဟာ အရမ်းကို ရှားပါး နေပါတယ်။ ဒီအချက် ကလဲ သိပ္ပံ ပညာရှင်တွေ အတွက် ခိုင်မာတဲ့ ကောက်ချက် ချနိုင်ဖို့ အခက်အခဲ ဖြစ်စေပါတယ်။

အခု သုတေသနကို နာဆာရဲ့ ထိပ်တန်း နက္ခတ် ပညာရှင် တစ်ဦး ဖြစ်သူ ဒေးဗစ် စပါးဂဲလ် (David Spergel) က ဦးဆောင်မှာ ဖြစ်ပါတယ်။ ဒီ သုတေသန စီမံကိန်းရဲ့ ပထမဆုံး လုပ်ငန်း တာဝန် ကတော့ လက်ရှိ အစိုးရ နဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေ၊ ကုမ္ပဏီ တွေနဲ့ လူပုဂ္ဂိုလ် တွေက စုဆောင်း ထားရှိတဲ့ အချက်အလက်တွေ ဘယ်လောက အတိုင်းအတာ ရှိသလဲ ဆိုတာနဲ့ သူတို့ရဲ့ ပြည့်စုံမှု နဲ့ ယုံကြည် စိတ်ချရမှု တွေကို ဆုံးဖြတ်ဖို့ ဖြစ်ပါတယ်။

နောက်ထပ် ရည်မှန်းချက် တခုကတော့ UFO လေ့လာရေး သုတေသန တွေရဲ့ ယုံကြည် ကိုးစားရမှုကို မြှင့်တင်ဖို့ ဖြစ်ပါတယ်။

လက်ရှိမှာ “အမျိုးအမည် မသိ လေကြောင်း ပျံသန်းမှု ဖြစ်စဉ်” တွေနဲ့ ပတ်သက်တဲ့ ဆွေးနွေး ပြောဆို မှုတွေကို လေကြောင်း ပညာရှင်တွေ နဲ့ လေယာဉ်မှူးတွေ အကြားမှာ ရှောင်လွှဲလိုတဲ့ ဆန္ဒ ရှိကြပါတယ်။ အခု နာဆာ သုတေသနရဲ့ အခြား ရည်မှန်းချက် တစ်ရပ်ကတော့ ဒီလို တွန့်ဆုတ် မှုတွေ လျော့နည်းလာပြီး ပိုမို လွတ်လပ်စွာ ပြောဆို ဆွေးနွေး လာစေဖို့လဲ ရည်ရွယ်ပါတယ်။ ဒါမှာသာ ဒီလို ဖြစ်စဉ် တွေကို တွေ့ရှိခဲ့ရင် သတင်ပို့ဖို့ တွန်းဆုတ် နေတာတွေ လျော့နည်း သွားမှာ ဖြစ်ပါတယ်လို့ သုတေသနမှာ ပါဝင်သူ လေကြောင်း သိပ္ပံ ပညာရှင် တစ်ဦးက ရှင်းပြပါတယ်။

Ref: NASA gets serious about UFOs | Phys

Tags:
error: