Skip to content

တစ်ရက် ဥက္ကာပျံ ဘယ်နှစ်စင်း ကမ္ဘာကို လာမှန်သလဲ

  • Space
Meteor hitting earth

ကျွှန်တော်တို့ ငယ်ငယ် တုန်းကဆို အဖွားက ကြယ်ကြွေတာ မြင်ရင် ဆုတောင်းရတယ် ဆိုပြီး သင်ပေးခဲ့ ဖူးပါတယ်။ 

မြန်မာ အယူမှာ ကြယ်ကြွေရင် ဘာဖြစ်တတ်တယ် ဆိုလဲ သေချာ မသိပေမယ့် အဖွားက အရင် ခေတ်ကောင်းစဉ်က အင်္ဂလိပ် ကျောင်းထွက်မို့ ကြယ်ကြွေရင် ဆုတောင်းရတယ်၊ ဆုတောင်း ပြည့်တယ် ဆိုတဲ့ အနောက်တိုင်း အယူ ဆွဲနေတာလဲ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။

ငယ်ငယ်ကတော့ ဟုတ်နေတာပဲပေါ့။ ကြယ်ကြွေတယ် ဆိုတာကလဲ မြင်ရဖို့ ဆိုတာက လွယ်တာမှ မဟုတ်တာ။ အတော့်ကို ကံကောင်းမှ ဖြစ်မယ့် ကိစ္စလေ။ ဒါပေမယ့် ကြီးလာတော့ သိပ္ပံ စာအုပ်တွေ မတောက် တခေါက် ဖတ်မိတော့ ဆုတောင်းပြည့်တယ် ဆိုတာ မဟုတ်မှန်း သိလာ ရတာပေါ့။

တကယ်က ကြယ်ကြွေတယ် ဆိုတာက အာကာသ ထဲကနေ ကျောက်ခဲ တစ်လုံး ကမ္ဘာ့ လေထုထဲကို ပြုတ်ကျလာတဲ့ အချိန်မှာ မီးလောင်ကြွမ်းပြီး မြင်ရတဲ့ မီးတန်းကို ခေါ်တာ ဖြစ်ပါတယ်။  

ဒီနေရာမှာ ကျောက်တုံးလို့ အလွယ် ပြောပေမယ့် တကယ်က ဒီ ပြုတ်ကျလာတဲ့ အာကာသက အရာ ဝတ္ထုဟာ ကျောက်ချည်း သတ်သတ် ဖွဲ့စည်းထားတဲ့ အရာဝတ္ထုတော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ကျောက် (သို့) ကျောက်နဲ့ သတ္တု အရော ဖြစ်နိုင် သလို၊ ရံဖန် ရံခါလဲ သတ္တု သီးသန့် သတ္တုတုံး လဲ ဖြစ်နိုင်ပါတယ်။

ကမ္ဘာ့ လေထုထဲကို ဝင်ရောက်လာ ကြတဲ့ ဥက္ကာခဲ အများစုဟာ အရွယ်အစား အားဖြင့် သေးငယ် ကြပါတယ်။ အများစုဟာ ဂရမ် အနည်းငယ်သာ လေးကြပါတယ်။ ဒီတော့ ကမ္ဘာ့ လေထုထဲ ဝင်ရောက်လာတဲ့ ဥက္ကာခဲ အများစုဟာ လေထု ထဲမှာတင် လောင်ကြွမ်း ပျက်စီး သွားကြတာ များပါတယ်။ 

ဒီလို ပြောလို့ ကမ္ဘာ့ လေထုထဲ ဝင်လာတဲ့ ဥက္ကာခဲ တိုင်းဟာ အန္တရာယ် ကင်းတယ် လို့တော့ ပြောလို့ မရပါဘူး။ အရွယ်အစား ကြီးမားတဲ့ ဥက္ကာခဲတွေ ဝင်တိုက်ခဲ့လို့ သက်ရှိတွေ ပျက်စီး ပျောက်ကွယ် ခဲ့ရတဲ့ ဖြစ်ရပ် အများအပြား ရှိခဲ့ပါတယ်။ အထင်ရှားဆုံး ကတော့ ကြီးမားတဲ့ ဥက္ကာပျံကြီး ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ဒိုင်နိုဆောတွေ ပျက်စီး ပျောက်ကွယ် ခဲ့ရတဲ့ ဖြစ်ရပ်က အထင်အရှား ရှိနေပါတယ်။

ဝင်လာတဲ့ ဥက္ကာပျံ ကောင်းကင်မှာ ပေါက်ကွဲခဲ့လို့ အရှေ့အလယ်ပိုင်းက ရှေးဟောင်း မြို့ကြီး တစ်မြို့ မီးလောင် ပျက်စီး ခဲ့ရတဲ့ အထောက်အထား တွေလဲ ရှာဖွေ တွေ့ရှိ ခဲ့ရပါတယ်။ ဒီ မြို့ မီးလောင် ပျက်စီး ခဲ့ရတဲ့ ဖြစ်စဉ်ကို သမ္မာကျမ်းစာမှာလဲ မှတ်တမ်းတင် ထားခဲ့ပါတယ်။

ဒါ့ကြောင့်လဲ နာဆာရဲ့ သုတေသီ တွေဟာ ကမ္ဘာပေါ်ကို ကျရောက်လာတဲ့ (သို့) ကျရောက် လာနိုင်တဲ့ ဥက္ကာပျံ တွေကို ဂရုတစိုက် စောင့်ကြည့် လေ့လာနေ ခဲ့တာ ဖြစ်ပါတယ်။ 

ဒီနေရာမှာ မြန်မာလို ဥက္ကာပျံ၊ ဥက္ကာခဲ အမျိုးမျိုး ခေါ်နေပေမယ့် အင်္ဂလိပ်လို တော့ meteor, meteorites   နဲ့ asteroid ဆိုပြီး အမျိုးအစား ခွဲခြား ခေါ်ဝေါ် တာကို လေ့လာ မိပါတယ်။

Asteroid ဆိုတာက နေကို သီးသန့် ပတ်လမ်း တစ်ခုကနေ ပတ်နေတဲ့ အစိုင်အခဲ တွေကို ခေါ်တာ ဖြစ်ပါတယ်။ ဒီ asteroid တွေကို ဂြိုဟ်သိမ်တွေ လို့လဲ အချို့က ဘာသာ ပြန် ကြပါတယ်။ ဒီ asteroid ဂြိုဟ်သိမ် တွေဟာ ကျောက် (သို့) သတ္တု (သို့) ရေခဲ နဲ့ ဖွဲ့စည်း ထားကြတာ ဖြစ်ပါတယ်။ ကမ္ဘာနဲ့ အခြားဂြိုဟ်တွေ နေကို ပတ်နေ ကြသလိုမျိုး သူတို့ကလဲ​နေကို ပတ်နေ ကြတာပါ။

ဒီ ဂြိုဟ်သိမ် တွေဟာ အရွယ်အစား အားဖြင့် ကြီးမား ကြပါတယ်။ ကြီးမားတယ် ဆိုတာက ကားအရွယ် အိမ်အရွယ် ကနေ အချင်းပေ ရာဂဏန်း (သို့) ထောင်ဂဏန်း (သို့ မိုင် အနည်းငယ် ထိ ရှိနိုင်ပါတယ်။ 

ဒီ ဂြိုဟ်သိမ်တွေ ကမ္ဘာကို လာတိုက် နိုင်တဲ့ အခွင့်အလမ်းက အတော်လေးတော့ နည်းပါတယ်။ ဒါပေမယ့် လာတိုက် ခဲံရရင်လဲ ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ် လာနိုင်ပါတယ်။

Meteorite နဲ့ meteor တွေ ကတော့ ကမ္ဘာ့ လေထုထဲကို ဝင်လာကြတဲ့ ကျောက်တုံး (သို့) သတ္တုတုံး တွေကို ခေါ်တာ ဖြစ်ပါတယ်။

အရွယ်အစား သေးငယ်တဲ့ ကျောက်တုံး တွေကတော့ မြေပြင်ပေါ် မရောက်မီ လေထုနဲ့ ပွတ်တိုက် မိတဲ့အတွက် မီးလောင် ပျက်စီး သွားကြပါတယ်။ ဒီလို လေထုထဲမှာ မီးလောင် ပျက်စီး သွားတဲ့ ဥက္ကာခဲ တွေကို meteor  လို့ ခေါ်ကြတာ ဖြစ်ပါတယ်။

အတန်ငယ် ကြီးမားတဲ့ ဥက္ကာခဲ တွေကတော့ လေထုထဲမှာ အကုန် လောင်ကြွမ်း ပျက်စီး မသွားပဲ ကမ္ဘာ မြေပြင်ကို လာမှန် ကြပါတယ်။ ဒီလို မြေပြင်အထိ လာမှန်ကြတဲ့ ဥက္ကာခဲတွေ ကိုတော့ meteorite တွေလို့ ခေါ်တာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်ကို ကျလာတဲ့ ဥက္ကာပျံ အားလုံးကို လိုက်လံ မှတ်တမ်းတင်ခြင်း မပြု နိုင် သေးပါဘူး။ အထူး သဖြင့် ဥက္ကာပျံ အသေး လေးတွေ အားလုံးကို လိုက်လံ ရှာဖွေ ဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင် ပါဘူး။ ဒီ ဥက္ကာပျံ တွေဟာ အရွယ်အစား သေးငယ် ရုံမက ကျရောတဲ့ နေရာနဲ့ အချိန်ကလဲ အတည်တကျ မရှိပါဘူး။ ဥက္ကာပျံ  အများစုဟာ လူမနေနဲ့ ပင်လယ် ထဲကို ကျရောက်မယ်လို့ ယူဆ ကြပါတယ်။

သုတေသီ တွေဟာ နှစ်စဉ် ကမ္ဘာပေါ်ကို ကျရောက်လာတဲ့ ဥက္ကာခဲ အရေအတွက် ဘယ်လောက် ရှိမလဲ ဆိုတာကို ခန့်မှန်း နိုင်ဖို့ သုတေသန အမျိုးမျိုးကို ပြုလုပ် ခဲ့ကြပါတယ်။ 

၂၀၁၉ ခုနှစ်မှာ တင်ပြတဲ့ သုတေသန စာတမ်း တစ်စောင်မှာ ကမ္ဘာ့ မျက်နှာပြင်ကို ကျရောက် ထိမှန်တဲ့ ဥက္ကာပျံ အရေ အတွက်ဟာ နေ့စဉ် ပျမ်းမျှ အားဖြင့် ၁၇ ခုခန့် ရှိမယ်လို့ ခန့်မှန်း ထားပါတယ်။ ဒါဟာ လေထုထဲ လောင်ကျွမ်း ပျက်စီး သွားတဲ့ ဥက္ကာပျံ ဥက္ကာခဲ တွေ မပါပဲ ကမ္ဘာ့ မြေပြင် (သို့) ပင်လယ် ရေပြင်ကို လာရောက် ထိမှန်တဲ့ ဥက္ကာပျံ အရေ အတွက်ကို ခန့်မှန်း ထားတာ ဖြစ်ပါတယ်။

ဒီ နှုန်းနဲ့ တွက်မယ်ကို ကမ္ဘာမြေပြင်ကို လာရောက် ထိမှန်တဲ့ ဥက္ကာပျံ အရေအတွက်ဟာ နှစ်စဉ် အလုံး ၆,၀၀၀ ကျော်ခန့် ရှိမယ်လို့ ခန့်မှန်း ရပါတယ်။ 

အခြား သုတေသီ တွေကတော့ ဒီ အရေအတွက်ဟာ နည်းနည်း များနေတယ်လို့ ယူဆ ကြပါတယ်။ Planetary Science Institute ရဲ့ ခန့်မှန်းချက် အရဆို မြေပြင်ကို ကျရောက်တဲ့ ဥက္ကာပျံ အရေ အတွက်ဟာ နှစ်စဉ် ပျမ်းမျှ အလုံး ၅၀၀ လောက်ပဲ ရှိမယ်လို့ ခန့်မှန်း ထားပါတယ်။

အချို့ကတော့ ကမ္ဘာပေါ် ကျရောက်တဲ့ ဥက္ကာပျံ အရေ အတွက်ဟာ ဒီ့ထက် ပိုများမယ်လို့ ယူဆကြ ပြန်ပါတယ်။ ၂၀၂၀ ခုနှစ်က ဘူမိဗေဒ သုတေသန ဂျာနယ် တစ်စောင် ဖြစ်တဲ့  Geology ဂျာနယ်မှာ တင်ပြထားတဲ့ သုတေသန စာတမ်းအရ နှစ်စဉ် ကျရောက်တဲ့ ဥက္ကာပျံ အရေ အတွက်ဟာ အလုံး ၁၇,၀၀၀ ကျော် (တစ်ရက် ပျမ်းမျှ ၄၇ လုံးခန့်) ရှိမယ်လို့ ခန့်မှန်း ထားပါတယ်။

သေချာတာ ကတော့ တကယ့် ကိန်းဂဏန်း အမှန်ကို ဘယ် ပညာရှင်မှ အတိအကျ မသိဘူး ဆိုတာပါပဲ။

Ref: A Startling Number Of Meteors Hit The Earth Every Day

error: