Skip to content

ကမ္ဘာပြင်ပသက်ရှိများ တွေ့ရှိမှုအတွက် ကြိုတင်ပြင်ဆင်ရန် ဘာသာရေး ပညာရှင်များကို နာဆာ ငှားရမ်း

  • Space
အခြား ဂြိုဟ်တွေပေါ်မှာ သက်ရှိတွေ ရှိကြောင်း ရှာဖွေတွေ့ရှိ ခဲ့မယ်ဆိုရင် ကမ္ဘာ့ ဘာသာရေး ခေါင်းဆောင်တွေက ဘယ်လို တုန့်ပြန် ကြမလဲ

အခြား ဂြိုဟ်တွေပေါ်မှာ သက်ရှိတွေ ရှိကြောင်း ရှာဖွေတွေ့ရှိ ခဲ့မယ်ဆိုရင် ကမ္ဘာ့ ဘာသာရေး ခေါင်းဆောင်တွေက ဘယ်လို တုန့်ပြန် ကြမလဲ၊ ဘယ်လို သဘောထား ရှိမလဲ​ဆိုတာကို သိရှိနိုင်အောင် သုတေသန တစ်ခုကို နာဆာ အဖွဲ့ကြီးက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီ သုတေသန အတွက် ဘာသာရေး ကျွမ်းကျင် ပညာရှင် ၂၄ ယောက်ကို ငှားရမ်းခဲ့တယ်လို့ နာဆာ အဖွဲ့ရဲ့ ထုတ်ဖေါ်ချက် အရ သိရပါတယ်။

အခု သုတေသနကို အမေရိကန် ပြည်ထောင်စုက နာမည်ကျော် ပရင်စတန် တက္ကသိုလ် (Princeton University) ကြီးက ဦးဆောင်ပြီး ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သုတေသန ကာလကို တစ်နှစ် သတ်မှတ်ထားခဲ့ပြီး ပရင်စတန် တက္ကသိုလ်ရဲ့ ဘာသာရေး လေ့လာမှု ဗဟို ဌာန (Center for Theological Inquiry) မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

သုတေသန ခေါင်းစဉ် အမည်က “The Societal Implications of Astrobiology” (အာကာသ ဇီဝဗေဒ ဘာသာရပ်၏ လူမှုရေး ဆိုင်ရာ အကျိုးသက်ရောက်မှုများ) လို့ အမည်ပေးထား ခဲ့ပါတယ်။

ဆက်စပ် ဆောင်းပါး – နာဆာရဲ့ UFO ရှာဖွေရေး သုတေသန

ဒီ သုတေသနရဲ့ အဓိက ရည်မှန်းချက်က အကယ်လို့ အခြား ဂြိုဟ်တွေမှာ သက်ရှိတွေ တွေ့ရှိခဲ့တယ် ဆိုတဲ့ သတင်းကို ဘာသာရေး ဆိုင်ရာ ခေါင်းဆောင်တွေက ဘယ်လို တုန့်ပြန်မလဲ ဆိုတာကို ဖော်ထုတ် အဖြေရှာဖို့ ဖြစ်ပါတယ်။

ဒီ သုတေသနဟာ အခုလို အချိန်မှာ အထူး လိုအပ်နေတဲ့ သုတေသန တစ်ခုဖြစ်တယ်လို့ ပညာရှင် တွေက ထောက်ပြကြပါတယ်။

ကမ္ဘာပေါ်မှာ ဘီလီယံနဲ့ ချီတဲ့ လူတွေဟာ ဘာသာ တစ်ခုမဟုတ် တစ်ခုကိုတော့ ကိုးကွယ်ယုံကြည် ကြတာပါ။ ဒီတော့ ပြင်ပ ကမ္ဘာမှာ သက်ရှိတွေ ရှိနေတယ် ဆိုတဲ့ အထောက်အထား တွေ့ရှိခဲ့ရင် ဒီ သတင်းက သူတို့ရဲ့ ဘာသာရေး ယုံကြည်မှု အပေါ် ကို ဘယ်လို အကျိုး သက်ရောက် နိုင်မလဲ ဆိုတာကို သိဖို့ လိုအပ်ပါတယ်။

လူတွေရဲ့ ဘုရားသခင် အပေါ် ထားတဲ့သဘောထားက ပြောင်းသွားမှာလား။ သမ္မာကျမ်းစာ ထဲမှာ ရေးထားတဲ့ ကမ္ဘာကို ၆ ရက်နဲ့ ဖန်ဆင်းတယ် ဆိုတဲ့ အပေါ်ကို ဘယ်လို သဘောထားကြမလဲ။ ကမ္ဘာ့ ဘာသာကြီး တွေကရော သက်ရှိနဲ့ ပါတ်သက်တဲ့ သူတို့ရဲ့ အယူအဆ တွေကို ပြောင်းလဲ ပစ်ဖို့ လိုအပ်နေမလား။

ဆက်စပ်ဆောင်းပါး – အခြားကမ္ဘာမှ နည်းပညာများအား ရှာဖွေမည့် ဂယ်လီလီယို စီမံကိန်း

သုတေသနရလဒ်များ

ဒီ သုတေသနရဲ့ တွေ့ရှိချက် တွေအရ အခြား ဂြိုဟ်တွေပေါ်မှာ သက်ရှိတွေ ရှိတယ် ဆိုတဲ့ သတင်းဟာ ဘာသာရေး အဖွဲ့အစည်း တွေအပေါ်မှာ ဘာမှ သိသာတဲ့ အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဘာသာ ပေါင်းစုံက ကိုးကွယ် ယုံကြည် သူတွေရဲ့ ဖြေကြားချက် အရ အများစုက ဒီလို တွေ့ရှိချက်ကို မတုန်မလှုပ် လက်ခံနိုင်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါးလဲဖြစ် “နက္ခတ်ဇီဝ ဗေဒ နှင့် ခရစ်ယာန် အယူဝါဒ (Astrobiology and Christian Doctrine)” စာအုပ် ပြုစုသူလဲ ဖြစ်တဲ့ ဘုန်းတော်ကြီး ဒေါက်တာ အန်ဒရူး ဒေဗီဆန် (Rev. Dr. Andrew Davison) က “ဘာသာ ပြင်ပက လူတွေက ဘာသာရေး ကိုင်းရှိုင်းသူတွေ အနေနဲ့ ကမ္ဘာပြင်ပမှာ သက်ရှိတွေ ရှိတယ်ဆိုတဲ့ တွေ့ရှိချက် အပေါ် တုန့်ပြန်လာမယ့် တုန့်ပြန်မှု တွေနဲ့ ပတ်သက်လို့ အလွန်အကျူး  ချဲ့ထွင်ပြီး တွေးတတ် မြင်တတ် ကြပါတယ်” လို့ ဆိုပါတယ်။

ဒီ သုတေသနမှာ ပါဝင် ဆွေးနွေးခဲ့တဲ့ ဂျူး ဘုန်းတော်ကြီး တပါး၊ အစ္စလမ် ဓမ္မ ဆရာ တစ်ပါးနဲ့ အင်္ဂလိကန် ကျောင်းတော်က ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါးတို့ ကလဲ သူတို့ ကိုယ်စားပြုတဲ့ ဘာသာဝင်တွေ အနေနဲ့ ဒီလို ကမ္ဘာပြင်ပမှာ သက်ရှိတွေ ရှိနေတယ် ဆိုတဲ့ သတင်းနဲ့ ပါတ်သက်လို့ ဘာမှ ထူးထူးခြားခြား ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ (ဒီ သုတေသနမှာ ဗုဒ္ဓဘာသာ နဲ့ ဟိန္ဒူ ဘာသာဝင် ဘုန်းတော်ကြီးတွေ ပါမပါနဲ့ သူတို့ရဲ့ အမြင်ကိုတော့ ဒီ သတင်းထဲမှာ ရေးသားထားတာ မတွေ့ရပါဘူး။)

ဆက်စပ်ဆောင်းပါး – ဂြိုဟ်သားတွေနဲ့ ဘာကြောင့် အဆက်အသွယ် မရသေးတာလဲ

အခုလို ဘာသာရေး ဆိုင်ရာ ပုဂ္ဂိုလ်များကို ဖိတ်ကြားပြီး သူတို့ရဲ့ သဘောထား အမြင် ရယူတာနဲ့ ပါတ်သက်လို့ သိပ္ပံ အသိုင်းအဝိုင်းက နာဆာကို ချီးကျူး ပြောကြား ခဲ့ပါတယ်။ တချိန်ထဲ မှာပဲ ဒါဟာ နာဆာ အဖွဲ့ကြီးက သိပ္ပံ ပညာရှင် များဟာ အခြား ဂြိုဟ်တွေပေါ်မှာ သက်ရှိတွေ ရှာဖွေ တွေ့ရှိဖို့ နီးစပ်လာနေပြီလို့ ယုံကြည်မှု ရှိနေတယ် ဆိုတာကို ပြနေတယ် လို့လဲ ခန့်မှန်း ပြောဆိုသံတွေ ထွက်ပေါ်လာနေ ပါတယ်။

ဒီ သုတေသနဟာ ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ်ကြီး လွှတ်တင်ဖို့ ပြင်ဆင်နေတဲ့ ကာလနဲ့လဲ တိုက်ဆိုင်နေ ခဲ့ပါတယ်။ ပညာရှင် အများစုကတော့ ဒီ တယ်လီစကုပ် ကြီးဟာ သိပ်မကြာမီ ကာလမှာ စကြာဝဠာထဲက အခြားဂြိုဟ်တွေမှာ သက်ရှိတွေ ရှိနေတယ် မရှိနေဘူး ဆိုတာကို ဖော်ထုတ်ပေးနိုင် တော့မယ်လို့ ယုံကြည်နေ ကြပါတယ်။

— သက်နိုင် ( မြန်မာ့သိပ္ပံ) —

Reference: NASA PAID PRIESTS TO FIGURE OUT HOW TO DEAL WITH ALIENS | Futurism

error: