Skip to content

အာကာသတွင်း ရေဒီယိုလှိုင်းများ အဆက်မပြတ် ထုတ်လွှင့်ရာ ရပ်ဝန်းသစ်တစ်ခု ရှာဖွေတွေ့ရှိ

  • Space
Magnetar radio burst

အပြည်ပြည် ဆိုင်ရာက နက္ခတ် ပညာရှင်တွေ ပါဝင်တဲ့ သုတေသန အဖွဲ့ တစ်ဖွဲ့ဟာ အာကာသ တွင်းက ရေဒီယို အချက်ပြ လှိုင်းတွေ အဆက်မပြတ် ထုတ်လွှင့်နေတဲ့ ရပ်ဝန်း အသစ် တစ်ခုကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ ဒါဟာ ဒီလို ရပ်ဝန်းမျိုး ဒုတိယ အကြိမ် ရှာဖွေ တွေ့ရှိ ခဲ့တာပဲ ဖြစ်ပါတယ်။

Fast radio bursts (FRBs) တွေလို့ ခေါ်တဲ့ ရပ်ဝန်းတွေဟာ အင်အား ပြင်းထန်တဲ့ ရေဒီယို အချက်ပြ လှိုင်း တွေကို အလွန် တိုတောင်းတဲ့ အချိန် ကာလလေး အတွင်းမှာ ထုတ်လွှင့်ပေးရာ ရပ်ဝန်းတွေ ဖြစ်ကြပါတယ်။ အချက်ပြ လှိုင်းတွေဟာ အများအားဖြင့် အလွန် တိုတောင်းပြီး တစ်ခုကို မီလီစက္ကန့် (millisecond =  တစ်စက္ကန့် ၏ အပုံ တစ်ထောင်ပုံ တစ်ပုံ) အနည်းငယ်သာ ကြာမြင့် တတ်ကြပါတယ်။

ဒီ ထူးဆန်းတဲ့ ဖြစ်စဉ်ကို ၂၀၀၇ ခုနှစ်မှာ ပထမဆုံး ရှာဖွေ တွေ့ရှိ ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီ ရေဒီယို အချက်ပြ လှိုင်းတွေ ထုတ်လွှင့်ရာ ရပ်ဝန်းတွေနဲ့ ပါတ်သက်လို့တော့ ယခုထက်တိုင် အဖြေရှာ မရသေးတဲ့ ထူးခြား ဆန်းကြယ် မှုတွေအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

အခု အသစ် တွေ့ရှိတဲ့ FRB ကို 20190520B လို့ အမည် ပေးထားပါတယ်။ ဒီ ရေဒီယို ပင်ရင်းကို ၂၀၁၉ ခုနှစ်အတွင်း တရုတ်ပြည် ကွမ်ကျိုး ပြည်နယ်မှာ ရှိတဲ့ အချင်း ပေ ၅၀၀ ရှိတဲ့ ရေဒီယို တယ်လီစကုပ် ကြီးကနေ ဖမ်းယူ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီ ရေဒီယို အချက်ပြ လှိုင်းတွေ ထွက်တဲ့ FRB ရပ်ဝန်းကို အမေရိကန် ပြည်ထောင်စု ကယ်လ်တက် တက္ကသိုလ်က (Caltech University) က Jansky Very Large Array တယ်လီစကုပ် ကြီးကို အသုံးပြုပြီး အသေးစိတ် ဆက်လက် လေ့လာ ခဲ့ကြပါတယ်။ ဒီ အခါ ဒီ ရပ်ဝန်းရဲ့ နောက်ခံမှာ အားနည်းပေမယ့် တောက်လျှောက် ထုတ်လွှင့်နေတဲ့ ရေဒီယို အချက်ပြ လှိုင်းတွေ ထွက်ပေါ် နေတာကို ထူးဆန်းစွာ တွေ့ခဲ့ ကြရပါတယ်။

အမေရိကန် ပြည်ထောင်စု ဟာဝိုင်ယီ ကျွန်းက တယ်လီစကုပ်ကြီးကို အသုံးပြုပြီး လေ့လာတဲ့ အခါ ဒီရေဒီယို လှိုင်းတွေဟာ အလင်းနှစ် သန်း ၃၀၀၀ အကွာမှာ ရှိနေတဲ့ ဂလက်ဆီ တစ်ခုကနေ ထွက်ပေါ်လာတယ် ဆိုတာ တွေ့ရှိ ကြရပါတယ်။

အခု တွေ့ရှိမှုဟာ စကြာဝဠာ အတွင်းမှာ ရေဒီယို လှိုင်းတွေ အဆက်မပြတ် တောက်လျှောက် ထုတ်လွှင့်နေတဲ့ ဒုတိယမြောက် အရပ်ဒေသ ကို ရှာဖွေ တွေ့ရှိ ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒီလို ရေဒီယို လှိုင်းတွေ အဆက်မပြတ် ထုတ်လွှင့်ရာ ရပ်ဝန်းကို Persistent radio source (PRS) တွေလို့ အမည် ပေးထားပါတယ်။ ဒါဟာ ဒုတိယမြောက် PRS ကို ရှာဖွေ တွေ့ရှိတာပဲ ဖြစ်ပါတယ်။

ပထမ ရပ်ဝန်းကို ရှာဖွေ တွေ့ရှိ ခဲ့တုန်းက FRB (ခန ထုတ်လွှင့်တဲ့ ရပ်ဝန်း) နဲ့ အဆက်မပြတ် ထုတ်လွှင့်ရာ ရပ်ဝန်း PRS တွေကြားက ဆက်စပ်မှုဟာ တိုက်ဆိုင်မှု ဖြစ်တယ်လို့ ယူဆခဲ့ ကြပါတယ်။ ဒါပေမယ့် အခုလို ဒုတိယ အကြိမ်မြောက် တွေ့ရှိမှုကြောင့် ဒါဟာ တိုက်ဆိုင်မှု သက်သက် မဟုတ်နိုင် ဘူးလို့ ပညာရှင် တွေက ယူဆလာ ကြပါတယ်။

အခု တွေ့ရှိမှုကြောင့် နက္ခတ် ပညာရှင် တွေအကြားမှာ ရေဒီယို လှိုင်းတွေ ထုတ်လွှင့်ရာ ရပ်ဝန်း တွေနဲ့ ပါတ်သက်လို့  မေးခွန်း အသစ်တွေ ပေါ်ပေါက် လာကြပါတယ်။

အဓိက မေးခွန်းကတော့ ရေဒီယို လှိုင်းတွေ ထုတ်လွှင့်တဲ့ FRB တွေဟာ ခနတဖြုတ်ပဲ ထုတ်လွှင့်ပြီး ငြိမ်သက် တိတ်ဆိတ် သွားကြ သလား၊ ဒါမှ မဟုတ် ထပ်ခါ ထပ်ခါ ထုတ်လွှင့်နေ ကြသလား ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ 

နောက်ပြီး ဒီ ရေဒီယို လှိုင်း ပင်ရင်း ဒေသ တွေဟာ တဖြည်းဖြည်း ပြောင်းလဲ နေကြ သလား ဆိုတဲ့ မေးခွန်းကိုလဲ မေးလာ ကြပါတယ်။ 

ပညာရှင်တွေ ယူဆ ထားတာကတော့ ဒီ ရေဒီယို ပင်ရင်းတွေဟာ သက်တမ်း ကြီးရင့် လာတာနဲ့ အမျှ ရေဒီယို အချက်ပြလှိုင်း ထုတ်လွှင့်မှု တဖြည်းဖြည်း နှေးကွေး လျော့နည်း လာတယ်လို့ ယူဆ ကြပါတယ်။

အခု တွေ့ရှိ ရတဲ့ တောက်လျှောက် ထုတ်လွှင့်တဲ့ ရပ်ဝန်းမျိုးဟာ အလွန်ကို ရှားပါး လှပါတယ်။ ဒါ့ကြောင့် အချို့ ပညာရှင် တွေက ဒီ ရပ်ဝန်းတွေဟာ အရမ်း သက်တမ်း နုနယ်တဲ့ အာကာသ ရေဒီယို ပင်ရင်းဒေသ တွေ ဖြစ်တယ်လို့ ယူဆ ကြပါတယ်။ ဒီ ရပ်ဝန်းတွေ အသက် ကြီးလာ တာနဲ့ အမျှ သူတို့ ထုတ်လွှင့်တဲ့ ရေဒီယို လှိုင်းတွေဟာ ပြတ်တောင်း ပြတ်တောင်း ဖြစ်လာပြီး တဖြည်းဖြည်း အသံ တိတ်ဆိတ် လာတယ်လို့ ယူဆ ကြပါတယ်။

အခု တွေ့ရှိရတဲ့ FRB 190520B ဟာ ဆူပါနိုဗါ တစ်ခု ပေါက်ကွဲပြီး ဖြစ်ပေါ် လာတာ ဖြစ်နိုင်တယ်လို့ အချို့က ယူဆ ကြပါတယ်။ သူ့ဆီက ထွက်လာတဲ့ ရေဒီယို လှိုင်းတွေကို ခွဲခြမ်း စိတ်ဖြာ ကြည့်တဲ့ အခါ အီလက်ထရွန် အမြောက်အများ သိပ်သည်း စုစည်း နေတဲ့ အရပ်ကနေ ထွက်ပေါ်လာတဲ့ ပုံ ပေါ်ပေါက် နေလို့ပါ။ 

ဒီလို ဒေသမျိုးကို ဆူပါနိုဗါ ပေါက်ကွဲမှု အပြီး ကြွင်းကျန်ခဲ့တဲ့ ဓါတ်ငွေ့ တိမ်တိုက်တွေ အတွင်း တွေ့ရလေ့ ရှိကြပါတယ်။ 

သုတေသီ တွေကတော့ ဒီ ရေဒီယို အချက်ပြ လှိုင်း တွေရဲ့ ပင်ရင်း ဒေသတွေနဲ့ ပါတ်သက်လို့ ဒီ့ထက်ပို သိဖို့ဆို သက်တမ်း အမျိုးမျိုး ရှိတဲ့ ရေဒီယို ပင်ရင်းတွေ ရှာဖွေ တွေ့ရှိဖို့ လိုမယ်လို့ ဆိုပါတယ်။ အကယ်လို့ ဒီ ရေဒီယို ပင်ရင်းတွေက ရေဒီယို အချက်ပြ လှိုင်းတွေ တဖြည်းဖြည်း အသံ တိုးတိတ် သွားတယ် ဆိုတာကို လက်တွေ့ ပြနိုင်ရင် ဒီ ရေဒီယို လှိုင်းရပ်ဝန်းတွေရဲ့ အသက် ကြီးရင့်မှု ဖြစ်စဉ်ကို ဖော်ထုတ် နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ဒီ အချက်ပြ လှိုင်းတွေကို လေ့လာနေတဲ့ နက္ခတ် ပညာရှင် တွေကတော့ ဒီ ထူးခြား ဆန်းကြယ်တဲ့ သဘာဝကို အဖြေ ပေးနိုင်ဖို့ သိပ်မလိုတော့ ဘူးလို့ မျှော်လင့်နေ ကြပါတယ်။

Ref: Discovery of second repeating fast radio burst raises new questions | Space

error: