Skip to content

လေယာဉ်ပေါ်က နာရီဟာ နှေးသွားသလား

Einstein and his famous equation

၁၉၀၅ ခုနှစ်မှာ အိုင်းစတိုင်းဟာ သူ့ရဲ့ အထူး နှိုင်းရ သီအိုရီ (Special Theory of Relativity) ကို တင်ပြ ခဲ့ပါတယ်။ ဒီ သီအိုရီဟာ ရူပဗေဒ ပညာရှင်တွေရဲ့ စကြာဝဠာ နဲ့ ပါတ်သက်တဲ့ ရှုမြင်ပုံတွေ တင်သာမက အချိန်နဲ့ ပါတ်သက်တဲ့ အခြေခံ အမြင်ကိုပါ လုံးဝ တော်လှန် ပြောင်းလဲ ပစ်ခဲ့ပါတယ်။

အိုင်းစတိုင်း မတိုင်မီက ရူပဗေဒ ပညာရှင် တွေဟာ စကြာဝဠာ ထဲက ဘယ် အဖြစ် အပျက်ကို မဆို အညွှန်း ၄ ခုကို အသုံး ပြုပြီး ရည်ညွှန်း နိုင်တယ်လို့ ယုံကြည်ခဲ့ ကြပါတယ်။ 

သူ့မတိုင်မီက ရူပဗေဒ ပညာရှင် တွေက ဘယ် အဖြစ် အပျက်ကို မဆို x, y, z ဆိုတဲ့ အညွှန်း coordinate ၃ ခုကို အသုံးပြုပြီး နေရာ ကို အတိအကျ ညွှန်းဆို နိုင်ခဲ့ကြပါတယ်။ နောက်ပြီး စတုတ္ထမြောက် အညွှန်း အဖြစ် ဘယ်အချိန်က ဖြစ်ပျက်ခဲ့တာလဲ ဆိုတဲ့ Time နဲ့ ညွှန်းဆို နိုင်ခဲ့ ပါတယ်။

ဒီ အညွှန်း ၄ ခုကို အသုံးချပြီး စကြာဝဠာ အတွင်း ဖြစ်ပျက်ခဲ့သော၊ ဖြစ်ပျက် နေသော၊ ဖြစ်ပျက် လတ္တံ့သော အဖြစ်အပျက် အားလုံးကို အတိအကျ ညွှန်းဆို နိုင်ခဲ့ပါတယ်။ ဒီ အညွှန်းတွေ အားလုံးဟာ ပြောင်းလဲခြင်း မရှိ တသမတ်တည်း ရှိနေတဲ့ အညွှန်းတွေ ဖြစ်တယ် လို့လဲ ယုံကြည် ယူဆခဲ့ ကြပါတယ်။

ဆိုလိုတာက ဒီ အဖြစ်အပျက် တွေကို ညွှန်းဆိုတဲ့ အညွှန်းတွေဟာ ဘယ်နေရာ ဘယ်ရှုထောင့် ကပဲ ကြည့်ကြည့် မပြောင်းလဲဘူး ဆိုပြီး ယူဆခဲ့ ကြတာပါ။

ဒါက အိုင်းစတိုင်း ရဲ့ ၁၉၀၅ သီအိုရီ စာတမ်း မထွက်ပေါ် လာမီက ရူပဗေဒ လောကရဲ့ အခြေခံ ခံယူချက် ဖြစ်ပါတယ်။ 

ဒါပေမယ့် ဒါတွေ အားလုံးဟာ အိုင်းစတိုင်းရဲ့ စာတမ်း ထွက်ပေါ်လာ အပြီးမှာ အားလုံး ပြောင်းလဲ သွားကြပါတော့တယ်။

အိုင်းစတိုင်းက စကြာဝဠာ ထဲက အဖြစ်အပျက် တွေဟာ လေ့လာ ကြည့်ရှုသူ (observer) ရဲ့ တည်နေရာနဲ့ လှုပ်ရှားမှု အပေါ် မူတည်ပြီး မတူညီပဲ ကွဲပြားတယ်လို့ တင်ပြ ခဲ့ပါတယ်။

စကြာဝဠာ ထဲမှာ လေ့လာသူ နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ အလျင်နဲ့ ရွေ့လျား နေမယ် ဆိုရင် သူတို့ စကြာဝဠာကို မြင်တဲ့ အမြင်ဟာလဲ တူညီမှု ရှိမှာ မဟုတ်ဘူးလို့ အိုင်းစတိုင်းက အဆိုပြုပါတယ်။ ဒီလို ဖြစ်ရတာဟာ သူတို့ ခံစားရတဲ့ အချိန် မတူညီပဲ ကွာခြားမှု ကြောင့် ဖြစ်တယ်လို့ အိုင်းစတိုင်းက ရှင်းပြပါတယ်။

အိုင်းစတိုင်းရဲ့ အဆိုအရ လှုပ်ရှားနေတဲ့ သူရဲ့ အချိန်ဟာ မလှုပ်ရှားပဲ နေတဲ့ သူရဲ့ အချိန်နဲ့ ယှဉ်ရင် နှေးသွားမယ်လို့ ဆိုပါတယ်။ 

ဆက်စပ်ဆောင်းပါး – ဘာ့ကြောင့် အချိန်က အာကာသထဲမှာ ပိုမြန်ရတာလဲ

ဒီ အချက်ကို လက်တွေ့ သက်သေပြဖို့ အိုင်းစတိုင်းက နာရီ နှစ်လုံးကို အသုံးပြုဖို့ အကြံ ပြုခဲ့ ပါတယ်။ သူက နာရီ တစ်လုံးကို အီကွေတာမှာ ထားပြီး နောက်တစ်လုံးကို မြောက်ဝင်ရိုး စွန်းမှာ ထားဖို့ အကြံ ပြုခဲ့ ပါတယ်။

မြောက်ဝင်ရိုးစွန်းမှာ ထားတဲ့ နာရီဟာ အီကွေတာမှာ ထားတဲ့ နာရီနဲ့ ယှဉ်လိုက်ရင် ရွေ့လျားမှု မရှိပဲ သူ့နေရာ မှာတင် လည်နေမှာ ဖြစ်ပါတယ်။ အီကွေတာက နာရီကတော့ တစ်နာရီ ၁၆၇၀ ကီလိုမီတာ အမြန်နှုန်းနဲ့ ရွေ့လျားနေမှာ ဖြစ်ပါတယ်။ ဒီတော့ အီကွေတာက နာရီဟာ ဝင်ရိုးစွန်းက နာရီထက် အချိန် နောက်ကျနေမှာ ဖြစ်တယ်လို့ အိုင်းစတိုင်းက ဆိုပါတယ်။

ဒါပေမယ့် တကယ် လက်တွေ့ စမ်းသပ် ကြည့်တဲ့ အခါမှာတော့ ဒီ နာရီ နှစ်လုံးဟာ အချိန် ကွာခြားမှု မရှိတာကို တွေ့ကြရ ပါတယ်။ နာရီ နှစ်လုံး စလုံးဟာ အချိန် တစ်ခုတည်း ကိုပဲ ညွှန်ပြနေ ကြပါတယ်။

အိုင်းစတိုင်းရဲ့ အချိန် ဖေါင်းပွမှု (Time dilation) အယူအဆ ကို မှန်ကန်ကြောင်း အထောက်အထား ပြနိုင်ဖို့ကို ၁၉၇၁ ခုနှစ် အထိ စောင့်ဆိုင်း ခဲ့ရပါတယ်။ ဒါပေမယ့် အဲ့သည် အချိန်မှာတော့ အိုင်းစတိုင်း မရှိတော့ ပါဘူး။

 အိုင်းစတိုင်းက နာရီ နှစ်လုံးနဲ့ တိုင်းဖို့ အဆိုပြုခဲ့ ချိန်က သူဟာ အထွေထွေ နှိုင်းရ သီအိုရီ (General Theory of Relativity) ကို ရှာမတွေ့ သေးပါဘူး။ ဒီ သီအိုရီက ဆွဲငင်အားရဲ့ အချိန်ပေါ် သက်ရောက်မှုကို တင်ပြထားတဲ့ သီအိုရီ ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာမြေရဲ့ ဆွဲအားက နာရီတွေ အပေါ် သက်ရောက်မှုကို ထည့်သွင်း စဉ်းစား နိုင်ခဲ့ခြင်း မရှိခဲ့ ပါဘူး။

ဟင်းလင်းပြင်နဲ့ အချိန် (Space-time) ဟာ ဒြပ်ရှိတဲ့ အရာဝတ္ထုတွေရဲ့ ပတ်လည်မှာ ကွေးညွှတ် သွားပါတယ်
ဟင်းလင်းပြင်နဲ့ အချိန် (Space-time) ဟာ ဒြပ်ရှိတဲ့ အရာဝတ္ထုတွေရဲ့ ပတ်လည်မှာ ကွေးညွှတ် သွားပါတယ် (Credit: Christopher Vitale of Networkologies and the Pratt Institute)

ကမ္ဘာက လည်နေတဲ့ အတွက် ဗဟိုခွာ အားကြောင့် အီကွေတာ ဒေသဟာ ဗိုက်နည်းနည်း ပူနေပါတယ်။ ဝင်ရိုးစွန်း ကတော့ နဲနဲလေး ချိုင့်ဝင်နေပါတယ်။ ဒီတော့ အီကွေတာ ဒေသထက် စာရင် ဝင်ရိုးစွန်း ဒေသဟာ ကမ္ဘာ့ ဗဟိုနဲ့ ပိုနီးနေပါတယ်။ ဒါရဲ့ ရလဒ် ကတော့ ဝင်ရိုးစွန်းက ဆွဲငင်အားဟာ အီကွေတာက ဆွဲငင်အား ထက် ၀.၄% လောက် ပိုပြီး အားကောင်း နေပါတယ်။

ဒီတော့ အီကွေတာက နာရီက သူရွေ့တဲ့ အလျင်ကြောင့် အချိန် နှေးသွား သလို ဝင်ရိုးစွန်းက နာရီကလဲ ပိုအားကောင်းတဲ့ ဆွဲငင်အားကြောင့် အချိန် နှေးသွား ပြန်ပါတယ်။ ဒီ အချိန် နှေးသွားတာ နှစ်ခုဟာ တစ်ခုကို တစ်ခု ပြန်ချေ လိုက်တာကြောင့် အချိန် ကွာခြားမှုကို မတွေ့ရတာ ဖြစ်ပါတယ်။

ဒီတော့ ဒီလို ရွှေ့လျားမှုကြောင့် အချိန် နှေးသွားတာကို တိုင်းတာဖို့ ဆိုရင် နာရီ ရွေ့နေတဲ့ အမြန်နှုန်း တစ်ခု ထဲကို စဉ်းစားလို့ မရ တော့ပါဘူး။ ဒီ နာရီတွေ ထားရှိတဲ့ အရပ်ရဲ့ ဆွဲငင်အား သက်ရောက် မှုကိုလဲ ထည့်သွင်း စဉ်းစားဖို့ လိုအပ် လာပါတယ်။

ဒီလို အခက်အခဲတွေ ရှိခဲ့ ပေမယ့် ကွမ်တမ် ရူပဗေဒ က ပြုလုပ်တဲ့ လက်တွေ့ သုတေသန တွေအရ အချိန် ဖေါင်းပွမှု ဟာ တကယ် ဖြစ်တဲ့ ဖြစ်ရပ် ဆိုတာကို သိပ္ပံ ပညာရှင်တွေ သိရှိ လာခဲ့ ရပါတယ်။ ကွမ်တမ် အမှုန် တွေရဲ့ သက်တမ်းဟာ အလွန်ကို တိုတောင်း လှပါတယ်။ ဒါပေမယ့် ဒီ အမှုန်တွေ အလွန် လျင်မြန်တဲ့ နှုန်းနဲ့ ရွေ့လျား တဲ့ အခါ သူတို့ရဲ့ သက်တမ်းဟာလဲ သိသိသာသာ ရှည်လာတာကို သိပ္ပံ ပညာရှင်တွေ သတိပြုမိ ခဲ့ကြပါတယ်။

ဒီလို ရှည်လာတဲ့ သက်တမ်း ကိုလဲ ဒီ အမှုန်တွေ ရွှေ့လျားတဲ့ အမြန်နှုန်း ကနေ အတိအကျ တွက်ချက် နိုင်ပါတယ်။ ဒီ တွက်ချက်လို့ ရတဲ့ အဖြေနဲ့ လက်တွေ့ သုတေသနက ရတဲ့ အဖြေတွေဟာ အတိအကျ တူညီ နေတာကိုလဲ တွေ့ကြရ ပါတယ်။

ဒါပေမယ့် ကွမ်တမ် အမှုန်တွေ ထက် ပိုကြီးတဲ့ ပြင်ပ လောက ကြီးထဲမှာတော့ အချိန် ဖေါင်းပွမှု ဖြစ်စဉ်ကို လက်တွေ့ မတိုင်းတာနိုင် ခဲ့ကြပါဘူး။ အထူးသဖြင့် သူ့ရဲ့ မူရင်း အကြံပြုချက် ဖြစ်တဲ့ နာရီ နှစ်လုံးနဲ့ နှိုင်းယှဉ် စမ်းသပ်ဖို့ ဆိုတာကို အောင်မြင်အောင် မစမ်း သပ်နိုင် ခဲ့ကြပါဘူး။

ဒါပေမယ့် ၁၉၅၀ ပြည့်နှစ်တွေမှာ ရှာဖွေ တွေ့ရှိ ခဲ့တဲ့ နည်းပညာ အသစ် နှစ်ခုကြောင့် အိုင်းစတိုင်းရဲ့ အိမ်မက် အကောင်အထည် ဖော်နိုင်ဖို့ နီးစပ် လာပါတယ်။

ပထမ နည်းပညာ ကတော့ အက်တမ် နာရီ (Atomic Clock) တီထွင် နိုင်ခဲ့ ခြင်းပဲ ဖြစ်ပါတယ်။ ဒီ တီထွင်မှုကြောင့် အချိန်ကို နာနို စက္ကန့် (တစ်စက္ကန့်ရဲ့ သန်း ၁၀၀၀ ပုံ ၁ ပုံ) အထိ အတိအကျ တိုင်းတာ နိုင်လာ ခဲ့ပါတယ်။ ဒါ့အပြင် အက်တမ် နာရီ တွေဟာ သူ့အရင် သုံးခဲ့တဲ့ သလင်းကျောက် (quarts) နာရီ တွေလို အပူချိန် ပြောင်းလဲမှုကြောင့် အချိန် တိုင်းတာမှု ပြောင်းလဲ သွားတာမျိုးလဲ မရှိပါဘူး။

နောက်တစ်ခု ကတော့ အမြန်နှုန်း မြင့်မားစွာ ပျံသန်းနိုင်တဲ့ ဂျက်လေယာဉ် တွေ ပေါ်ပေါက်လာ တာပဲ ဖြစ်ပါတယ်။ ဂျက်လေယာဉ် တွေဟာ အမြန်နှုန်း ပိုမြင့် သလို ကမ္ဘာ မြေပြင် အထက် အမြင့်ကြီး ကနေ ပျံသန်း နိုင်တာမို့ မြေဆွဲအားရဲ့ သက်ရောက် မှု အပြောင်းအလဲ နည်းပြီး ဆွဲအား တသမတ်ထဲ ညီမျှတဲ့ အခြေအနေ ဖန်တီးပေး နိုင်မှာ ဖြစ်ပါတယ်။

ရူပဗေဒ ပညာရှင် ဂျိုးဆက် ဟာဖီလီ (Joseph Hafele) က အက်တမ် နာရီ တစ်လုံးကို ခရီးသည်တင် လေယာဉ်ပေါ် တင်ပြီး ကမ္ဘာ ပတ်ခဲ့မယ် ဆိုရင် ဒီနာရီ အချိန် နှေးသွားတာကို သက်သေ ပြနိုင်မယ့် ဆိုတာကို ကွန်ဖရင့် တစ်ခုမှာ တင်ပြ ခဲ့ပါတယ်။ 

ဒီ ကွန်ဖရင့်ကို တက်ရောက်သူတွေ ထဲက တစ်ယောက်ကတော့ အမေရိကန် ရေတပ် နက္ခတ် လေ့လာရေး ဌာနက နက္ခတ် ပညာရှင် ရစ်ချတ် ကီတင် (Richard Keating) ပဲ ဖြစ်ပါတယ်။ သူက ဟာဖီလီကို သူတို့ ဌာနက တီထွင် ထားတဲ့ အက်တမ် နာရီ အသစ်အကြောင်း ပြောပြ ခဲ့ပါတယ်။

သိပ်မကြာ မီမှာပဲ ဒီ စမ်းသပ်မှု အတွက် လိုအပ်တဲ့ ငွေကြေး အထောက် အပံ့ကို အမေရိကန် ရေတပ် နက္ခတ် လေ့လာရေး ဌာနကနေ ထောက်ပံ့ ပေးခဲ့ပါတယ်။  

ဒီ ထောက်ပံငွေနဲ့ ခရီးသည်တင် လေယာဉ် လက်မှတ်တွေ ဝယ်ပြီး သုတေသန ပြုလုပ်ခဲ့ ကြပါတယ်။ ပုံမှာ မြင်ရတဲ့ အတိုင်း သိပ္ပံ ပညာရှင် တွေနဲ့ သူတို့ရဲ့ အက်တမ် နာရီတွေ အတွက် ခရီးသည်တင် လက်မှတ်တွေ ဝယ်ယူခဲ့ ကြတာပါ။

ဟာဖီလီ နဲ့ ကီတင် (Hafele and Keating) တို့ကို သူတို့ အသုံးပြုခဲ့တဲ့ atomic clock တွေနဲ့အတူ လေယာဉ်ပေါ်မှာ တွေ့ရစဉ်
ဟာဖီလီ နဲ့ ကီတင် (Hafele and Keating) တို့ကို သူတို့ အသုံးပြုခဲ့တဲ့ atomic clock တွေနဲ့အတူ လေယာဉ်ပေါ်မှာ တွေ့ရစဉ် (Credit: Popular Mechanics, 1972)

ပုံမှန် သူတွေ ဆိုရင်တော့ ဒီ နာရီတွေ တင်ပြီး ခရီးသည်တင် လေယာဉ်နဲ့ တစ်ပတ် ပတ်ပျံပြီး ပြန်ရောက်တဲ့ အခါ မြေပြင်ပေါ် ကျန်ခဲ့တဲ့ နာရီနဲ့ တိုက်ကြည့်ကြမှာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်က နာရီက မြေပြင်က နာရီထက် အချိန် နောက်ကျ နေတယ် ဆိုရင် အိုင်းစတိုင်းရဲ့ သီအိုရီ မှန်ကြောင်း အထောက်အထား ပြနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဟာဖီလီ နဲ့ ကီတင် တို့ဟာ ဒီ့ထက် တစ်ဆင့် ပိုပြီး သုတေသန ပြုခဲ့ ကြပါတယ်။ အဲ့တာကတော့ နာရီ နှစ်လုံး မဟုတ်ပဲ နာရီ ၃ လုံးကို အသုံးပြုခဲ့ ကြတာပဲ ဖြစ်ပါတယ်။

ပင်ရင်း နာရီကို လေယာဉ် စထွက်တဲ့ မြို့က မြေပြင်မှာ ထားခဲ့ ကြပါတယ်။ ဒီ နာရီဟာ “ရပ်” နေတဲ့ အခြေအနေ မှာ ရှိတဲ့ အချိန်ကို တိုင်းတာမှာ ဖြစ်ပါတယ်။

ဒုတိယ နာရီ ကိုတော့ အရှေ့အရပ်ကို ပျံတဲ့ လေယာဉ်ပေါ် တင်ပြီး ယူသွား ကြပါတယ်။ ဒီ လေယာဉ် တွေဟာ ကမ္ဘာရွှေ့တဲ့ နှုန်း ထက် ပိုမြန်တဲ့ နှုန်းနဲ့ ရွှေ့လျား ကြတာမို့ သူတို့ အပေါ်က နာရီဟာ အချိန် ပိုနှေး သွားမှာ ဖြစ်ပါတယ်။ (ကမ္ဘာလည်နှုန်း + လေယာဉ် ပျံနှုန်း)

တတိယ နာရီ ကိုတော့ အနောက်အရပ်ကို ပျံတဲ့ လေယာဉ်ပေါ် တင်ပြီး ယူသွား ကြပါတယ်။ ဒီ လေယာဉ် တွေဟာ ကမ္ဘာ လည်တဲ့  အရပ်ကို ဆန့်ကျင်ပြီး ပျံတာမို့ သူတို့ရဲ့ အလျင်ဟာ ကမ္ဘာလည်တဲ့ အလျင်နဲ့ ယှဉ်ရင် ပိုပြီး နှေးနေပါတယ်။ (ကမ္ဘာလည်နှုန်း – လေယာဉ် ပျံနှုန်း)။ 

(မှတ်ချက်။ အနောက်ကို လေယာဉ် ပျံတဲ့ နှုန်းက ကမ္ဘာအရှေ့ကို လည်နေတဲ့ နှုန်းထက် နှေးနေတော့ ကမ္ဘာ ပြင်ပက ကြည့်ရင် သူတို့ဟာ အနောက်ကို ရွှေ့နေတယ်လို့ မမြင်ပဲ အရှေ့ကို ကမ္ဘာလည်တဲ့ နှုန်းထက် နှေးတဲ့ နှုန်းနဲ့ ရွေ့နေတယ်လို့ မြင်ရမှာ ဖြစ်ပါတယ်။)

တနည်းအားဖြင့် လေဆိပ်မှာ ထားခဲ့တဲ့ နာရီဟာ အနောက်ကို ပျံနေတဲ့ လေယာဉ်ပေါ်က နာရီနဲ့ ယှဉ်လိုက်ရင် ပိုပြီး အလျင် မြန်နေပါတယ်။ ဒီတော့ အနောက်ကို ပျံတဲ့ လေယာဉ် ပေါ်က နာရီထက် မြေပြင်က နာရီက ပိုနှေး နေမှာ ဖြစ်ပါတယ်။ (အလျှင်မြန်လေလေ နာရီက နှေးသွားလေလေ ဖြစ်ပါတယ်။)

အကျဉ်းချုပ် ပြောရရင် အရှေ့ကို ပျံတဲ့ နာရီဟာ သူ့ရဲ့ ပိုမြန်တဲ့ အလျှင်ကြောင့် မြေပြင်က နာရီထက် ပိုနှေးမှာ ဖြစ်ပြီး မြေပြင်က နာရီ ကတော့ အနောက်ကို ပျံတဲ့ လေယာဉ်ပေါ်က နာရီထက် ပိုပြီး နှေးနေမှာ ဖြစ်ပါတယ်။

ဒါကတော့ အိုင်းစတိုင်းရဲ့ သီအိုရီ အရ ပြောရတာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ တခါ ကမ္ဘာ့ ဆွဲအားကြောင့် ဖြစ်လာမယ့် အချိန် ဖေါင်းပွမှု ကိုလဲ ထည့်ပြီး စဉ်းစားဖို့ လိုလာ ပြန်ပါတယ်။

လေယာဉ်ပေါ်က နာရီတွေဟာ အမြင့်မှာ ပျံတာမို့ ကမ္ဘာ့ မြေဆွဲအား သက်ရောက်မှုလဲ လျော့နည်း သွားပါတယ်။ ဒီလို လျော့သွားလို့ ဖြစ်လာမယ့် အချိန် မြန်လာ မှုကိုလဲ ထည့်သွင်း စဉ်းစား တွက်ချက်ဖို့ လိုပါတယ်။ (ဆွဲအား များရင် အချိန် နှေးသွားပြီး ဆွဲအားနည်းရင် အချိန် မြန်လာပါတယ်။)

လေယာဉ် မပျံ မီမှာ သိပ္ပံ ပညာရှင် တွေက ဒီ ပျံသန်းမှုကြောင့် ဖြစ်လာမယ့် အချိန် ဖေါင်းပွခြင်းကို ကြိုတင် တွက်ချက် ခဲ့ကြပါတယ်။

အရှေ့ကို ပျံတဲ့ လေယာဉ်ဟာ အမြင့်က ပျံတာမို့  မြေပြင်က နာရီနဲ့ ယှဉ်ရင်  ၁၄၄ နာနိုစက္ကန့် ပိုမြန် လာပါမယ်။ ဒါပေမယ့် ရွှေ့လျားမှုကြောင့် ၁၈၄ နာနိုစက္ကန့် နှေးသွားမှာ ဖြစ်ပါတယ်။ ဒီ နှစ်ခု ပေါင်းလိုက်တော့ စုစုပေါင်း ၄၀ နာနို စက္ကန့်ခန့် အချိန် နှေးသွားမယ်လို့ ခန့်မှန်း ကြပါတယ်။

အနောက်ကို ပျံတဲ့ လေယာဉ်ဟာ ပိုပြီး မြင့်တဲ့ အမြင့်က ပျံတာမို့ မြေဆွဲအားလဲ ပိုလျော့နည်းမှာ ဖြစ်ပါတယ်။ ဒီတော့ ဒီလေယာဉ် ပေါ်က နာရီ က ၁၇၉ နာနိုစက္ကန့် ပိုမြန် သွား ပါလိမ့်မယ်။ ဒါပေမယ့် ဒီလေယာဉ်ဟာ လည်နေတဲ့ မြေပြင်နဲ့ နှိုင်းရင် အရှိန် နှေးနေတာမို့ အချိန်ကလဲ​ပိုမြန် နေပါတယ်။ ဒီ နာရီက ၉၆ နာနိုစက္ကန့်ခန့် ပိုမြန်မယ်လို့ ခန့်မှန်း ကြပါတယ်။ ဒါ့ကြောင့် အနောက် သွားတဲ့ နာရီဟာ စုစုပေါင်း ၂၇၅ နာနိုစက္ကန့်ခန့် ပိုမြန်နေမှာ ဖြစ်ပါတယ်။

ကဲ့ အခု လက်တွေ့ ရလဒ် တွေနဲ့ နှိုင်းယှဉ်ကြည့် ကြရအောင်ပါ။

၁၉၇၂ ခုနှစ်မှာ သူတို့ရဲ့ ရလဒ်တွေကို တင်ပြခဲ့ ကြပါတယ်။ ဒီ တိုင်းထွာ မှုအရ အရှေ့ကို သွားတဲ့ နာရီဟာ ၅၉ နာနိုစက္ကန့် နှေးသွားပြီး အနောက်သွားတဲ့ နာရီကတော့ ၂၇၃ နာနိုစက္ကန့် ပိုမြန်နေတာကို တွေ့ကြရ ပါတယ်။ 

ဒီရလဒ် တွေအရ သူတို့ လက်တွေ့ တိုင်းတာ ရရှိတဲ့ အချိန် ရွေ့လျားနှုန်းဟာ အိုင်းစတိုင်းရဲ့ သီအိုရီက ဟောကိန်း ထုတ်ထားတဲ့ အတိုင်းအတာ ပမာဏ အတိုင်း ရရှိနေ တာကို တွေ့ကြရ ပါတယ်။ 

ဒီ စမ်းသပ်မှုဟာ အလျင် နဲ့ ဆွဲငင်အားရဲ့ အချိန်အပေါ် သက်ရောက်မှုက ကွမ်တမ် လောက အပေါ်မှာတင် မကပဲ သာမန် လောက အပေါ်မှာလဲ အကျိုး သက်ရောက်မှု ရှိတယ် ဆိုတာကို ပထမဆုံး သက်သေ ပြလိုက် နိုင်တာပဲ ဖြစ်ပါတယ်။ 

ဒီ စမ်းသပ်မှု နောက်မှာ အလျင် နဲ့ ဆွဲအားရဲ့ အချိန်အပေါ် သက်ရောက်မှုကို ပိုပြီး တိကျတဲ့ အက်တမ် နာရီ တွေကို အသုံပြုပြီး စမ်းသပ်မှု အမြောက်အများ ပြုလုပ်ခဲ့ ကြပါတယ်။ ဒီ စမ်းသပ်မှု အားလုံးကလဲ အိုင်းစတိုင်းရဲ့ သီအိုရီကို ထောက်ခံနေ ကြပါတယ်။

လက်ရှိ မှာတော့ အိုင်းစတိုင်းရဲ့ သီအိုရီက ဟောကိန်း ထုတ်ထား သလိုပဲ အလျင်နဲ့ ဆွဲငင်အား တို့ဟာ အချိန် အပေါ် သက်ရောက်မှု ရှိတယ် ဆိုတာကို သိပ္ပံ ပညာရှင် အားလုံးက လက်ခံ ထားကြပြီ ဖြစ်ပါတယ်။

 Ref: Einstein was right. Flying clocks around the world in opposite directions proved it | Big Think

error: