Skip to content

ဂြိုဟ်သားများထံမှ ရေဒီယို အချက်ပြ လှိုင်းများ ဖမ်းယူရရှိဟု တရုတ်ပညာရှင်များ ကြေငြာ

  • Space
Night sky

တရုတ်တို့ရဲ့ ကောင်းကင်မျက်လုံး (Sky Eye) အမည်ရ ကမ္ဘာ့ အကြီးဆုံး ရေဒီယို တယ်လီစကုပ် ကြီးကနေပြီး စကြာဝဠာ အတွင်းက ဂြိုဟ်သား အဖွဲ့အစည်း တစ်ခုဆီက ထုတ်လွှင့်လိုက်တဲ့ ရေဒီယို အချက်ပြလှိုင်းများ ဖမ်းယူရရှိ ထားတယ်လို့ တရုတ် သိပ္ပံ ပညာရှင် များက ကြေငြာ လိုက်ပါတယ်။

အခု တွေ့ရှိချက်ကို တရုတ်ပြည်ရဲ့ ထိပ်တန်း တက္ကသိုလ်ကြီး တစ်ခုဖြစ်တဲ့ ဘီဂျင်း (ပီကင်း) နော်မယ်လ် တက္ကသိုလ် (Beijing Normal University) က နက္ခတ် ပညာရှင် များက ကြေငြာ ခဲ့တာ ဖြစ်ပါတယ်။ 

ဒီ ကြေငြာချက်ကို ဇွန်လ ၁၄ ရက်နေ့က ထုတ်ဝေတဲ့ သိပ္ပံနှင့် နည်းပညာ နေ့စဉ် သတင်းစာရဲ့  website မှာ ကြေငြာခဲ့တာ ဖြစ်ပါတယ်။ ဒီ သတင်းစာဟာ သိပ္ပံ နှင့် နည်းပညာ ဝန်ကြီးဌာနရဲ့ တရားဝင် သတင်းစာ ဖြစ်ပါတယ်။

ဒီ ထုတ်ပြန်ချက် အရ “ကမ္ဘာ အပြင်ဖက်က ပြင်ပကမ္ဘာယဉ်ကျေးမှု နဲ့ နည်းပညာ သဲလွန်စ တွေ ဖြစ်ကောင်း ဖြစ်နိုင်တဲ့ အချက်အလက် အများအပြား” ကို ရှာဖွေ တွေ့ရှိ ခဲ့တယ်လို့ ဆိုထားပါတယ်။

FAST ရေဒီယို တယ်လီစကုပ် ကြီးဟာ အချင်း မီတာ ၅၀၀ ကျယ်ဝန်းပြီး ကမ္ဘာ့ အကြီးဆုံး ဖြစ်ပါတယ်
FAST ရေဒီယို တယ်လီစကုပ် ကြီးဟာ အချင်း မီတာ ၅၀၀ ကျယ်ဝန်းပြီး ကမ္ဘာ့ အကြီးဆုံး ဖြစ်ပါတယ် (People’s Daily Online/ Deng Gang)

အခု ရေဒီယို အချက်ပြ လှိုင်းတွေကို တရုတ်ပြည်ရဲ့ ကမ္ဘာ့ အကြီး ဆုံး ရေဒီယို တယ်လီစကုပ် ကြီး ကနေ ဖမ်းယူ ရရှိ ခဲ့တာ ဖြစ်ပါတယ်။ ဒီ တယ်လီစကုပ်ကြီးဟာ အချင်း မီတာ ၅၀၀ ရှိတဲ့ ရေဒီယို တယ်လီ စကုပ်ကြီး ဖြစ်ပါတယ်။

ဒီ တယ်လီ စကုပ်ကြီးကို အသုံးပြုပြီး ပြင်က အာကာသ ထဲက သက်ရှိတွေက ထုတ်လွှင့်တဲ့ ရေဒီယို အချက်ပြ လှိုင်းတွေ ရှာဖွေကို ၂၀၁၉ ခုနှစ်မှာ စတင် ကြိုးပမ်း ခဲ့ကြပါတယ်။ ၂၀၁၉ က ဖမ်းယူ ရရှိခဲ့တဲ့ ရေဒီယို လှိုင်းတွေကို အသေးစိတ် လေ့လာ ကြည့်တဲ့ အခါမှာ သဘာဝ အလျောက် မဟုတ်နိုင်တဲ့ ရေဒီယို အချက်ပြလှိုင်း နှစ်ခုကို တွေ့ရှိခဲ့ ကြပါတယ်။

တခါ ၂၀၂၂ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ ပြင်ပဂြိုဟ် (exoplanet) တစ်ခုကို ချိန်ရွယ် ဖမ်းယူ မှုမှာလဲ အလားတူ ရေဒီယို အချက်ပြလှိုင်း တွေကို ဖမ်းယူမိခဲ့ ပြန်ပါတယ်။

အခု ဖမ်းယူ ရရှိ ခဲ့တဲ့ အချက်ပြလှိုင်း ၃ ခု လုံးဟာ narrow-band ရေဒီယို လှိုင်းခွင် အတွင်းက လှိုင်းတွေ ဖြစ်ကြပါတယ်။ ဒီ ရေဒီယို လှိုင်းခွင်ဟာ သဘာဝ အလျှောက် ထွက်ပေါ်လာတာ တွေ့ရလေ့ မရှိပါဘူး။ ဒါ့ကြောင့်လဲ သူ့ကို ကမ္ဘာပေါ်မှာ လေယာဉ်တွေနဲ့ ဂြိုဟ်တုတွေက ဆက်သွယ်ရေး အတွက် အသုံး ချကြပါတယ်။ 

ဆက်စပ်ဆောင်းပါး – အာကာသမှ ရေဒီယို အချက်ပြလှိုင်း ၁,၆၅၂ ခုဖမ်းမိ

ဒီ ကြေငြာချက် ထုတ်ပြန်ခဲ့တဲ့ သိပ္ပံ ပညာရှင် တွေကတော့ သူတို့ရဲ့ တွေ့ရှိချက်ဟာ ပဏာမ တွေ့ရှိ ချက် သာ ဖြစ်ပြီး ရရှိထားတဲ့ အချက်အလက် တွေကို အသေးစိတ် သေချာ ခွဲခြား စိတ်ဖြာ ပြီးမှ သေချာ ပြောနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ သုတေသနမှာ ပါဝင်တဲ့ ထိပ်တန်း သုတေသီ တစ်ဦးဖြစ်သူ ဂျန်တွန်ဂျီ (Zhang Tongjie) က ရှင်းပြရာမှာ narrow-ban လျှပ်စစ်သံလိုက် (ရေဒီယို) အချက်ပြ လှိုင်းတွေကို အများအပြားကို အရင်ကတဲက ဖမ်းယူ ရရှိ ထားပြီး သူတို့ရဲ့ အဖွဲ့က အသေးစိတ် စုံစမ်းမှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဒီ အချက်ပြ လှိုင်းတွေက အခြား ရေဒီယို အနှောက်အယှက် တွေကြောင့် ဖြစ်နိုင်တယ် ဆိုတဲ့ ဖြစ်တန်စွမ်း ကလဲ အလွန် မြင့်ပါတယ်။ ဒါ့ကြောင့်လဲ အစစ်အမှန် ဟုတ်တယ် မဟုတ်ဘူး ဆိုတာကို သေခြာ ခွဲခြမ်းစိတ်ဖြာဖို့ လိုပါတယ်လို့ သူက ဆက်ရှင်းပြပါတယ်။ ဒီလို ခွဲခြမ်းစိတ်ဖြာ စူးစမ်းတာဟာ အချိန် အလွန်ကြာတဲ့ ဖြစ်စဉ် ဖြစ်တယ်လို့လဲ သူက ဖြည့်စွက် ရှင်းပြပါတယ်။

ဒီ သတင်း ထုတ်ပြန် ပြီပြီးချင်း သိပ်မကြာမီ မှာပဲ ဒီ သတင်းကို တရုတ် ဆိုရှယ် မီဒီယာ တွေနဲ့ အစိုးရ သတင်း ဌာန တွေက ပြန်လည် ဖော်ပြ ကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် သိပ်မကြာမီ မှာပဲ မူရင်း ကြေငြာချက်ကို သတင်းစာက ပြန်လည် ဖယ်ရှား လိုက်တာကို တွေ့ကြရ ပါတယ်။ ဘာ့ကြောင့် ဖယ်ရှားခဲ့လဲ ဆိုတာကိုတော့ တရားဝင် ရှင်းလင်းခြင်း မရှိ သေးပါဘူး။

ဒီလို စကြာဝဠာ ထဲကနေ သဘာဝ အလျှောက် ထွက်ပေါ်လာတာ မဟုတ်ဘူးလို့ ယူဆလို့ ရတဲ့ အချက်ပြ လှိုင်းတွေကို အရင်ကလဲ ဖမ်းယူ ရရှိခဲ့ ဖူးပါတယ်။

အထင်ရှားဆုံး သာဓက တစ်ခုကတော့ ၁၉၇၇ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စု အိုဟိုင်းယိုး တက္ကသိုလ် (Ohio State University) က နက္ခတ် ပညာရှင်တွေ ဖမ်းယူ ရရှိ ခဲ့တဲ့ WOW signal အချက်ပြ လှိုင်းတွေပဲ ဖြစ်ပါတယ်။ တစ်မိနစ်ခန့် ကြာတဲ့ ဒီ အချက်ပြ လှိုင်းတွေဟာ ဘယ်လို အရာဝတ္ထု ကနေ ထွက်ပေါ်လာသလဲ ဆိုတာကို အခုထိ ပညာရှင်တွေ အဖြေရှာလို့ မရကြ သေးပါဘူး။

၂၀၁၉ ခုနှစ်ကလဲ နေနဲ့ အနီးဆုံး ဖြစ်တဲ့ ပရော့စီမာ စန်တော်ရီ ကြယ် (Proxima Centauri) ကနေ လာတယ်လို့ ယူဆရတဲ့ ရေဒီယို လှိုင်းတွေ ဖမ်းယူ ရရှိခဲ့ ဖူးပါတယ်။ 

Ref: China says it may have received signals from aliens | Live Science

error: