Skip to content

James Webb ရဲ့ ပထမဆုံး ဓါတ်ပုံတွေဟာ ဘာတွေ ဖြစ်မလဲ

  • Space
Carina Nebula

ဂျိမ်းစ်ဝက်ဘ် (James Webb Space Telescope) တယ်လီစကုပ် ကြီးကနေ ပထမဆုံး ရိုက်ကူးခဲ့ပြီး လာမယ့် ဇူလိုင် ၁၂ ရက်နေ့မှာ ထုတ်ဖော်ပြသမယ့် ဓါတ်ပုံတွေမှာ ဘာတွေ ပါဝင်မလဲ​ဆိုတာကို နာဆာ အဖွဲ့က ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

ဇူလိုင် ၁၂ မှာ ထုတ်ပြန်မယ့် ဓါတ်ပုံတွေ ထဲမှာ စကြာဝဠာ အဝေး ရပ်ဝန်းက ဂလက်ဆီ တွေရဲ့ ကြည်လင်တဲ့ ဓါတ်ပုံတွေ၊ တောက်ပတဲ့ ဓါတ်ငွေ့ တိမ်တိုက် ကြီးတွေရဲ့ ဓါတ်ပုံတွေ နဲ့ အဝေး တနေရာက ဓါတ်ငွေ့ ဂြိုဟ်ကြီး တစ်စင်းရဲ့ ဓါတ်ပုံတွေ ပါဝင်မယ်လို့ သိရပါတယ်။

အမေရိကန် ပြည်ထောင်စု၊ ဥရောပ အာကာသ အေဂျင်ဆီ နဲ့ ကနေဒါ အာကာသ အေဂျင်စီ တို့ဟာ လာမယ့် ၁၂ ရက်နေ့ ပွဲအတွက် အကြီးအကျယ် ပြင်ဆင်နေ ကြပါတယ်။ ဒါဟာ ဒေါ်လာ ၁၀ ဘီလီယံ တန်ဖို့းရှိတဲ့ ဂျိမ်းစ် ဝက်ဘ် တယ်လီစကုပ်ကြီးရဲ့ တရားဝင် ဖွင့်လှစ်ပွဲလဲ ဖြစ်ပါတယ်။

ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးဟာ စကြာဝဠာရဲ့ မူလ အစကို ရှာဖွေ ဖော်ထုတ် ပေးနိုင် လိမ့်မယ်လို့ နက္ခတ် ပညာရှင် တွေက မျှော်လင့် ထားကြပါတယ်။

ဂျိမ်းစ်ဝက်ဘ် စီမံကိန်းမှာ ပါဝင်တဲ့ နက္ခတ် ပညာရှင် တစ်ဦး ဖြစ်သ ကလော့စ် ပွန်တိုပီဒန် (Klaus Pontoppidan) က “ဒီ လျှို့ဝှက်ချက် တွေကို သိမ်းဆည်း ထားစရာ မလိုတော့မယ့် အချိန်ကို ကြိုဆို နေပါတယ်” လို့ ဒီ ဇူလိုင် ၁၂ ရက်နေ့ ဖွင့်ပွဲနဲ့ ပါတ်သက်ပြီး ပြောကြား ခဲ့ပါတယ်။ သူဟာ ဂျိမ်းစ်ဝက်ဘ် အာကာသ တယ်လီစကုပ်ကြီးကို တာဝန်ယူ နေတဲ့ Space Telescope Science Institute (STSI) က နက္ခတ် ပညာရှင် တစ်ဦး ဖြစ်ပါတယ်။

အပြည်ပြည် ဆိုင်ရာက ပညာရှင်တွေ ပါဝင်တဲ့ ကော်မတီ ကနေပြီး ဂျိမ်းစ်ဝက်ဘ် ရဲ့ ပထမဆုံး ရိုက်ကူးမယ့် ဓါတ်ပုံတွေကို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီ သိပ္ပံ သုတေသန အဆင့် ရောင်စုံ ဓါတ်ပုံ တွေ ထဲမှာ ကမ္ဘာက အလင်းနှစ် ၇,၆၀၀ အကွာက ကာရီနာ ဓါတ်ငွေ့တိမ်တိုက် နက်ဗြူလာကြီး (Carina Nebula) ရဲ့ ဓါတ်ပုံလဲ​ ပါဝင်မှာ ဖြစ်ပါတယ်။ 

နောက်ပြီး တောင်ခြမ်း လက်စွပ် နက်ဗြူလာ တိမ်တိုက်ကြီး (Southern Ring Nebula) ရဲ့ ဓါတ်ပုံလဲ​ပါဝင်မယ်လို့ သိရပါတယ်။ ဒီ နက်ဗြူလာ တိမ်တိုက် ကြီးဟာ ကမ္ဘာနေ အလင်းနှစ် ၂,၀၀၀ အကွာက အသက်ငင် နေပြီ ဖြစ်တဲ့ ကြယ်အိုကြီး တစ်စင်းကို ဝန်းရံနေတဲ့ ဓါတ်ငွေ့ တိမ်တိုက်ကြီး ဖြစ်ပါတယ်။

Southern Ring Nebula
Southern Ring Nebula (Credit: Wikipedia)

ကာရီနာ နက်ဗြူလာဟာ နက္ခတ် ပညာရှင် တွေနဲ့ ဝါသနာ ရှင်တွေ အကြားမှာ အတော်လေး နာမည်ကျော်တဲ့ နက်ဗြူလာကြီး တစ်ခု ဖြစ်ပါတယ်။ သူ့မှာ အလွန် လှပတဲ့ ကျောက်တိုင်လို ဒေါက်တွေနဲ့မို့ သူ့ ဓါတ်ပုံတွေဟာ အင်တာနက်မှာ လူကြိုက်များတဲ့ ပုံတွေ ဖြစ်ကြပါတယ်။ 

ဒီ နက်ဗြူလာ ကြီးရဲ့ပင်မ ဒေါက်တိုင် ကြီးဟာဆို အလင်းနှစ် ၃ နှစ်စာ အမြင့် ရှိပါတယ်။ သူ့ကို Mystic Mountain (ဆန်းကြယ်တောင်) လို့ အမည် ပေးထား ကြပါတယ်။

ဒီပုံတွေ အပြင် ဂျိမ်းစ်ဝက်ဘ် တယ်လီ စကုပ်ကြီးကနေ အဝေး တနေရာက ဓါတ်ငွေ့ ဂြိုဟ်ကြီး တစ်စင်းရဲ့ အလင်းရောင်စဉ် (spectroscopy) ကိုလဲ မှတ်တမ်း ယူနိုင် ခဲ့ပါတယ်။

WASP-96 b လို့ အမည်ပေးထားတဲ့ ဒီ ဓါတ်ငွေ့ဂြိုဟ် ကြီးဟာ ကမ္ဘာကနေ အလင်းနှစ် ၁,၁၅၀ ကွာဝေးပြီး ၂၀၁၄ ခုနှစ်ကမှ ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 

ဒီ ဂြိုဟ်ကြီးဟာ ဂျူပီတာ ခေါ် ကြာသပတေး ဂြိုဟ်ရဲ့ ဒြပ်ထုရဲ့ တဝက်လောက်ပဲ ရှိပါတယ်။ ပြီးတော့ ထူးဆန်းတာက သူ့ရဲ့ မိခင်ကြယ်ကို တစ်ပတ် ပတ်မိဖို့ အချိန် ၃.၄ ရက် (၃ ရက် ကျော်ကျော် လေး) ပဲ ကြာပါတယ်။

အခု ဂျိမ်စ်ဝက်ဘ်က ဖတ်ယူထားတဲ့ အလင်းရောင်စဉ် တွေဟာ ဒီဂြိုဟ်ကြီးနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက် တွေကို ဖော်ထုတ် ပေးနိုင်မယ်လို့ မျှော်လင့် နေကြပါတယ်။

နောက်ထပ် ပါဝင်မယ့် ဓါတ်ပုံ တစ်ပုံကတော့ ကမ္ဘာက အလင်း နှစ် သန်း ၂၉၀ အကွာက Stephan’s Quintet လို့ အမည်ပေး ထားတဲ့ ဂလက်ဆီ ၅ လုံးတွဲ ပဲ ဖြစ်ပါတယ်။

ဒီ ဂလက်ဆီ ၅ လုံးတွဲ ထဲက ၄ လုံးဟာ တစ်ခုနဲ့ တစ်ခု ချိတ်မိနေပြီး လှည့်ပတ်နေ ကြတာ ဖြစ်ပါတယ်။

နောက်ဆုံး တစ်ပုံကတော့ နက္ခတ် ပညာရှင် တွေအကြား စိတ်လှုပ်ရှား နေကြတဲ့ ဓါတ်ပုံပဲ ဖြစ်ပါတယ်။ ဒီ ပုံမှာ SMACS 0723 လို့ ခေါ်တဲ့ ဂလက်ဆီ အုပ်စုရဲ့ နောက်က အလွန် မှေးမှိန်တဲ့ ဂလက်ဆီ တွေကို ရိုက်ကူး ထားတဲ့ ပုံပဲ ဖြစ်ပါတယ်။

ဒီ ပုံကို ရဖို့ ရှေ့က ခံနေတဲ့ ဂလက်ဆီ အုပ်စုရဲ့ ဆွဲငင်အားကို အသုံးပြုပြီး Gravitational lensing ခေါ် ဆွဲအားမှန်ဘီလူး အဖြစ် အသုံးချ ခဲ့တာ ဖြစ်ပါတယ်။

ဆွဲအား မှန်ဘီလူး ဆိုတာက ဆွဲငင်အား ကောင်းတဲ့ ဂလက်ဆီတွေ၊ ကြယ်ကြီးတွေနဲ့ black hole တွင်းနက် တွေက အလင်းကို ကွေးညွတ် သွားစေတာမို့ သူတို့ အနားက ဖြတ်သွားတဲ့ အလင်းဟာ မှန်ဘီလူးကို ဖြတ်လာရင် ကွေးသွားသလိုမျိုး ကွေးသွားတာကို ခေါ်တာ ဖြစ်ပါတယ်။ (အောက်ပုံကြည့်)

ဒီ သဘာဝကို အသုံးပြုပြီး ဒီ ဆွဲအား ကောင်းတဲ့ အရာဝတ္ထု တွေရဲ့ နောက်က ကြယ်တွေ၊ ဂြိုဟ်တွေ၊ ဂလက်ဆီ တွေကို ပုံကြီးချဲ့ပြီး ကြည့်နိုင်တာကို ဆွဲအား မှန်ဘီလူး လို့ ခေါ်တာ ဖြစ်ပါတယ်။

ဂျိမ်းစ်ဝက်ကို တာဝန်ယူ နေတဲ့ STSI ဌာနက နက္ခတ် ပညာရှင် ဒန်ကိုး (Dan Coe) ကလဲ​ ဒီ ဓါတ်ပုံတွေဟာ ဂျိမ်းစ်ဝက်ဘ် ရဲ့ ပထမဆုံး ဓါတ်ပုံတွေ ဖြစ်ပေမယ့် သိပ္ပံ သုတေသန ဆိုင်ရာ ထိုးထွင် အောင်မြင်မှုကြီး  ဖြစ်တယ်လို့ ပြောပါတယ်။

ဂျိမ်းစ်ဝက်ဘ်ရဲ့ အင်ဖရာရက် ကင်မရာ တွေဟာ စကြာဝဠာရဲ့ အစောပိုင်း ကာလ တွေအထိ ထိုးဖေါက်ပြီး မြင်နိုင်မှာ ဖြစ်တယ်လို့ ပညာရှင် တွေက ယုံကြည် ကြပါတယ်။ 

စကြာဝဠာဟာ လွန်ခဲ့တဲ့ နှစ်သန်း ၁၃,၈၀၀ ခန့်က စတင်ခဲ့တယ်လို့ ပညာရှင် တွေက ယုံကြည် ကြပါတယ်။ စကြာဝဠာ အစပိုင်းကနေပြီး အာကာသ ဟင်းလင်းပြင် ကြီးဟာ  အရပ် ၈ မျက်နှာကို ပြန့်ကား ထွက်နေကြတာပါ။

ဒီလို ပြန့်ကား ထွက်နေတာမို့ စကြာဝဠာ အစဦးက အလင်းဟာ ဆန့်ထွက်သွားပြီး လှိုင်းအလျား ရှည်ထွက် လာပါတယ်။ ဒါ့ကြောင့် သူတို့ကို သာမန် အလင်းရောင် အနေနဲ့ မမြင်နိင် တော့ပဲ အနီအောက် ရောခြည် ခွင်ထဲမှာပဲ မြင်နိုင်တော့တာ ဖြစ်ပါတယ်။

ဒီ အနီအောက် ရောင်ခြည် လှိုင်းတွေကို ဖမ်းနိုင်ဖို့ ဂျိမ်းစ်ဝက်ဘ်ကို အထူး တည်ဆောက် ခဲ့ကြတာ ဖြစ်ပါတယ်။

Ref: NASA reveals Webb telescope’s first cosmic targets 

error: