Skip to content

ဂျိမ်းစ်ဝက်ဘ် က ရိုက်ကူးပေးပို့လိုက်တဲ့ တစ္ဆေ ဂလက်ဆီ၏ ဓါတ်ပုံ

  • Space
Phantom galaxy M74 in infrared captured by James Webb

M74 ဂလက်ဆီဟာ ကမ္ဘာကနေ အလင်းနှစ် ၃၂ သန်း အကွာမှာ ရှိတဲ့ ဂလက်ဆီ ဖြစ်ပါတယ်။ ဒီ ဂလက်ဆီကို အနီအောက် ရောင်ခြည် လှိုင်းခွင်မှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးကနေ ပေးပို့ လာပါတယ်။

ဒီ M74 ဂလက်ဆီကို တစ္ဆေ ဂလက်ဆီ (Phantom galaxy) လို့လဲ​နက္ခတ် ပညာရှင် တွေက ခေါ်ကြပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သူ့ရဲ့ မျက်နှာပြင် အလင်းရောင်ဟာ မှေးမှိန်တာမို့ တော်ရုံ တယ်လီစကုပ် နဲ့ဆိုရင် အလွယ်တကူ မမြင်နိုင် တာကြောင့် ဖြစ်ပါတယ်။

အခု ဂျိမ်းစ်ဝက်ဘ်က ပေးပို့လာတဲ့ ဓါတ်ပုံတွေဟာ James Webb ရဲ့ အနီအောက်ရောင်ခြည် ကင်မရာ တွေက ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေနဲ့ သူ့အရင် ဟတ်ဘယ်လ် တယ်လီစကုပ် ကြီးကနေ သာမန် အလင်းလှိုင်းခွင် အတွင်း ရိုက်ကူးထား ခဲ့တဲ့ ဓါတ်ပုံတွေကို ပြန်လည် ပေါင်းစပ် ထားတဲ့ ပုံဖြစ်ပါတယ်။

ဒီ တစ္ဆေ ဂလက်ဆီကို ကောင်းကင်မှာ မိန်ရာသီခွင် (Constellation Pisces) အတွင်းမှာ ရှာဖွေ တွေ့ရှိ နိုင်ပါတယ်။ သူ့ရဲ့ ထူးခြားချက် ကတော့ ဂလက်ဆီရဲ့ ချပ်ပြား တစ်ခုလုံးဟာ ကမ္ဘာကို မျက်နှာ မူနေတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ သူ့ရဲ့ လက်တံတွေကို ကမ္ဘာက ကြည့်ရင် ထင်ထင်ရှားရှား မြင်တွေ့ကြ ရတာ ဖြစ်ပါတယ်။

M74 Phantom galaxy Webb and Hubble side by side image
M74 ဂလက်ဆီကို ဟတ်ဘယ် (ဘယ်) နှင့် ဂျိမ်းစ်ဝက်ဘ် (ယာ) မှ ရိုက်ကူးထားသော ပုံများကို ယှဉ်ပြထားပုံ။ အလယ်မှ ပုံမှာ ပုံနှစ်ခု ပေါင်းထားသော ပုံ ဖြစ်သည်။ (Credit: ESA/Webb, NASA & CSA, J. Lee and the PHANGS-JWST Team; ESA/Hubble & NASA, R. Chandar Acknowledgement: J. Schmidt)

M74 ဂလက်ဆီဟာ ခရုပတ်ပုံ ဂလက်ဆီ အမျိုးအစား ဖြစ်ပြီး ခန့်ငြားသော ဒီဇိုင်းရှိ ဂလက်ဆီ (Grand Design Galaxy) အမျိုးအစား ဂလက်ဆီ ဖြစ်ပါတယ်။ ဒီ ခန့်ငြားသော ဂလက်ဆီ အမျိုးအစားတွေရဲ့ လက်တံတွေဟာ ထင်ရှား ပြတ်သားပြီး တခုနဲ့ တခု ကွဲကွဲ ပြားပြား ဖြစ်နေပါတယ်။ ခရုပတ် ဂလက်ဆီ အများစုမှာ ဒီလို ပြတ်သား ထင်ရှားတဲ့ လက်တံတွေ မရှိကြ ပါဘူး။

ဂျိမ်းစ်ဝက်ဘ် ရဲ့ ပြတ်သားတဲ့ ဓါတ်ပုံမှာ ဒီ ဂလက်ဆီရဲ့ လက်မောင်းတွေ ထဲက ဖုန်မှုန့်နဲ့ ဓါတ်ငွေ့တွေကို ထင်ထင်ရှား မြင်တွေ့ ရပါတယ်။ ဂလက်ဆီရဲ့ ဗဟိုမှာ ဖုန်မှုန့် တွေ ကင်းစင် နေတာမို့ ဒီ ဗဟိုချက်မက ကြယ်အစုအဝေးကိုလဲ ထင်ထင်ရှားရှား တွေ့ကြရပါတယ်။

အခု ဓါတ်ပုံကို James Webb ရဲ့ Mid-InfraRed Instrument အနီအောက်ရောင်ခြည် ကင်မရာ ကနေ ရိုက်ကူး ထားတာ ဖြစ်ပါတယ်။ အနီအောက် ရောင်ခြည်မှာ အနီး၊ အလယ်ပိုင်း နဲ့ အဝေး ဆိုပြီး လှိုင်းခွင် ၃ ခု ရှိတဲ့ အထဲက အခု MIRI ကင်မရာဟာ အလယ်ပိုင်း လှိုင်းစဉ်တွေကို ဖမ်းယူ ရိုက်ကူးတဲ့ ကင်မရာ ဖြစ်ပါတယ်။ ဒီ လှိုင်းခွင်ဟာ စကြာဝဠာ အစောပိုင်း ကာလက ဖြစ်ပေါ်ခဲ့တဲ့ ကြယ်တွေ၊ ဂလက်ဆီ တွေဆီက ထွက်လာခဲ့တဲ့ အလင်းကို ဖမ်းယူဖို့ အကောင်းဆုံး ကင်မရာ ဖြစ်ပါတယ်။

အခု ဂလက်ဆီကို ဓါတ်ပုံ ရိုက်ကူးမှုဟာ James Webb က လေ့လာဖို့ ရာထားတဲ့ ကြယ်သစ်တွေ မွေးဖွားနေတဲ့ ဂလက်ဆီ ၁၉ ခု အနက်က တခု ဖြစ်ပါတယ်။ နက္ခတ် ပညာရှင် တွေက မစ်ကီးဝေး ဂလက်ဆီရဲ့ အနား ပတ်ဝန်းကျင်က ဂလက်ဆီ တွေ အနက်က ကြယ်သစ်တွေ အမြောက်အများ ဖွားမြင် ပေးနေတဲ့ ဂလက်ဆီ တွေကို ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ်ကြီးရဲ့ အင်ဖရာရက် အနီအောက် ရောင်ခြည် ကင်မရာကို အသုံးပြုပြီး လေ့လာဖို့ စီမံကိန်း ဆွဲထားကြတာ ဖြစ်ပါတယ်။

အနီအောက် ရောင်ခြည် လှိုင်းတွေဟာ ကြားခံ လေဟာနယ် ထဲက ဖုန်မှုန့်တွေကို အလွယ်တကူ ဖြတ်သန်း သွားနိုင်ပါတယ်။ ဒါ့ကြောင့် ဂျိမ်းစ်ဝက်ဘ် ကနေ ရိုက်ကူးပေးတဲ့ ဓါတ်ပုံတွေဟာ သာမန် မျက်မြင် အလင်းကင်မရာ တွေက ရတဲ့ ပုံရိပ်တွေထက် ပိုပြီး ကြည်လင် ပြတ်သားပါတယ်။

ဒီလို ကြည်လင် ပြတ်သားတဲ့ အတွက် ဂလက်ဆီ တွေအတွင်းက ကြယ်သစ်များ မွေးဖွားရာ ရပ်ဝန်းတွေကို အတိအကျ ရှာဖွေ ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ ကြယ်စုတွေရဲ့ သက်တမ်း နဲ့ ဒြပ်ထုကိုလဲ ပိုမို တိကျစွာ တိုင်းတာ ပေးနိုင်မှာ ဖြစ်ပါတယ်။

Phantom Galaxy across the spectrum
ဂျိမ်းစ်ဝက်ဘ် နဲ့ ဟတ်ဘယ်က ပုံနှစ်ပုံ ပေါင်းစပ်ထားသော ဓါတ်ပုံ (Credit: ESA/Webb, NASA & CSA, J. Lee and the PHANGS-JWST Team; ESA/Hubble & NASA, R. Chandar Acknowledgement: J. Schmidt)

အရင် ဟတ်ဘယ်က M74 ဂလက်ဆီ ကို ရိုက်ကူးထား ခဲ့တဲ့ ဓါတ်ပုံတွေမှာ ကြယ်သစ်တွေ မွေးဖွားနေတဲ့ တောက်ပတဲ့ ရပ်ဝန်းတွေကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ ဟတ်ဘယ်ရဲ့ မျက်မြင်အလင်း (visible light) နဲ့ ခရမ်းလွန် ရောင်ခြည် (ultraviolet light) တွေနဲ့ ရရှိတဲ့ ဓါတ်ပုံတွေဟာ ဝက်ဘ် ရဲ့ အနီအောက် ရောင်ခြည် ဓါတ်ပုံတွေကို နားလည်အောင် အဓိပ္ပါယ် ဖော်ရာမှာ အများကြီး အထောက်အကူ ပြုပါတယ်။

ဒါတင် မက သေးပါဘူး။​ မြေပြင် အခြေစိုက် ရေဒီယို တယ်လီ စကုပ်တွေ ကနေ ဖမ်းယူရရှိတဲ့ ပုံရိပ်တွေကလဲ အများကြီး တန်ဖိုးရှိတဲ့ အချက်အလက် တွေကို ပေးစွမ်းနိုင်ပါတယ်။

လျှပ်စစ် သံလိုက် လှိုင်းစဉ် (electromagnetic spectrum)  ထဲက လှိုင်းအလျား နဲ့ ကြိမ်နှုန်း မတူညီတဲ့ ရေဒီယို လှိုင်း၊​အနီအောက် ရောင်ခြည်၊ မျက်မြင် အလင်း နဲ့ ခရမ်းလွန် ရောင်ခြည်၊ X-ray လှိုင်းတွေ အားလုံးကို တယ်လီစကုပ် အမျိုးမျိုးနဲ့ ဖမ်းယူပြီး ပြန်လည် ပေါင်းစပ် ခြင်းအားဖြင့် ပိုမို တန်ဖိုးရှိတဲ့ အချက်အလက် တွေကို ရရှိ စေပါတယ်။ 

ဒီလို အချက်အလက် တွေကို တယ်လီစကုပ် တစ်ခု တည်းက ပေးစွမ်း နိုင်မှာ မဟုတ်တာကြောင့် နက္ခတ် ပညာရှင် တွေဟာ တယ်လီစကုပ် အမျိုးအစား မျိုးစုံ အသုံးပြုပြီး လေ့လာ ကြရတာ ဖြစ်ပါတယ်။

Ref: Webb inspects the heart of the Phantom Galaxy | ESA

error: