Skip to content

နေအဖွဲ့အစည်း ပြင်ပက ဂြိုဟ်တစင်း၏ပုံ ဂျိမ်းစ်ဝက်ဘ် ရိုက်ကူးနိုင်ခဲ့

  • Space
exoplanet HIP 65426 b

ဂျိမ်းစ်ဝက်ဘ် (James Webb Space Telescope) ကြီးကနေ ပေးပို့လိုက်တဲ့ အချက်အလက် တွေကို ခွဲခြမ်းစိတ်ဖြာ သုတေသန ပြုနေတဲ့ ပညာရှင် တွေက နေအဖွဲ့အစည်း ပြင်ပက ဂြိုဟ်တစ်စင်းရဲ့ ဓါတ်ပုံကို ထုတ်ပြန် လိုက်ပါတယ်။ 

ဒါဟာ အရင်အပတ်က ပြင်ပဂြိုဟ် (exoplanet) တစ်လုံးရဲ့ လေထုထဲက ဓါတ်ငွေ့တွေရဲ့ ဖွဲ့စည်းပုံကို အောင်မြင်စွာ တိုင်းတာအပြီး နောက်ထပ် အောင်မြင်မှု တခုလဲ ဖြစ်ပါတယ်။

အခု ရိုက်ကူးနိုင် ခဲ့တဲ့ ပြင်ပဂြိုဟ်ဟာ ကြီးမားတဲ့ ဓါတ်ငွေ့ဂြိုဟ် (Gas giant) ကြီး တစ်ခု ဖြစ်ပြီး ကြာသပတေး ခေါ် ဂျူပီတာ ဂြိုဟ်ထက် အရွယ်အစား အဆပေါင်း များစွာ ပိုမို ကြီးမားပါတယ်။ ဒီ ဂြိုလ်ကြီးဟာ အခု ဓါတ်ပုံ ရိုက်ကူတဲ့ အချိန်အထိ ပူပြင်နေဆဲပဲ လို့လဲ​သိရပါတယ်။

ဒီဂြိုဟ်ဟာ ကမ္ဘာကနေဆို အလင်းနှစ် ၃၅၀ အကွာမှာ တည်ရှိပါတယ်။ တနည်းအားဖြင့် အခု ရိုက်ကူးရရှိတဲ့ အလင်းဟာ လွန်ခဲ့တဲ့ နှစ် ၃၅၀ ခန့်က ဒီဂြိုဟ်ကနေ ထွက်လာတဲ့ အလင်းတွေ ဖြစ်ပါတယ်။

အခု ရိုက်ကူးခဲ့တဲ့ HIP 65426 b ဂြိုဟ်ကို ၂၀၁၇ ခုနှစ်ကမှ ရှာဖွေ တွေ့ရှိ ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီ ဂြိုဟ်ဟာ သူ့မိခင် ကြယ်ကနေ အကွာအဝေး ၉၂ AU (AU = astronomical unit ဖြစ်ပြီး ၁ AU ဟာ ကမ္ဘာနဲ့ နေ အကွာအဝေးနဲ့ တူညီပါတယ်) အကွာအဝေးကနေ လှည့်ပတ် နေပါတယ်။ သူ့ မိခင်ကြယ်ကို တစ်ပတ် ပါတ်မိဖို့ အချိန် ၆၃၀.၇ နှစ် ကြာပါတယ်။

ပညာရှင် တွေက သူတို့ရဲ့ တွေ့ရှိချက် သုတေသန စာတမ်းကို arXiv preprint server မှာ တင်ပြခဲ့ ကြပါတယ်။ ဒီစာတမ်းမှာ ဒီဂြိုဟ်ရဲ့ ဓါတ်ပုံကို အလင်း လှိုင်းအလျား (wavelength) အမျိုးမျိုးမှာ ရိုက်ယူထားတဲ့ ပုံတွေကို တင်ပြ ထားကြပါတယ်။

exoplanet HIP 65426 b
Exoplanet HIP 65426 b ကို အလင်းလှိုင်းအလျား အမျိုးမျိုးမှာ တွေ့ရစဉ် Credit: NASA/ESA/CSA, A Carter (UCSC), the ERS 1386 team, and A. Pagan (STScI)

ဒီ ဂြိုဟ်ကို ကမ္ဘာကနေ ဓါတ်ပုံ ရိုက်ကူးဖို့ မဖြစ်နိုင်ပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ ဒီဂြိုဟ်က လာတဲ့ အနီအောက် ရောင်ခြည် (infrared) လှိုင်းတွေဟာ ကမ္ဘာ့လေထုကို မဖောက်နိုင် တာကြောင့်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အာကာသ လေဟာနယ် ထဲမှာ လွှတ်တင်ထားတဲ့ James Webb ရဲ့ အားကောင်းတဲ့ အနီအောက် ရောင်ခြည် အာရုံခံ ကိရိယာ တွေကတော့ ဒီ ဂြိုဟ်က ထွက်လာတဲ့ အနီအောက် ရောင်ခြည် လှိုင်းတွေကို အမိအရ ဖမ်းယူနိုင်စွမ်း ရှိကြပါတယ်။

ဒီလို ဖမ်းယူ နိုင်တာကလဲ​လွယ်လွယ် ကူကူတော့ မဟုတ် ရပါဘူး။ ပြင်ပဂြိုဟ်တွေဆီက လာတဲ့ အလင်းနဲ့ အနီအောက် ရောင်ခြည် လှိုင်းတွေဟာ သူတို့ရဲ့ မိခင်ကြယ်က တောက်ပတဲ့ အလင်းနဲ့ အပူလှိုင်း တွေအောက်မှာ ပျောက်ဆုံး သွားတတ် ကြပါတယ်။ 

ဒီလို ပြင်ပဂြိုဟ် တစ်လုံးကို ဓါတ်ပုံ ရိုက်ကူးနိုင်တာဟာ ဒါဟာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ အရင်က အာကာသ တယ်လီစကုပ် တွေနဲ့ မြေပြင် အခြေစိုက် တယ်လီစကုပ်တွေကို အသုံးပြုပြီး ပြင်ပဂြိုဟ် အလုံး ၂၀ လောက်ထိကို တိုက်ရိုက် ဓါတ်ပုံ ရိုက်ကူး နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီလို ဓါတ်ပုံ ရိုက်ကူးရာမှာ မိခင်ကြယ်က အလင်းကို ခက်ခက်ခဲခဲ ကာပြီး ရိုက်ကူး ကြရပါတယ်။ အခု  ရိုက်ကူးရာမှာလဲ ဒီလိုပဲ မိခင်ကြယ်က အလင်းကို ပိတ်ပြီး ရိုက်ကူး ထားတာ ဖြစ်ပါတယ်။

အခု ရိုက်ကူး ရရှိတဲ့ ပြင်ပဂြိုဟ်ဟာ ဓါတ်ပုံမှာ အစက်ကလေး တစက် အနေနဲ့ပဲ တွေ့မြင်ကြရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ အစက် ကလေးကနေ တန်ဖိုးရှိတဲ့ အချက်အလက် အများအပြားကိို ပညာရှင်တွေ လေ့လာ နိုင်ခဲ့ ကြပါတယ်။ ဒီလို လေ့လာနိုင် ခဲ့တဲ့ အချက်အလက် တွေထဲမှာ ဒီဂြိုဟ်ရဲ့ အရောင်၊ ရာသီ အပြောင်းအလဲ၊ လည်ပတ်နှုန်းနဲ့ ရာသီဥတု တွေ ပါဝင်ပါတယ်။

James Webb မှာ ပိုမို ကြီးမားတဲ့ အလင်းပြန် ကြေးမုံမှန်ဘီလူး နဲ့ အလွန် အဆင့်မြင့်တဲ့ အာရုံခံ ကိရိယာ တွေ ပါဝင်တာမို့ သူ့အရင် သက်တမ်း ၃၂ နှစ် ရှိပြီ ဖြစ်တဲ့ ဟတ်ဘယ်လ် (Hubble Space Telescope) ထက် ပြင်ပဂြိုဟ် တွေကို ပိုပြီး ရှင်းလင် ပြတ်သားစွာ မြင်နိုင်မယ်လို့ မျှော်လင့် ကြပါတယ်။ ဒီ အချက်ကို သက်သေပြဖို့ အတွက် အခု HIP 65426 b ပြင်ပဂြိုဟ်ကို ဓါတ်ပုံ ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့ ကြတာ ဖြစ်ပါတယ်။ 

အခုလို ပြင်ပဂြိုဟ် တစ်ခုကို အောင်အောင် မြင်မြင် နဲ့ အသေးစိတ် ရိုက်ကူး နိုင်ခဲ့တာမို့ နောင်မှာ ဒီ့ထက် သေးတဲ့ ပြင်ပဂြိုဟ် တွေကို ဓါတ်ပုံရိုက် နိုင်မယ်လို့ ပညာရှင် တွေက ယုံကြည် ကြပါတယ်။ 

 Ref:
Webb telescope takes its first direct image of an exoplanet | Science
JWST Takes Its First Image of an Exoplanet | Universe Today

error: