Skip to content

ဂျိမ်းစ်ဝက်ဘ် က ပြင်ပဂြိုဟ်ရဲ့ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ရှာတွေ့

  • Space
WASP-39b

ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးကနေ ပြင်ပဂြိုဟ် တွေမှာ သက်ရှိတွေ ရှာဖွေနေတဲ့ နက္ခတ် ပညာရှင် တွေအတွက် အားတက်ဖွယ်ရာ တွေ့ရှိချက် တရပ်ကို နာဆာက ဒီနေ့ ထုတ်ပြန် လိုက်ပါတယ်။ အဲ့ဒါကတော့ exoplanet လို့ခေါ်တဲ့ ပြင်ပဂြိုဟ် တစ်စင်းရဲ့ လေထုထဲမှာ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့တွေ ရှာဖွေ တွေ့ရှိတဲ့ သတင်းပဲ ဖြစ်ပါတယ်။

အခု တွေ့ရှိချက်ဟာ နေ အဖွဲ့အစည်း အပြင်ဖက်က ဂြိုဟ်တစင်းမှာ ကာဗွန်ဒိုင် အောက်ဆိုဒ် ကို ပထမဆုံး အကြိမ် ခိုင်ခိုင် မာမာ ရှာဖွေ တွေ့ရှိ တာပဲ ဖြစ်ပါတယ်။ 

အခု ကာဗွန်ဒိုင် အောက်ဆိုဒ် ရှာတွေ့တဲ့ ဂြိုဟ်ဟာ WASP-39b လို့ခေါ်တဲ့ ဂြိုဟ်ဖြစ်ပါတယ်။ ဒီဂြိုဟ်ဟာ ဓါတ်ငွေ့တွေနဲ့ ဖွဲ့စည်းထားတဲ့ Gas giant ကြီး တစ်လုံး ဖြစ်ပြီ စနေဂြိုဟ်နဲ့ ဒြပ်ထု ပမာဏ မတိမ်းမယိမ်း တူပါတယ်။ ဒီဂြိုဟ်ဟာ ကမ္ဘာက နေဆို အလင်းနှစ် ၇၀၀ လောက် အကွာမှာ ရှိပါတယ်။

ဒီ ဂြိုဟ်ကို ၂၀၁၁ ခုနှစ်က WASP (Wide Angle Search for Planets) စီမံကိန်းကနေ ရှာဖွေ တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ကမ္ဘာမြေ ပေါ်က တယ်လီစကုပ်တွေကိုပဲ အသုံးပြုပြီး ရှာဖွေ ခဲ့တာ ဖြစ်ပါတယ်။

ဒီ့နောက်မှာ ဒီ ဂြိုဟ်ကို ဟတ်ဘယ် နဲ့ စပစ်ဇာ (Hubble and Spitzer space telescopes) အာကာသ မှန်ပြောင်း ကြီးတွေနဲ့ အသေးစိတ် လေ့လာ ခဲ့ကြပါတယ်။ 

ဒီ လေ့လာ မှုတွေ အရ ဒီ ဂြိုဟ်ရဲ့ လေထုထဲမှာ ရေငွေ့ အများအပြား ရှိတယ် ဆိုတာကို ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။ နောက်ပြီး ဆိုဒီယမ် နဲ့ ပိုတက်ဆီယမ် တွေလဲ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

အခု ဂျိမ်းဝက်ဘ် ရဲ့ အနီအောက် ရောင်ခြည် အာရုံခံ ကိရိယာ တွေကနေပြီး ကာဗွန်ဒိုင် အောက်ဆိုဒ် ရှိတယ် ဆိုတဲ့ ခိုင်မာတဲ့ သက်သေ ရှာတွေ့တာပဲ ဖြစ်ပါတယ်။

အရင်တုန်းက ဒီလို ကာဗွန်ဒိုင် အောက်ဆိုဒ် ရှာမတွေ့ ခဲ့တာက ကြယ်က လာတဲ့ အလင်းကို ရောင်စဉ် ခွဲခြား စိတ်ဖြာ တဲ့ ကိရိယာ တွေရဲ့ အကန့်အသတ်ကြောင့် ဖြစ်ပါတယ်။ ဒါ့ပေမယ့် အခု James Webb မှာ တပ်ဆင်ထားတဲ့ ရောင်စဉ်တိုင်း Spectrometer ကတော့ ကာဗွန်ဒိုင် အောက်ဆိုဒ်ကို ခွဲခြား ပေးနိုင်စွမ်း ရှိပါတယ်။

WASP-39b
4.0 မိုက်ခရွန် လှိုင်းအလျားရှိတဲ့ အလင်းဟာ ဂြိုဟ်ရဲ့ လေထုထဲက ကာဗွန်ဒိုင် အောက်ဆိုဒ်က စုပ်ယူ လိုက်တာမို့ ကျန် အလင်းလှိုင်း အလျားတွေထက် အားပျော့ နေပါတယ် Credit: NASA, ESA, CSA, and L. Hustak (STScI).

အခု သုတေသနမှာ ကမ္ဘာတဝန်းက သိပ္ပံ ပညာရှင်ပေါင်း ၃၀၀ ကျော် ပါဝင်တဲ့ အဖွဲ့ရဲ့ သုတေသန ရလဒ်လဲ ဖြစ်ပါတယ်။ သူတို့က သူတို့ရဲ့ တွေ့ရှိချက်ကို Nature သုတေသနတ ဂျာနယ်မှာ အသေးစိတ် တင်ပြမှာ ဖြစ်ပါတယ်။

ကာဗွန်ဒိုင် အောက်ဆိုဒ်ဟာ ကမ္ဘာ့ လေထုထဲမှာ ပုံမှန်အနေနဲ့ ပါဝင်ပါတယ်။ ကမ္ဘာ့ လေထုထဲက ကာဗွန်ဒိုင် အောက်ဆိုဒ် တွေဟာ ကာဗွန်သံသယာ (carbon cycle) ရဲ့ အစိတ် အပိုင်း တခု အနေနဲ့ ပါဝင်တာ ဖြစ်ပါတယ်။ 

ကမ္ဘာ့ လေထုထဲက ကာဗွန်ဒိုင် အောက်ဆိုဒ်ဟာ လူသားတွေရဲ့ စက်မှု ဖွံ့ဖြိုးမှုနဲ့ အတူ မြင့်တက်လို့ လာနေပါတယ်။ သိပ္ပံဲ ပညာရှင် တွေက အခြား ဂြိုဟ်တွေပေါ်မှာ ကာဗွန်ဒိုင် အောက်ဆိုဒ်ကို ရှာဖွေ တွေ့ရှိခြင်းဟာ ပြင်ပက သက်ရှိတွေ ရှာဖွေဖို့ ပထမဆုံး ခြေလှမ်း ဖြစ်တယ်လို့ ယူဆ ကြပါတယ်။

အခု သုတေသနမှာ အဓိက အားဖြင့် James Webb ရဲ့ Near-Infrared Spectrograph (NIRSpec) အနီအောက် ရောင်ခြည် အာရုံခံ ကိရိယာကို အသုံးပြုပြီး ရှာဖွေ ထားတာ ဖြစ်ပါတယ်။

WASP-39b
အလင်း လှိုင်းအလျား ၄.၁ မိုက်ခရွန် နဲ့ ၄.၆ မိုက်ခရွန် အကြားမှာ ကာဗွန်ဒိုင် အော်ကဆိုဒ်က စုပ်ယူထားတာမို့ graph မှာ ခုံးပြီး တက်နေပါတယ် Credit: NASA, ESA, CSA, and L. Hustak (STScI).

ကာဗွန်ဒိုင် အောက်ဆိုဒ်ဟာ အလင်း ရောင်စဉ်ထဲက ၄.၁ နဲ့ ၄.၆ မိုက်ခရွန် လှိုင်းအလျား တွေ အကြားက အလင်းကို စုပ်ယူ ထားနိုင်စွမ်း ရှိပါတယ်။ ဒါ့ကြောင့် ကြယ်ရဲ့ ရှေ့က ဂြိုဟ် ဖြတ်တဲ့ အချိန်မှာ ဒီ လှိုင်းအလျား ရှိတဲ့ အလင်းရဲ့ အားက ကျသွားပါတယ်။

အရင်က ဒီလောက် သိမ်မွေ့တဲ့ အလင်း ပြောင်းလဲမှုကို ဘယ် တယ်လီစကုပ်ကမှ အတိအကျ မတိုင်းတာ နိုင်ခဲ့ပါဘူး။ ဒါဟာ ဂျိမ်းစ်ဝက်ဘ် ရဲ့ အောင်မြင်မှုပဲ ဖြစ်ပါတယ်။

အရင် တယ်လီစကုပ်တွေဟာ အဖြူရောင် တစ်ခုထဲကိုပဲ အသုံးပြုပြီး ကြယ်ရှေ့ကနေ ဂြိုဟ်ဖြတ် သွားတာကို တိုင်းတာ နိုင်ခဲ့ ကြတာပါ။ ဒါ့ပေမယ့် James Webb ကတော့ အရောင် ရာနဲ့ ချီပြီး တိုင်းတာနိုင်စွမ်း ရှိပါတယ်။

ဒီလို အရောင်စဉ် တွေ အများကြီး တိုင်းတာနိုင်တဲ့ အတွက် ဂြိုဟ်တွေရဲ့ လေထုထဲမှာ ပါဝင် ဖွဲ့စည်း ထားတဲ့ ဓါတ်ငွေ့တွေကို ရှာဖွေ ဖော်ထုတ်ရာမှာ အများကြီး စွမ်းအား ကောင်းလာပါတယ်။

WASP-39 b ဂြိုဟ်ဟာ မိခင်ကြယ်နဲ့ အလွန် နီးကပ်စွာ လှည့်ပတ် နေတာပါ။ ဘယ်လောက်တောင် နီးကပ်လဲ​ဆိုရင် နေနဲ့ အနီးဆုံး ဖြစ်တဲ့ မာကျူရီ ဂြိုဟ် အကွာအဝေးရဲ့ ၈ ပုံ ၁ ပုံလောက် အကွာကနေ လှည့်ပတ်နေတာ ဖြစ်ပါတယ်။ သူက မိခင်ကြယ်ကို တပတ် ပတ်မိဖို့ ကမ္ဘာရဲ့ နေ့နဲ့ဆို ၄ ရက်လောက်ပဲ ကြာတာပါ။

အခု ရှာဖွေမှုဟာ အစဦးပဲ ရှိပါသေးတယ်။ နာဆာက ပညာရှင် တွေက ဒီ့ထက် ပိုသေးပြီး ပိုလဲ အေးတဲ့ ဂြိုဟ်တွေရဲ့ လေထုကို ဆက်လက် လေ့လာဖို့ အစီအစဉ် ဆွဲထား ပြီး ဖြစ်ပါတယ်။ 

အခု သုတေသနမှာ ပါဝင်တဲ့ ပညာရှင် တွေက ယခု တွေ့ရှိချက်ဟာ အခြား သုတေသီ တွေကိုလဲ အားတက်စေပြီး သုတေသန လုပ်ငန်းတွေ ပိုမို အောင်မြင်အောင် အထောက်အကူ ပြုလိမ့်မယ်လို့ ယုံကြည် ကြပါတယ်။

Ref: JWST Finds a Clear, Unambiguous Signal for Carbon Dioxide in an Exoplanet’s Atmosphere | Universe Today

error: