Skip to content

ထောပတ်သီး နေ့စဉ်စားသုံးခြင်းက ကိုလက်စထရောကို ကျဆင်းစေနိုင်

  • Health
avocado

ထောပတ်သီးရဲ့ ကျန်းမာရေး ကောင်းကျိုးတွေကို သုတေသန ပြုထားတဲ့ နောက်ဆုံး သုတေသန ရလဒ်အရ ထောပတ်သီး တစ်နေ့ တစ်လုံး (၆) လ ကြာအောင် နေ့စဉ် စားသုံးခြင်းဟာ အဝလွန် သူတွေကို ကိုယ်အလေးချိန် လျှော့ကျအောင် ပြုလုပ် ပေးနိုင်စွမ်း မရှိပါဘူး တဲ့။ ဒါပေမယ့် ဒီလို စားသုံးတဲ့ သူတွေမှာ သွေးတွင်းက ကိုလက်စထရော အဆီဓါတ် ကိုတော့ အနည်းငယ် ကျဆင်းစေနိုင်တယ် ဆိုတာကို တွေ့ရှိ ခဲ့ကြပါတယ်။

ဒီ သုတေသနကို တက္ကသိုလ် ၅ ခုက သုတေသီ တွေက စုပေါင်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ သုတေသနဟာ ထောပတ်သီး နဲ့ ပါတ်သက်လို့ ပြုလုပ် ခဲ့သမျှ သုတေသန တွေအနက် အရှည်ကြာ ဆုံးနဲ့ ပါဝင်တဲ့ လူဦးရေ အများဆုံး သုတေသန တစ်ခု ဖြစ်ပါတယ်။

အခု သုတေသန မတိုင်မီက ပြုလုပ်ခဲ့တဲ့ သုတေသန အငယ်တွေမှာ ထောပတ်သီး စားသုံးမှုနဲ့ ကိုယ်အလေးချိန် ကျဆင်းမှု၊ BMI ကျဆင်းမှု၊ ခါးအတိုင်း (waist circumference) ကျဆင်းမှု တွေကြားက ဆက်သွယ်ချက် ကို တွေ့ရှိခဲ့ ရပါတယ်။ ဒါပေမယ့် အခု ပါဝင်သ လူဦးရေ ပိုများတဲ့ သုတေသန မှာတော့ ဒီ ဆက်သွယ်ချက်ကို တွေ့ရှိရခြင်း မရှိပါဘူး။

(မှတ်ချက်။ BMI ဆိုသည်မှာ Body Mass Index ၏ အတိုကောက် ဖြစ်ပါသည်။ သူ့ကို တွက်သော ဖော်မြူလာမှာ ကိုယ်အလေးချိန် ကီလိုဂရမ်ကို တည်ပြီး အရပ် (မီတာ) ၏ နှစ်ထပ်ကိန်းနှင့် စားခြင်း ဖြစ်ပါတယ်။ [BMI = weight / height^2] ဖြစ်ပါတယ်။ BMI များလျှင် အဝလွန် ခြင်းကို ညွှန်ပြပြီး BMI နည်းလျှင် အပိန် လွန်ခြင်းကို ညွှန်ပြပါတယ်။)

“ထောပတ်သီးက ဗိုက်အဆီ နဲ့ ကိုယ်အလေးချိန် တိုးခြင်း အပေါ်မှာ အကျိုး သက်ရောက်မှု မရှိပေမယ့်လဲ ဒီ သုတေသနက ထောပတ်သီးဟာ ကျန်းမာရေးကို အထောက်အကူ ပြုနိုင်တယ် ဆိုတဲ့ အထောက်အထား ကိုတော့ ဖော်ထုတ် ပေးပါတယ်” လို့ ဒီသုတေသနမှာ ပါဝင်တဲ့ Evan Pugh University က ပါမောက္ခ ပင်နီ ခရစ် အီသာတန် (Professor Penny Kris-Etherton) က ရှင်းပြပါတယ်။

“ဒီ သုတေသနမှာ ပါဝင်သူ တွေရဲ့ နေ့စဉ် အစားအသောက်ထဲ​ ထောပတ်သီး တစ်နေ့ တစ်လုံး အပို ထည့်သွင်းခြင်းကြောင့် ကိုယ်ခန္ဓာ အလေးချိန် တက်မလာ ပါဘူး။ ဒါ့အပြင် LDL cholesterol (LDL ဆိုတာက မကောင်းတဲ့ ကိုလက်စထရော အဆီ) ပမာဏ ကိုတောင် အနည်းငယ် ကျဆင်း စေပါတယ်။ ဒီအချက်တွေ အားလုံးက အရေးပါတဲ့ တွေ့ရှိမှုတွေ ဖြစ်ကြပါတယ်” လို့ သူမက ဆက်ပြောပါတယ်။

တက္ကဆတ် နည်းပညာ တက္ကသိုလ် (Texas Tech University) က အဟာရ သိပ္ပံ ပါမောက္ခ (Kristina Petersen, associate professor of nutritional sciences) ရဲ့ အဆိုအရ ထောပတ်သီး နေ့စဉ် စားသုံးခြင်း အားဖြင့် ပါဝင်သူ တွေရဲ့ အစာ အဟာရ အရည်အသွေး (diet quality) ကို အမှတ် ၈ မှတ် တိုးတက် သွားစေတယ်လို့ ဆိုပါတယ်။ ဒါဟာ အမှတ် ၁ က ၁၀၀ အထိ ရှိတဲ့ အမှတ်ပေး ဇယားကို အခြေခံပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။

“ဒီအချက်ဟာ အရေး ပါပါတယ်။ ဘာ့ကြောင့်ဆိုတော့ ကျွန်မတို့ သိထားချက် အရ အစားအစာရဲ့ အည်အသွေး ကောင်းမွန်ခြင်းဟာ နှလုံးရောဂါ၊ ဆီးချိုရောဂါ နဲ့ အချို့သော ကင်ဆာတွေ ဖြစ်ပွားစေနိုင်တဲ့  အန္တရာယ်ကို လျော့နည်း ကျဆင်း စေလို့ပါ” လို့ သူမက ဆက်ပြောပါတယ်။

အခု သုတေသန ရလဒ်တွေကို ထိပ်တန်း ဆေးပညာ ဂျာနယ်တစ်စောင် ဖြစ်တဲ့ Journal of the American Heart Association မှာ တင်ပြထားတာ ဖြစ်ပါတယ်။ 

အခု သုတေသနမှာ လူပေါင်း ၁,၀၀၀ ကျော် ပါဝင် ခဲ့ကြပါတယ်။ ဒီ ပါဝင်သူ အားလုံးဟာ ဝနေသူတွေ (သို့) ကိုယ်ခန္ဓာ အလေးချိန် ရှိသင့်တာထက် ပိုနေကြ သူတွေ ဖြစ်ကြပါတယ်။

ဒီ ပါဝင်သူ အားလုံးကို သုတေသန ကာလ ၆ လ အတွင်း အုပ်စု နှစ်စု ခွဲလိုက်ပါတယ်။ တစ်စု ကို နေ့စဉ် ထောပတ်သီး တစ်လုံးစီ စားဖို့ တိုက်တွန်း အားပေး ပါတယ်။ နောက်အုပ်စု ကိုတော့ ပုံမှန် စားနေကျ အစားအသောက်ကိုပဲ ဆက်စားစေပြီး တစ်လကို ထောပတ်သီး နှစ်လုံးထက် ပိုမစားဖို့ ညွှန်ကြား ပါတယ်။

(မှတ်ချက်၊ ဒါကို ဆေးသုတေသန မှာ intervention group (ဆေးပေးတဲ့ အုပ်စု) နဲ့ control group (ဆေးမပေးတဲ့ အုပ်စု ဆိုပြီး ခေါ်ပါတယ်။ သုတေသန အပြီးမှာ ဒီ အုပ်စု နှစ်စုရဲ့ ရလဒ်တွေကို နှိုင်းယှဉ် ကြည့်ကြတာ ဖြစ်ပါတယ်။)

သူတို့ရဲ့ ဝမ်းဗိုက်က အဆီ နဲ့ ဝမ်းတွင်း အင်္ဂါတွေ ပတ်လည်က အဆီ တွေကို သုတေသန မစမီနဲ့ ပြီးဆုံးသွားပြီး ချိန်တွေမှာ MRI ရိုက်ပြီး မှတ်တမ်း တင်ပါတယ်။

“ထောပတ်သီး တစ်နေ့တစ်လုံး စားသုံးခြင်းကြောင့် ဝမ်းဗိုက် အဆီနဲ့ အခြား နှလုံးနဲ့ သွေးကြောရောဂါ အန္တရာယ် (cardiovascular risk factors) တွေအပေါ်မှာ အရေးပါတဲ့ အကျိုးကျေးဇူး မပြ နိုင်ခဲ့ပေမယ့် နေ့စဉ် ထောပတ်သီး တစ်လုံး စားသုံးခြင်းကြောင့် ကိုယ်အလေးချိန်ကို တက်မလာ စေနိုင်ပါဘူး” လို့  လိုမာလင်ဒါ တက္ကသိုလ် ပြည်သူ့ကျန်းမာရေး ဌာန  (Loma Linda University School of Public Health) က ပါမောက္ခ ဂျုန်းဆာဗာတေ (Joan Sabaté) က ရှင်းပြပါတယ်။ 

“ဒီအချက်က အပေါင်း လက္ခဏာ ဆောင်တဲ့ အချက် ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲ​ဆိုတော့ ထောပတ်သီးက ရတဲ့ ကယ်လိုရီ အပိုတွေဟာ ကိုယ်အလေးချိန် နဲ့ ဝမ်းဗိုက်အဆီ အပေါ် အကျိုးသက်ရောက်မှု မရှိလို့ပါပဲ။ နောက်ပြီး သူက LDL-cholesterol ပမာဏ ကိုလဲ ကျဆင်းစေပါတယ်။

သုတေသန အရ စုစုပေါင်း ကိုလက်စထရော (total cholesterol) ပမာဏဟာ ၂.၉ mg/dL ကျဆင်းသွားပြီး LDL cholesterol ပမာဏ ကတော့ ၂.၅ mg/dL ကျဆင်း သွားပါတယ်။

အခု သုတေသနက ရရှိတဲ့ အချက်အလက် တွေကို အခြေတည်ပြီး အနာဂတ် သုတေသန တွေမှာ ပိုမိုပြီး အသေးစိတ် လေ့လာသွားမယ်လို့ ပညာရှင် တွေက ပြောပါတယ်။ ဥပမာ ပါဝင်သူတွေကို ထောပတ်သီး ဘယ်လို စားရမလဲ​ဆိုတာနဲ့ ပတ်သက်လို့ ညွှန်ကြားခြင်း မရှိပါဘူး။ 

အနာဂတ် သုတေသန တွေမှာ ထောပတ်သီးကို စားသောက်တဲ့ ပုံစံ (သကြား ထည့်/မထည့်၊ salad dressing ထည့်မထည့်၊ မနက်စာ/နေ့လည်စာ/ညစာ နဲ့ တွဲဖက် စားမစား စသည်ဖြင့်)  ပေါ် မူတည်ပြီး ရလဒ်တွေ ကွာခြားမှု ရှိမရှိ လေ့လာသွားမယ်လို့ ဆိုပါတယ်။

Ref: Daily Avocados Can Help Lower Your Cholesterol | SciTech Daily

error: