နို့တိုက် သတ္တဝါ အားလုံးဟာ မိခင် ရဲ့ မျိုးဥနဲ့ ဖခင်ရဲ့ သုက်ပိုးတို့ ပေါင်းစပ်ပြီး မွေးဖွားလာ ကြတာ ဖြစ်ပါတယ်။ တနည်း ပြောရရင် နို့တိုက် သတ္တဝါ အားလုံးမှာ ဖခင် တစ်ယောက် နဲ့ မိခင် တစ်ယောက် စီ ရှိကြပါတယ်။
ဒါပေမယ့် ဖခင် နှစ်ယောက် ကနေ ပေါင်းစပ်ပြီး မွေးဖွားလာတဲ့ ကြွက်သားငယ် တွေကို သိပ္ပံ ပညာရှင်တွေဟာ ဓါတ်ခွဲခန်း အတွင်း အောင်မြင်စွာ ဖန်တီးနိုင် ခဲ့ကြပါတယ်။
ဒီ ဖြစ်စဉ်မှာ ဖခင် တစ်ယောက်ရဲ့ ဆဲလ် ကနေ မျိုးဥတွေ အဖြစ် ပြောင်းလဲ ဖန်တီးပြီး အခြား ဖခင် တစ်ယောက်ရဲ့ သုက်ပိုးနဲ့ ပေါင်းစပ်ပေးခြင်း အားဖြင့် ကြွက်သားပေါက် ကလေးတွေ အောင်မြင်စွာ ဖန်တီး နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
အခု ဖြစ်စဉ်ကို သိပ္ပံ ပညာရှင် တွေက “တော်လှန် ပြောင်းလဲမှု ဖြစ်စဉ် (revolutionary)” လို့ တောင် ခေါ်ဝေါ် နေကြပါတယ်။
အခု သုတေသနဟာ လက်ရှိ အချိန်မှာတော့ proof of concept ခေါ်တဲ့ သီအိုရီ အယူအဆကို သက်သေပြတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ လက်ရှိ အချိန်မှာ လူသားတွေ အတွက် အသုံးပြု နိုင်ဖို့ကတော့ အဝေးကြီး လိုသေးတယ်လို့ သိရပါတယ်။
... see more (ဆက်ဖတ်ရန် နှိပ်ပါ)အခု နည်းပညာရဲ့ အခက်အခဲ တွေထဲမှာ အောင်မြင်မှု ရာခိုင်နှုန်း နည်းပါးတာ၊ လူအများ လက်ခံနိုင်မှု အခက်အခဲ ရှိနိုင်တာနဲ့ ကိုယ်ကျင့်တရား ဆိုင်ရာစဉ်းစားရမယ် အချက် (ethical consideration) အစရှိတာ တွေလဲ ပါဝင်ပါတယ်။
ဒါပေမယ့် တဖက်ကလဲ အခု သုတေသန အောင်မြင်မှုဟာ မျိုးဆက်ပွားခြင်း ဆိုင်ရာနဲ့ ပါတ်သက်ပြီး အခွင်းအလမ်း ကောင်း အများအပြား ပေါ်ပေါက်လာစေ နိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကျား-ကျား ခြင်း ချစ်ခင်ကြသူ အမျိုးသား စုံတွဲများ အတွက် မမျိုးဥ မလိုအပ်ပဲ ကလေး ရနိုင်ဖို့ အခွင့်အလမ်း ရလာ နိုင်စေမှာ ဖြစ်ပါတယ်။
အခု သုတေသနနဲ့ ပါတ်သက်တဲ့ အချက်အလက် တွေကို Nature သုတေသန ဂျာနယ်မှာ စာတမ်း တင်ပြ ထားတာ ဖြစ်ပါတယ်။ အခု သုတေသနကို ဂျပန် နိုင်ငံ အိုဆာကာ နှင့် ကျူးရှူး တက္ကသိုလ် (Osaka and Kyushu universities) တွေက သိပ္ပံ ပညာရှင် တွေက အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီ သုတေသနကို ဦးဆောင်တဲ့ သုတေသီ တစ်ဦးဖြစ်သူ ကတ်ဆူဟီကို ဟာယာရှီ (Katsuhiko Hayashi) ဟာ ဒီ့မတိုင် မီကလဲ ကြွက် အမတွေရဲ့ အရည်ပြား ဆဲလ်တွေကနေ မမျိုးဥ ကို အောင်မြင်စွာ ပြောင်းလဲ ထုတ်လုပ်နိုင်တဲ့ နည်းလမ်ကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ သူဟာ ဒီ မမျိုးဥ ကို အသုံးပြုပြီး ကြွက်သားပေါက် လေးတွေ အောင်မြင်စွာ ဖန်တီး မွေးဖွား ပေးခဲ့ပါတယ်၊
အခု သုတေသန မှာတော့ ဟာယာရှီ နဲ့ အဖွဲ့ဟာ ကြွက်ထီးတွေကနေ အလားတူ ကြွက်သားပေါက် လေးတွေ ပေါက်ဖွား ပေးနိုင်ဖို့ လုပ်ဆောင် ခဲ့ကြပါတယ်။
လူတွေလိုပဲ ကြွက်တွေမှာလဲ X ခရိုမိုဆုမ်း နဲ့ Y ခရိုမိုဆုမ်း ဆိုပြီး ရှိကြပါတယ်။ ကြွက်ထီးတွေမှာ X တစ်ခုနဲ့ Y တစ်ခု (XY) ပါဝင်ပြီး ကြွက်မတွေ မှာတော့ X ခရိုမိုဆုမ်း နှစ်ခု (XX) ပါဝင်နေ ပါတယ်။
သိပ္ပံ ပညာရှင် တွေဟာ ကြွက်ထီးရဲ့ အမြှီးကနေ အရေပြား ဆဲလ်တွေ လှီးဖြတ် ယူခဲ့ ကြပါတယ်။ ဒီ့နောက် ဒီ အရေပြား ဆဲလ်တွေ ကနေ Stem cell (မူလ ပင်မဆဲလ်) တွေအဖြစ် ပြောင်းလဲ ယူခဲ့ ကြပါတယ်။
ဒီလို ပြောင်းလဲယူတဲ့ ဖြစ်စဉ်မှာ ရလာတဲ့ ဆဲလ် စုစုပေါင်းရဲ့ ၆% လောက်ဟာ သူတို့ရဲ့ Y ခရိုမိုဆုမ်းတွေ ပျောက်ဆုံး သွားခဲ့ ကြပါတယ်။ ဒီ ဆဲလ်တွေဟာ Y ခရိုမိုဆုမ်း ပါဝင်လာခြင်း မရှိတော့ပဲ X ခရိုမိုဆုမ်း တစ်လုံးသာ (XO) ပါဝင် ပါတော့တယ်။
နောက်တဆင့် အနေနဲ့ သုတေသီ တွေဟာ ဒီ ဆဲလ် တွေ ထဲက X ခရိုမိုဆုမ်း ကနေ နောက်ထပ် X ခရိုမိုဆုမ်း တစ်ခု ထပ်ပွားယူ ခဲ့ကြပါတယ်။ ဒီအဆင့် အောင်မြင်သွားတဲ့ အခါမှာတော့ ဒီ ဆဲလ်တွေ ထဲမှာ X ခရိုမိုဆုမ်း နှစ်ခု (XX) ဖြစ်သွားပါတယ်။
ဒီ ဆဲလ်တွေ ကနေပြီး မျိုးဥကို ဖန်တီးယူ ကြပါတယ်။ ဒီရလာတဲ့ မျိုးဥကိုမှ အခြား ကြွက်ထီး တစ်ကောင်ရဲ့ သုက်ပိုးနဲ့ ပေါင်းစပ်စေပြီး မျိုးပွားယူ ကြတာ ဖြစ်ပါတယ်။
အောင်မြင်စွာ ရရှိလာတဲ့ သန္ဓေသား လောင်းကိုတော့ ကြွက်မရဲ့ သားအိမ်ထဲ ထည့်ပြီး မွေးဖွားချိန် အထိ ကိုယ်ဝန် ဆောင်ပြီး ကြီးထွား စေပါတယ်။
အခု သုတေသနမှာ မျိုးပွားမှုပေါင်း ၆၃၀ ကြိုးပမ်းခဲ့ကြပါတယ်။ ဒီ ၆၃၀ ကမှ ကြွက်သားပေါက် ၇ ကောင် မွေးဖွားလာခဲ့ ပါတယ်၊
မွေးလာတဲ့ ကြွက်သားလောင်း တွေဟာ ကျန်းမာ သန်စွမ်းကြပြီး မွေးရာပါ ရောဂါတွေလဲ ပါဝင်လာကြခြင်း မရှိပါဘူး။ ဒါ့အပြင် ဒီကြွက်တွေဟာ မျိုးဆက်ပွားနိုင်စွမ်းလဲ အပြည့်အဝ ရှိကြပါတယ်။
ဂျပန် ပညာရှင် တွေဟာ သူတို့ရဲ့ သုတေသန တွေ့ရှိချက် တွေကို လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့ Third International Summit on Human Genome Editing သုတေသန ကွန်ဖရင့်မှာ ဖတ်ကြား တင်သွင်း ခဲ့ကြတာ ဖြစ်ပါတယ်။
ဟာယာရှီ ကတော့ သတင်းထောက်တွေကို ပြောကြားရာမှာ ဒီ နည်းပညာကို လူသားတွေမှာ လက်တွေ့ အသုံးပြု နိုင်ဖို့ ကန့်သတ်ချက် အများအပြား နဲ့ အခက်အခဲ အများအပြား ရှိနေသေးတယ်လို့ သတိပေး ပြောကြား ခဲ့ပါတယ်။
“လူ နဲ့ ကြွက် အကြားမှာ ကွာခြားချက် အကြီးကြီး ရှိတယ်လေ” လို့ သူက သတိပေး ခဲ့ပါတယ်။
အစ္စရေး နိုင်ငံ ဘားအီလန် တက္ကသိုလ် (Israel’s Bar-Ilan University) က လိင်ဆုံးဖြတ်မှု ဆိုင်ရာ သုတေသန ဓါတ်ခွဲခန်း (sex determination laboratory) ရဲ့ အကြီးအကဲ ဖြစ်သူ နစ်ဇန်ဂိုနင် (Nitzan Gonen) က မှတ်ချက် ပေးရာမှာ အခု သုတေသနဟာ “တော်လှန်ပြောင်းလဲသော” သုတေသန အဖြစ် ကြိုဆိုလိုက်ပါတယ်။ ဒါပေမယ့် သူက လူသားတွေမှာ လက်တွေ့ အသုံးချ နိုင်ဖို့ အများကြီး ကြိုးပမ်းရ အုံးမယ်လို့ မှတ်ချက် ပြုပါတယ်။
သီအိုရီ အရတော့ အခု နည်းပညာဟာ လိင်တူ ကျား-ကျား စုံတွဲတွေမှာ ကလေး ရနိုင်ဖို့ အခွင့်အလမ်း တစ်ခု ဖြစ်ပါတယ်။ တစ်ဦးက သုက်ပိုးကို ပေးပြီး နောက်တဦးက မျိုးဥကို ပေးခြင်းအားဖြင့် သန္ဓေ ရအောင် လုပ်ယူနိုင်မှာ ဖြစ်ပါတယ်။
သုက်ပိုး ရော မျိုးဥရောဟာ အမျိုးသား တစ်ဦးတည်း ကနေ လာတာတောင်မှ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ဘာနဲ့ ပိုတူမလဲဆိုတော့ ကလုန်း ပြုလုပ်ခြင်း (cloning) နဲ့ ပိုတူမှာ ဖြစ်ပါတယ် လို့ ဂိုနင် က ရှင်းပြပါတယ်။
အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ် ဆန်ဖရန် စစ္စကို မြို့က University of California က stem cell ကျွမ်းကျင်သူ ဂျွန်နသန် ဘေယာ နဲ့ ဒိုင်ယာနာ လာဒ် တို့ကတော့ လူသားတွေရဲ့ stem cell တွေမှာ ဒီနည်းလမ်း အောင်မြင်မယ် မမြင်ဘူး ဆိုတာ တပ်အပ်သေချာ မပြောနိုင် ဘူးလို့ မှတ်ချက် ပြုပါတယ်။
ဒါပေမယ့် ဒီ သုတေသနဟာ မျိုးဆက်ပွား ဇီဝဗေဒ ပညာရပ် အတွက် မှတ်တိုင် တစ်ခု ဖြစ်တယ် ဆိုတာကိုတော့ ဝန်ခံ ခဲ့ပါတယ်။
ဒီနည်းလမ်းကို အသုံးပြု နိုင်မယ့် နည်းလမ်း တစ်ခုကတော့ မျိုးတုန်းလု နီးပါး ဖြစ်နေတဲ့ တိရိစ္ဆာန် တွေကို မျိုးဆက်ပွား ပေးနိုင်မယ့် အခွင့်အလမ်းပဲ ဖြစ်ပါတယ်။ ဥပမာ ကျား သတ္တဝါ တစ်ကောင်ပဲ ကျန်ရစ်တဲ့ အခါမျိုးမှာ “မ” သတ္တဝါ မလိုပဲ မျိုးပွားပြီး မျိုးမတုန်းအောင် ကာကွယ်နိုင်မယ့် အခွင့်အလမ်း ရရှိလာနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီ နည်းလမ်းဟာ အလွန် ခက်ခဲနေပါသေးတယ်။ မအောင်မြင်မယ့် ရာခိုင်နှုန်းက ၉၉% တောင်မှ ရှိတာမို့ အလွန် မြင့်မား နေပါသေးတယ်။
နောက်ပြီး ကြွက်တွေမှာ ကိုယ်ဝန်ဆောင် ကာလဟာ ၃ ပတ်ပဲ ကြာမြင့်ပေမယ့် လူသားတွေ မှာတော့ ၉ လ တောင် ကြာမြင့်နေပါတယ်။ ဒီတော့ အများအယွင်း ဖြစ်ဖို့ အခွင့်အလမ်း ကလဲပိုများလာ ပါတယ်။
ဒါပေမယ့် ဂိုနင် က ဒီနည်းစနစ်ဟာ နောင်လာမယ့် ၁၀ နှစ်က ၁၅ နှစ် အတွင်း လူသားတွေမှာ အသုံးပြု နိုင်တဲ့ အဆင့်ကို ရောက်လာ နိုင်မယ်လို့ ခန့်မှန်း ဟောကိန်း ထုတ်လိုက်ပါတယ်။
ဒါပေမယ့် ဒီ နည်းလမ်းကို လူသားတွေမှာ အသုံးပြုဖို့ဆိုရင် “ကိုယ်ကျင့်တရား ဆိုင်ရာ စောင့်ထိန်းမှု (ethical consideration)” တွေကို အရင် ရှင်းလင်းအောင် လုပ်ဖို့ လိုမယ်လို့ သူက မှတ်ချက် ပြုပါတယ်။
“ကျွန်တော်တို့ တခုခုကို ပြုလုပ်နိုင်တယ် ဆိုတိုင်း ကျွန်တော်တို့ ဒီ ကိစ္စကို ပြုလုပ်ချင်တယ် ဆိုတဲ့ အဓိပ္ပါယ် မသက်ရောက် ပါဘူး။ အထူးသဖြင့် ဒီ ကိစ္စဟာ လူသားတွေနဲ့ သက်ဆိုင်တယ် ဆိုရင် ပိုပြီးတောင် သတိထားသင့်ပါတယ်” လို့ သူမက အဆုံးသတ် မှတ်ချက် ပေးခဲ့ပါတယ်။
Ref: ‘Revolutionary’: Scientists create mice with two fathers | Phys