Skip to content

အမျိုးသားသုံး သန္ဓေတားဆေး စမ်းသပ်အောင်မြင်

  • Health
အမျိုးသားသုံး ကိုယ်ဝန်တား သောက်ဆေးကို ဒီနှစ်ကုန်မှာ လူတွေနဲ့ စတင် စမ်းသပ်တော့မှာ ဖြစ်ပါတယ်

ကမ္ဘာပေါ်က သန္ဓေတားဆေး အများစုဟာ အမျိုးသမီးတွေ အတွက် ရည်ရွယ် ထုတ်လုပ် ထားကြတာ ဖြစ်ပါတယ်။ အမျိုးသား တွေအတွက် သန္ဓေတားဖို့ နည်းလမ်းတွေဟာ အလွန်ပဲ နည်းပါးလှ ပါတယ်။ တိတိပပ ပြောရရင် ကွန်ဒုံး အသုံးပြု တာနဲ့ အမျိုးသား သားကြောဖြတ်တာ နှစ်ခုက လွဲလို့ အခြား စိတ်ချရတဲ့ နည်းလမ်း မရှိသေး ပါဘူး။

ယခုအခါ ဆေးသိပ္ပံ ပညာရှင် တွေဟာ အမျိုးသားတွေ အတွက် ပါးစပ်က သောက်သုံးလို့ ရမယ့် အမျိုးသား သန္ဓေတားဆေးကို တီထွင် စမ်းသပ် နေရာမှာ အောင်မြင်မှု ရရှိ နေပြီလို့ သိရပါတယ်။

ဒီ သန္ဓေ တားဆေးကို ဓါတ်ခွဲခန်း အတွင်းက ကြွက်တွေမှာ စမ်းသပ်ရာမှာ အောင်မြင်မှု ရရှိခဲ့ တာကြောင့် ဒီနှစ်ကုန်မှာ လူတွေမှာ စမ်းသပ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

“အမျိုးသမီးတွေမှာ သားဆက်ခြား ဖို့အတွက် နည်းလမ်းပေါင်းစုံ ရွေးချယ်စရာ ရှိပါတယ်။ ဒီ နည်းလမ်း တွေထဲမှာ သောက်ဆေး၊ အသားကပ် ကပ်ခွာ၊ သားအိမ်တွင်းထည့် ကိရိယာ တွေ အစရှိ သဖြင့် နည်းလမ်း ပေါင်းစုံ ရှိကြပါတယ်။ ဒါပေမယ့် တဖက်ကလဲ ဒီလို နည်းလမ်းစုံ ရှိတာကြောင့် သားဆက်ခြားခြင်း ဝန်ကိုလဲ အမျိုးသမီး တွေကပဲ အဓိက ထမ်းဆောင် ကြရပါတယ်” လို့ အခု အမျိုးသား သားဆက်ခြားဆေး တီထွင် သုတေသန ပြုနေတဲ့ အဖွဲ့က ကြေငြာချက်မှာ ရေးသား ထားပါတယ်။

“ဒါပေမယ့် အမျိုးသား တွေရဲ့ သားဆက်ခြား နည်းလမ်းတွေ ရွေးချယ်စရာတွေ ပိုမို များပြားလာ တော့မှာ ဖြစ်ပြီး နောက်ဆက်တွဲ အနေနဲ့ သားဆက်ခြား တာဝန်ကိုလဲ အမျိုးသားတွေ ပိုမို ထမ်းဆောင် လာနိုင်တော့မှာ ဖြစ်ပါတယ်” လို့ ကြေငြာချက်မှာ ဆက်လက် ဖော်ပြ ထားပါတယ်။

အခု အမျိုးသားသုံး သားဆက်ခြား သောက်ဆေးကို အမေရိကန် ပြည်ထောင်စု မင်နီဆိုတာ တက္ကသိုလ် (University of Minnesota) က သုတေသီ တွေက စမ်းသပ် သုတေသန ပြုနေကြတာ ဖြစ်ပါတယ်။ 

ဒီ ဆေးဟာ လူ့ ကိုယ်ခန္ဓာအတွင်းက ပရိုတင်း (protein) နဲ့ ဗိုက်တာမင် အေ (vitamin A) နဲ့ ချိတ်ဆက်မှု မပြုနိုင်အောင် တားဆီးပေးတဲ့ နည်းလမ်းကို အသုံးပြု ထားပါတယ်။ နို့တိုက် သတ္တဝါ တွေမှာ ပရိုတင်း နဲ့ ဗိုက်တာမင် အေ ချိတ်ဆက်နိုင် မှုဟာ မျိုးပွား လုပ်ငန်း အတွက် အရေးပါတဲ့ အခန်းက ပါဝင်တယ် ဆိုတာ ပညာရှင်တွေ တွေ့ရှိခဲ့တာ ကြာခဲ့ပြီ ဖြစ်ပါတယ်။

ကြွက်တွေမှာ စမ်းသပ်မှု အရ ဒီ ဆေးဟာ ကိုယ်ဝန်ကို ၉၉% အောင်မြင်စွာ တားဆီးပေး နိုင်တယ် ဆိုတာကို တွေ့ရှိ ခဲ့ပါတယ်။ နောက်ပြီး ကြွက်တွေမှာ ဆေးကြောင့် ဖြစ်တဲ့ ဘေးထွက်ဆိုးကြိုး side effect လဲ မတွေ့ရှိရဘူးလို့  ဆိုပါတယ်။

အခု တွေ့ရှိချက်ကို ဒီ အပတ် ပြုလုပ်တဲ့ American Chemical Society ရဲ့ နှစ်ပါတ်လည် အစည်းအဝေး ကြီးမှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။

စမ်းသပ်မှုမှာ ကြွက်တွေကို သီတင် ၄ ပါတ် တိတိ သားဆက်ခြားဆေး တိုက်ကြွေး ခဲ့ပါတယ်။  ၄ ပါတ် အတွင်း သူတို့ရဲ့ သုက်ပို အရေအတွက်ဟာ သိသိသာသာ ထို့းကျ သွားခဲ့တာကို တွေ့ရှိ ကြရပါတယ်။ 

၄ ပါတ် အကြာမှာ တိုင်းတာ ရရှိတဲ့ သုက်ပိုး ပါဝင်မှု အရေအတွက်ဟာ ဒီကြွက်တွေ မျိုးပွားနိုင်ခြင်း မရှိတော့တဲ့ အရေအတွက် အထိ ကျဆင်းသွားတာကို တွေ့ကြရ ပါတယ်။ တနည်းအားဖြင့် ၄ ပါတ် ဆေးသောက်ပြီးတဲ့နောက် ကြွက်တွေဟာ မြုံသွားတာပဲ ဖြစ်ပါတယ်။

ဆေးကြောင့် မြုံသွားတဲ့ ကြွက်တွေကို ဆေးတိုက်တာ ရပ်လိုက် ပြီးတဲ့နောက် သီတင်း ၄ ပါတ်က ၆ ပါတ် အတွင်း ကြွက်တွေရဲ့ သုက်ပိုး ပမာဏ မူလ အနေအထားကို ပြန်တက်လာ တာကိုလဲ တွေ့ကြရပါတယ်။

ဒီနှစ်ကုန်မှာ စမ်းသပ်မယ့် လူသား စမ်းသပ်မှု (human trial) ရဲ့ ရလဒ်ပေါ် မူတည်ပြီး ဒီ ဆေးဟာ သမိုင်းမှာ ပထမဆုံး အမျိုးသားသုံး သားဆက်ခြား သောက်ဆေး ဖြစ်လာနိုင်တယ်လို့ ဆိုကြပါတယ်။ 

“သိပ္ပံ ပညာရှင် တွေဟာ အမျိုးသားသုံး သားဆက်ခြား သောက်ဆေး တီထွင်နိုင်ဖို့ ဆယ်စုနှစ်ပေါင်း များစွာ ကြိုးစားခဲ့ ကြပါတယ်။ ဒါပေမယ့် အခုချိန် အထိ ဈေးကွက်ထဲမှာ ထုတ်လုပ်ရောင်ချနိုင်တဲ့ ဆေး မရှိ သေးပါဘူး” လို့လဲ သူတို့ရဲ့ သတင် ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြ ထားပါတယ်။

အခု သန္ဓေတားဆေးဟာ ဟော်မုန်း မပါတဲ့ ဆေးဖြစ်တဲ့ အတွက် ဘေးထွက် ဆိုးကြိုးလဲ​နည်းပါးလိမ့်မယ်လို့ ယူဆကြပါတယ်။ 

အရင်က စမ်းသပ်ခဲ့တဲ့ အမျိုးသားသုံး ဆေးတွေဟာ အမျိုးသား ဟော်မုန်း ဖြစ်တဲ့ တက်စတို စတီရုန်း (testosterone) ကို ပိတ်ဖို့ ကြိုးစားခဲ့ ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုး အနေနဲ့ စိတ်ဓါတ်ကျဆင်းမှု၊ ကိုယ်အလေးချိန် တိုးလာမှု၊ အမျိုးသမီးတွေကို စိတ်ပါဝင်စားမှု လျော့ကျလာမှု အစရှိတဲ့ ဘေးထွက် ဆိုးကျိုးတွေ ကြုံတွေ့ခဲ့ ရပါတယ်။

အခု ဆေးသစ်ကတော့ ကြွက်တွေကို ပုံမှန်ထက် အဆ ၁၀၀ ပိုများတဲ့ ဆေးတွေ တိုက်ပြီး စမ်းသပ်တာ တောင်မှ ဘာဘေးထွက် ဆိုးကျိုးမှု မတွေ့ရှိ ခဲ့ရပါဘူး။

သုတေသီ တွေကတော့ ကြွက်တွေမှာ အောင်မြင်တိုင်း လူတွေမှာလဲ အောင်မြင်ရမယ်လို့ ယတိပြန် ပြောလို့ မရသေးဘူး လို့ ဆိုပါတယ်။ ဒါ့ကြောင့်မို့လဲ ဒီနှစ်ကုန် ပြုလုပ်မယ့် လူသား စမ်းသပ်မှုကို စိတ်ဝင်တစား စောင့်မျှော်နေ ကြပါတယ်။

အမျိုးသား သားဆက်ခြား နည်းလမ်းတွေ သုတေသန ပြုနေတာ ဒီ တစ်ခု ထဲတော့ မဟုတ်ပါဘူး။ လက်ရှိမှာ  အမျိုးသား တွေရဲ့ ပုခုံးမှာ နေ့စဉ် လိမ်းပေးရတဲ ဆေးကိုလဲ​စမ်းသပ် နေတယ်လို့ ဆိုပါတယ်။

ဆေးသိပ္ပံ ပညာရှင် တွေကတော့ မကြာမီ ပြုလုပ်မယ့် လူသား စမ်သပ်မှု တွေ အောင်မြင်ဖို့ မျှော်လင့်လျက် ရှိကြပါတယ်။

Reference: Male Birth Control Pill Expected to Start Human Trials This Year | Smithsonian

error: