Skip to content

ရှားပါး ရေဝက်များ တရုတ်ပြည်တွင် မျိုးတုန်းပျောက်ကွယ် သွားပြီ

manatee

Dugong လို့ ခေါ်တဲ့ သတ္တဝါဟာ ပင်လယ်ထဲမှာ နေတဲ့ သွေးနွေး နို့တိုက် သတ္တဝါ ဖြစ်ပါတယ်။ ဝက်နဲ့ တူလို့ မြန်မာလိုတော့ “ရေဝက်” လို့ ခေါ်ကြပါတယ်။ ဒီ ဒူဂေါင် ရေဝက်ဟာ မနားတီးစ် ရေဝက် (manatees) နဲ့ အမျိုးတော်ပြီး ပုံသဏ္ဍာန် ကလဲ​ ဆင်တူပါတယ်။

ဒီ ဒူဂေါင် နဲ့ မနားတီးစ် ရေဝက်တွေကို တချိန်က ပင်လယ်ထဲ ခရီးသွားတဲ့ သင်္ဘောသား တွေက မြင်ပြီး ရေသူမ လို့ အမြင်မှားခဲ့ ကြတာ ဖြစ်မယ်လို့လဲ အချို့သော ပညာရှင် တွေက ယူဆ ကြပါတယ်။

ဒီ ဒူဂေါင် ရေဝက်တွေဟာ တရုတ်ပင်လယ်ပြင် အတွင်းမှာ နှစ် ရာပေါင်းများစွာ ရှင်သန် ပေါက်ဖွား နေထိုင် ခဲ့ကြပါတယ်။ သူတို့ အဓိက စားသုံးတဲ့ အစားအစာ ကတော့ ပင်လယ် ကြမ်းပြင်မှာ ပေါက်နေတဲ့ ပင်လယ်မြက် (seagrass) တွေကို စားသောက်ပြီး အသက်ရှင် နေထိုင် ကြပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း တရုတ် ပင်လယ်ပြင် အတွင်းမှာ ဒူဂေါင်ရေဝက် တွေ တွေ့ရှိတယ် ဆိုတဲ့ မှတ်တမ်း မရှိတော့ ပါဘူး။ ဒါ့ကြောင့် နိုင်ငံတကာက ပညာရှင်တွေ ပါဝင်တဲ့ သုတေသန အဖွဲ့ဟာ တရုတ်ပင်လယ် အတွင်း ဒူဂေါင် လူဦးရေ စာရင်း ကောက်ယူမှု သုတေသန ပြုလုပ်ခဲ့ ကြပါတယ်။ 

ဒီ သုတေသန အဖွဲ့ဟာ တရုတ် ပြည် အနှံ့က ငါးဖမ်း ကျေးရွာတွေကို လိုက်လံပြီး ဒူဂေါင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လေ့လာ စုံစမ်းခဲ့ ကြတာ ဖြစ်ပါတယ်။

ဒူဂေါင် ရေဝက် တွေ့ရှိမှု မှတ်တမ်းတွေဟာ ၁၉၆၀ ဝန်းကျင်မှာ အများဆုံး ဖြစ်ခဲ့ပါတယ်။ ဒီ့နောက်  ၁၉၇၅ နောက်ပိုင်းမှာ ဒူဂေါင် တွေ့ရှိတယ် ဆိုတဲ့ သတင်းပို့ချက်တွေဟာ ကျဆင်း သွားခဲ့ပါတယ်။ ၂၀၀၈ နောက်ပိုင်းမှာတော့ ဒူဂေါင် တွေ့တယ် ဆိုတဲ့ ခိုင်မာတဲ့ သတင်းပို့ချက် မရရှိတော့ ပါဘူး။

တရုတ် သိပ္ပံ ပညာရှင် တွေဟာ လဲ သက္ကရာဇ် ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ဒူဂေါင် ရေဝက်ကို တွေ့ရှိရခြင်း မရှိ တော့ပါဘူး။

ဒီ အချက်တွေကို အခြေတည်ပြီး ကောက်ချက် ဆွဲရရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ အတောတွင်း ဒူဂေါင် လူဦးရေဟာ အလျင်အမြန် ကျဆင်း သွားခဲ့ပြီး ယခုအချိန် မှာတော့ တရုတ်ပြည်မှာ ဒူဂေါင် ရေဝက် မျိုးတုန်းသွားပြီး ဖြစ်တယ်လို့ ဩဂုတ်လ ၂၄ ရက်နေ့က ထုတ်ဝေတဲ့ Royal Society Open Science သုတေသန ဂျာနယ် ကြီးမှာ စာတမ်းရှင် တွေက တင်ပြ ထားကြပါတယ်။

ဒူဂေါင် တွေဟာ ဝဖိုင့်ဖိုင့် ကိုယ်လုံး ရှိပြီး မျက်နှာ ဖေါင်းဖေါင်း၊ မျက်ပေါက် ကျဉ်းကျဉ်း နဲ့ ဝက်နဲ့ တူတဲ့ (အချို့ကလဲ နွားနဲ့ တူတယ်လို့ ပြောကြပါတယ်) သွင်ပြင် ရှိကြပါတယ်။ သူတို့ရဲ့ အမြှီးကတော့ လင်းပိုင် တွေလို ခပ်ပြားပြား ဖြစ်ပါတယ်။ 

အရွယ်ရောက်ပြီး ဒူဂေါင် တစ်ကောင်ဟာ ၁၃ ပေ ခန့်အထိ ရှည်ပြီး အလေးချိန် ပေါင် ၈၈၀ လောက်ထိ ရှိပါတယ်။ 

သူတို့ဟာ မနားတီးစ် ရေဝက်နဲ့ ဆင်ဆင် တူပါတယ်။ ဒါပေမယ့် မနားတီးစ် က ရေချိုမှာ နေထိုင်ကြပြီး ဒူဂေါင် ကတော့ ပင်လယ် ရေငန် ရေတိမ်ပိုင်းမှာ မှီတင်း နေထိုင် ကြပါတယ်။

ဒူဂေါင်တွေရဲ့ နေထိုင်ရာ အရပ်ဟာ အာဖရိကတိက် အရှေ့ပိုင်း ကနေပြီး ပစိဖိတ် အနောက်ပိုင်းက ကျွန်းတွေအထိ ရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ နေထိုင်ရာ ဒေသ (habitat) တွေ ပျက်စီးမှု နဲ့အတူ ဒူဂေါင် အရေအတွက်ဟာ ကမ္ဘာ အနှံ့မှာ ကျဆင်းလို့ လာနေပါတယ်။

ဒူဂေါင်တွေ အဓိက စားသုံးတဲ့ အစာဟာ sea grass လို့ ခေါ်တဲ့ ပင်လယ်ကြမ်းပြင်မှာ ပေါက်တဲ့ အပင်တွေကို နွားတွေ စားသလိုပဲ စားကြပါတယ်။ ဒူဂေါင်တွေဟာ ပင်လယ်ထဲ နေတဲ့ နို့တိုက် သတ္တဝါ တွေအနက် အရွက်ကိုပဲ သီးသန့် စားသုံးတဲ့ တစ်ခုတည်းသော သက်သတ်လွတ် သတ္တဝါတွေ ဖြစ်ကြပါတယ်။

ဒူဂေါင် ရော မနားတီးစ် ရောဟာ လူနဲ့ မတူပါဘူး။ သူတို့မှာ လူနဲ့ တူတဲ့ ဦးခေါင်းတွေ မရှိကြ သလို ဆံပင်လဲ မရှိပါဘူး။ ဒါပေမယ့် ရှေးခေတ်က သင်္ဘောသား တွေဟာ ဒီ အကောင်တွေကို ခနတဖြုတ်ပဲ မြင်တွေ့ ကြရတာပါ။ ဒါ့ကြောင့်လဲ ဒီ ခနတာ မြင်တွေ့ရမှု ကနေ ရေသူမ ပုံပြင်တွေ ထွက်ပေါ်လာတာလို့ ယူဆ ကြပါတယ်။

ဒါပေမယ့် ဒူဂေါင်တွေ နဲ့ လူသားတွေရဲ့ လက်တွေ့ ဘဝကတော့ ပုံပြင်တွေလို စိတ်ကူးယဉ် မဆန်ပါဘူး။ ဒူဂေါင်တွေဟာ ပင်လယ်ကမ်းရိုးတန်း ရေတိမ်မှာ နေထိုင် ကြတာမို့ မကြာခန ဆိုသလိုပဲ ငါးဖမ်းလှေ တွေနဲ့တိုက်မိတာ၊ ငါးဖမ်း ပိုက်တွေထဲ မိနေတာတွေ ကြုံတွေ့ ကြရပါတယ်။ နောက်ပြီး လူသားတွေရဲ့ အပြုအမူ တွေကြောင့်လဲ သူတို့ရဲ့ နေရပ်ဒေသတွေ ပျက်စီး လာကြပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ် အတွင်း တရုတ်ရေပြင်မှာ ဒူဂေါင် တွေ့တယ် ဆိုတဲ့ သတင်းအချို့တော့ ကြားခဲ့ကြရပါတယ်။ ဒါပေမယ့် ဒီ တွေ့ရှိမှုတွေ အားလုံး တစ်ခုမှ အတည် မပြုနိုင် ခဲ့ကြပါဘူး။ 

တောင်တရုတ်ပင်လယ်ရဲ့ မြောက်ဖက်ခြမ်းမှာ ဒူဂေါင် တချို့တလေ ကျန်ကောင်း ကျန်နိုင် သေးပေမယ့် ဒီ ဒူဂေါင်တွေဟာ တောင်ပိုင်း ဖိလစ်ပိုင် ကမ်းလွန်က ဒူဂေါင် အချို့တလေ မျက်စေ့လည် လမ်းမှားပြီး ရောက်လာတာ ဖြစ်ဖို့ ပိုများတယ်လို့ သုတေသီ တွေက သုံးသပ် ကြပါတယ်။

အခု စာတမ်း တင်ပြတဲ့ သုတေသီ တွေရဲ့ အမြင်အရ အကယ်လို့ တရုတ် ပင်လယ်ပြင်မှာ ဒူဂေါင်တွေ မျိုးမတုန်း သေးဘူး ဆိုရင်တောင် ဒူဂေါင် လူဦးရေ အလွန်လျင်မြန်စွာ ကျဆင်းသွားမှုကို ရပ်တန့် သွားအောင် (သို့) ပြန်လည် များပြားလာအောင် ပြုလုပ်ဖို့ဟာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

တနည်းအားဖြင့် ပြောရရင် တရုတ် ပင်လယ်ပြင် အတွင်း တချိန်က ပေါပေါများများ ကျက်စား ခဲ့ကြတဲ့ ဒူဂေါင် ရေဝက် တွေဟာ အခုအချိန်မှာတော့ ဒီ ဒေသကနေ မျိုးတုန်း ပျောက်ကွယ် သွားခဲ့ ကြပြီ ဆိုတာကို ပညာရှင်တွေက တရားဝင် အတည် ပြုပေး လိုက်တာပဲ ဖြစ်ပါတယ်။

Ref: Tubby ‘mermaids’ vanished from Chinese waters 2 decades ago, now declared extinct | Live Science

error: