Skip to content

ဒိုင်နိုဆောတွေ မျိုးတုန်းရတာ တစ်ခုထက် ပိုတဲ့ ဥက္ကာခဲတွေကြောင့် ဖြစ်နိုင်တယ်

  • Earth
Dinosaurs extinction asteroid

ချစ်ဆူလဘ် (Chicxulub) ဥက္ကာခဲကြီး လွန်ခဲ့တဲ့ နှစ် ၆၅ သန်းခန့်က ကမ္ဘာကို ဝင်ဆောင့်ခဲ့ တာကြောင့် ဒိုင်နိုဆောတွေ မျိုးတုန်း ပျောက်ကွယ် ခဲ့ရတယ်လို့ သိပ္ပံ ပညာရှင် တွေက ယုံကြည် ကြပါတယ်။ 

ဒါပေမယ့် ဒီ ဥက္ကာခဲကြီး တစ်လုံးထဲကြောင့်နဲ့ ကမ္ဘာတဝှမ်းက ဒိုင်နိုဆောတွေ အားလုံး မျိုးတုန်း သွားဖို့ လုံလောက်ပါ့ မလား ဆိုတာကို အချို့သော သိပ္ပံ ပညာရှင် တွေက သံသယ ဖြစ်ကြပါတယ်။ သူတို့က ဒီ ဥက္ကာခဲနဲ့ အပြိုင် အခြား ဥက္ကာခဲကြီး တွေကလဲ ကမ္ဘာကို မရှေးမနှောင်း ဝင်တိုက်မိ ခဲ့ကြ လိမ့်မယ်လို့ သံသယ ရှိကြပါတယ်။

အာဖရိကတိုက် အနောက်ဖက် ကမ်းလွန် ပင်လယ်ပြင် ထဲက ရေအောက် မီတာ ရာပေါင်းများစွာ နက်တဲ့ နေရာမှာ ဥက္ကာခဲကြီး ဝင်တိုက်မိပြီး ဖြစ်လာတဲ့ ဥက္ကာတွင်းဟောင်းကြီး တစ်ခုလို့ ယူဆရတဲ့ နေရာကို ပညာရှင် များက ရှာဖွေ တွေ့ရှိ ထားပါတယ်။ 

ဒီ နေရာဟာ ယခင်က အချင်း ၈.၅ ကီလိုမီတာ အကျယ်ရှိတဲ့ ဥက္ကာတွင်းဟောင်းကြီး ကနေ ကျန်ရစ်ခဲ့တဲ့ ရေအောက် မျက်နှာသွင်ပြင် တစ်ခု ဖြစ်တယ်လို့ ပညာရှင် တွေက ယူဆ ကြပါတယ်။

ဆက်စပ်ဆောင်းပါး – ဒိုင်နိုဆောများ မျိုးတုန်း ပျောက်ကွယ် ခဲ့စဉ်က

အခု တွင်းကြီးကို နာဒီယာ (Nadir) လို့ အမည် ပေးထားပါတယ်။ ပညာရှင် တွေက ဒီ တွင်းကြီးဟာ Chicxulub ဥက္ကာတွင်းကြီးနဲ့ မတိမ်းမယိမ်း ကာလလောက်မှာ ဖြစ်ပေါ် လာခဲ့တယ်လို့ ယူဆ ကြပါတယ်။

အကယ်လို့ ဒီ ဥက္ကာတွင်း ကြီးရဲ့ သက်တမ်းကိုသာ အတည်ပြု နိုင်မယ်ဆိုရင် ဒါဟာ ဒိုင်နိုဆောတွေ မျိုးတုန်း ခဲ့ရတာ တခုထက် ပိုတဲ့ ဥက္ကာခဲ့ တွေကြောင့် ဆိုတဲ့ အယူအဆကို ထောက်ခံတဲ့ အကြီးဆုံးသော အထောက်အထား ဖြစ်လာမှာ ဖြစ်ပါတယ်။

ဥက္ကာပျံကြီး ဝင်ဆောင့်ခဲ့ရာက ဖြစ်လာခဲ့တဲ့ Chicxulub ဥက္ကာတွင်းကြီးဟာ အခုဆို မြေသားတွေ ဖုံးလွမ်းလို့ နေပါပြီ
ဥက္ကာပျံကြီး ဝင်ဆောင့်ခဲ့ရာက ဖြစ်လာခဲ့တဲ့ Chicxulub ဥက္ကာတွင်းကြီးဟာ အခုဆို မြေသားတွေ ဖုံးလွမ်းလို့ နေပါပြီ (Photo: Google Earth)

ဒီ ဥက္ကာတွင်းကြီး ရှာဖွေ တွေ့ရှိမှုကို ပညာရှင် တွေက ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်နေ့ထုတ် Science Advances သိပ္ပံ သုတေသန ဂျာနယ်မှာ တင်ပြခဲ့ ကြတာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ လက်ရှိ အချိန်အထိ ဥက္ကာတွင်းပေါင်း ၂၀၀ ကျော်ကို ရှာဖွေ တွေ့ရှိ ထားပါတယ်။ ဒီ တွင်း အများစုကို ကုန်းမြေပေါ်မှာ ရှာဖွေ တွေ့ရှိ ထားကြတာ ဖြစ်ပါတယ်။ ဘာ့ကြောင့် ကုန်းပေါ်မှာ ပိုများနေ ရတာလဲ ဆိုတော့ ပင်လယ်ထဲမှာ ဖြစ်ပေါ်တဲ့ ဥက္ကာတွင်း တွေဟာ အချိန် သိပ်မကြာ ခင်မှာပဲ နှုန်းတွေနဲ့ ဖုံးလွှမ်းပြီး ပျောက်ကွယ် သွားကြလို့ပဲ ဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါး – သင့်ပတ်ဝန်းကျင်က သက်ရှိထင်ရှား ဒိုင်နိုဆော မျိုးဆက်များ

အခု ဥက္ကာတွင်း ကြီးကို ပညာရှင် တွေက မထင်မှတ်ပဲ ရှာဖွေ တွေ့ရှိခဲ့ ကြတာ ဖြစ်ပါတယ်။ UK နိုင်ငံ အီဒင်ဘာရာ မြို့က ဟဲရောဒ်-ဝဒ် တက္ကသိုလ် (Heriot-Watt University in Edinburgh) က ဘူမိဗေဒ ပညာရှင် Uisdean Nicholson က မြေအောက် တုန်ခါလှိုင်း (seismic waves) တွေကို စူးစမ်း ရင်း အမှတ်မထင် တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။

ဒီ တွင်းဟောင်းကြီးဟာ အာဖရိကတိုက် ဂီနီ နိုင်ငံ ကမ်းလွန် ပင်လယ်ပြင်က ပင်လယ် ရေအနက် တစ် ကီလိုမီတာလောက် အနက်မှာ တည်ရှိပါတယ်။ ဒီ ပင်လယ်ကြမ်းပြင်က seismic တုန်ခါလှိုင်း တွေကို စစ်ဆေး ကြည့်ခဲ့ရာက ဒီ တွင်းဟောင်း ကြီးကို တွေ့ခဲ့တာ ဖြစ်ပါတယ်။

ဒီ တွင်းဟောင်း ကြီးဟာ ပန်းကန်လုံးပုံ ပုံသဏ္ဍာန် ရှိပြီး သူ့ရဲ့ ကြမ်းပြင်ကလဲ အကွဲကြောင်းတွေ ဖြစ်ပေါ် နေပါတယ်။ ပြီးတော့ ဒီ တွင်းကြီးရဲ့ အလယ်ဗဟိုမှာ လဲ ကမူလေး (central peak) ဖြစ်နေပါတယ်။ ဒါတွေဟာ ဥက္ကာပျံ တိုက်မိပြီး ဖြစ်လာတဲ့ ဥက္ကာတွင်း တစ်ခုရဲ့ လက္ခဏာတွေ ဖြစ်ကြပါတယ်။

ဒီ ဥက္ကာတွင်း ကြီးရဲ့ အရွယ်အစား ကို အခြေခံပြီး ပညာရှင် တွေရဲ့ တွက်ချက်မှု အရ ဒီ တွင်းကြီးကို ဖြစ်ပေါ်စေ ခဲ့တဲ့ ဥက္ကာခဲ ကြီးဟာ အချင်း မီတာ ၄၀၀ အရွယ်အစား ရှိလိမ့်မယ်လို့ ယူဆ ရပါတယ်။ နောက်ပြီး ဒီ တိုက်မိမှုကြောင့် ရစ်ချ်တာစကေး ၇ ပမာဏ ရှိတဲ့ ငလျှင် လှုပ်ခတ်ပြီး ပေ ရာပေါင်းများစွာ မြင့်တဲ့ ဆူနာမီ ရေလှိုင်းကြီးတွေ ဖြစ်ပေါ် စေခဲ့ လိမ့်မယ်လို့ ဆိုပါတယ်။

ဆက်စပ်ဆောင်းပါး – ကမ္ဘာ့သမိုင်း၏ အဆိုးရွားဆုံး မျိုးတုန်းမှုကြီး

ဒီ ဖြစ်ရပ် တွေဟာ ကမ္ဘာအဝန်း သက်ရောက်တဲ့ ဆိုးကျိုး တွေကိုတော့ ဖြစ်စေနိုင် လောက်အောင် လုံလောက်မှာ မဟုတ်ပါဘူး။ သူ့ရဲ့ သက်ရောက်မှုဟာ အချင်း ၁၀ ကီလိုမီတာ လောက် ကြီးမားတဲ့ Chicxulub ဥက္ကာခဲ နဲ့ ယှဉ်ရင်တော့ ဘာမှ မပြောပလောက် ပါဘူး။

ဒီ ဥက္ကာတွင်း ပတ်ဝန်းကျင်က ဘူမိဗေဒ နမူနာ တွေကနေ တွက်ချက်မှု အရ ဒီ ဥက္ကာတွင်း ကြီးဟာ လွန်ခဲ့တဲ့ နှစ် ၆၆ သန်းခန့် ခရီတေးရှပ်စ် ကာလ (Cretaceous period) ပြီးဆုံးတဲ့ အချိန်လောက်မှာ ဖြစ်ပေါ် ခဲ့တယ် ဆိုတာကို တွေ့ရှိ ခဲ့ကြပါတယ်။ ဒါဟာ ဒိုင်နိုဆော တွေကို မျိုးတုန်း စေခဲ့တဲ့ Chicxulub ဥက္ကာတွင်းကြီး ဖြစ်ပေါ်ချိန်နဲ့ အတူတူ လောက်ပဲ ဖြစ်ပါတယ်။

ဒီ သုတေသနမှာ ပါဝင်တဲ့ ပညာရှင် တွေကတော့ အခု ဥက္ကာခဲ ကြီးဟာ Chicxulub ဥက္ကာခဲကြီး ကမ္ဘာနားက ကပ်ဖြတ်တဲ့ အချိန်မှာ မြေဆွဲအားကြောင့် ပဲ့ထွက်လာတဲ့ အပိုင်းအစ တစ်ခုတောင် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

ဒီ သုတေသန ရဲ့ ရလဒ်တွေကို ပညာရှင် အားလုံးက အကြွင်းမဲ့ လက်ခံ ကြတာတော့ မဟုတ်ပါဘူး။ ဘယ်လ်ဂျီယန် နိုင်ငံ ဘရပ်ဆဲလ် မြို့ Vrije Universiteit Brussel တက္ကသိုလ် က ဘူမိဗေဒ ပညာရှင် ဖိလစ် ကလေး (Philippe Claeys) က “ဒါက ဥက္ကာတွင်း နဲ့တော့ တူတာပဲ၊ ဒါပေမယ့် အခြား တခုခုလလဲ ဖြစ်နိုင်တာပဲ” လို့ မှတ်ချက် ပေးပါတယ်။

ဆက်စပ်ဆောင်းပါး – နှစ် ၉၉ သန်းကျော်က ဒိုင်နိုဆောသွေး စုပ်ထားတဲ့ လှေး မြန်မာပြည်က ပယင်းကျောက်ထဲမှာ ရှာတွေ့

ဒီ တွင်းကြီးဟာ ဥက္ကာတွင်း ဖြစ်တယ် ဆိုတာကို အတည်ပြု ပေးနိုင်ဖို့ဆို ဒီ တွင်းရဲ့ ကြမ်းပြင်ကို တူးဖော်ကြည့်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ 

အခြား ဖြစ်နိုင် တာတွေကတော့ ပြိုကျသွား ခဲ့တဲ့ မီးတောင် တွင်းဟောင်း၊ ဒါမှမဟုတ် ပင်လယ်အောက် ဆားတွင်းဟောင်း တခုလဲ ဖြစ်နိုင်ပါတယ်။

ဒီတွင်းရဲ့ သက်တမ်းနဲ့ ပတ်သက်လို့လဲ အတိအကျ ပြောဖို့က ခက်နေ ပြန်ပါတယ်။ seismic တိုင်းတာမှု တွေက ရတဲ့ အချက်တွေအရ ဒီ တွင်းကြီးဟာ Cretaceous period ကုန်ခါနီး ကာလမှာ ဖြစ်ပေါ်ခဲ့တယ် ဆိုတာတော့ သေချာပါတယ်။ ဒါပေမယ့် အတိအကျ ပြောဖို့ကျတော့ သိပ်မလွယ် လှပါဘူး။

ဖြစ်ပေါ်တဲ့ အချိန် အတိအကျ ပြောနိုင်ဖို့ဆို ဒီ တွင်းကြမ်းပြင်ကို တူးကြည့်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အခုလို Chicxulub ဥက္ကာခဲရဲ့ အဖော်တွေ ရှာဖို့ ကြိုးစားတာဟာ အခုအကြိမ်ဟာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ အရင်ကလဲ ယူကရိန်းက Boltysh crater ကြီးဟာ ဒိုင်နိုဆောတွေ မျိုးတုန်းစေ ခဲ့တဲ့ ဥက္ကာခဲ ကြီး ရဲ့ အမွှာ ဖြစ်တယ်လို့ ယူဆခဲ့ ကြပါတယ်။ ဒါပေမယ့် ဒီ တွင်းကြီးရဲ့ သက်တမ်းကို စစ်ဆေး ကြည့်လိုက်တော့ သူဟာ Chicxulub ဥက္ကာခဲ နောက် နှစ်ပေါင်း ၆၅၀,၀၀၀ လောက်အကြာမှ ဖြစ်ပေါ် လာခဲ့တာ ဖြစ်တယ် ဆိုတာကို တွေ့ရှိ ခဲ့ကြပါတယ်။

ယခုလက်ရှိ မှာတော့ ပညာရှင် တွေဟာ ဒီ ဥက္ကာတွင်း ကြီးရဲ့ ကြမ်းပြင်ကို တူးဖော်ပြီး ကျောက်သား နမူနာ ယူဖို့ ကြိုးပမ်းနေ ကြပါတယ်။ ဒီ တူးဖော်မှုကို နောက်နှစ် ၂၀၂၄ မှာ ပြုလုပ် နိုင်မယ်လို့ ဆိုပါတယ်။ 

ဒီ တွေ့ရှိမှုကြောင့် ထပ်မံ ပေါ်ပေါက်လာတဲ့ မေးခွန်းကတော့ ဒီလို Chicxulub နဲ့ အတူ ကမ္ဘာကို ဝင်တိုက်မိ ခဲ့ကြတဲ့ ဥက္ကာခဲ တွေ ဘယ်လောက်တောင် များမလဲ​ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ဒီလိုသာ ပင်မ ဥက္ကာခဲ ကြီးနဲ့ အတူ အရွယ် ကြီးမားတဲ့ ဥက္ကာခဲ အများအပြား ကမ္ဘာကို တချိန်တည်းမှာ ဝင်တိုက်ခဲ့ ကြတယ် ဆိုတာကို သက်သေ ပြနိုင်ရင်တော့ ဒိုင်နိုဆော တွေဟာ ဥက္ကာပျံ တိုက်မိခဲ့လို့ မျိုးတုန်း ခဲ့ရတယ် ဆိုတဲ့ သီအိုရီ ပိုမို ခိုင်မာသွားမှာ ဖြစ်တယ်လို့ ပညာရှင် တွေက ယုံကြည် ကြပါတယ်။

Ref: Not one, but two asteroids might have slain the dinosaurs | Science News

error: