Skip to content

ဒိုင်နိုဆောတွေ ကွယ်ပျောက်ခဲ့တဲ့ ကပ်ကြီးကို ပိုးဟတ်တွေ ဘယ်လို ရှင်သန်ခဲ့ကြသလဲ

Asteroid causes mass extinction of dinosaurs

လွန်ခဲ့တဲ့ နှစ် ၆၆ သန်းခန့်က ချစ်ဇူလပ် (Chicxulub asteroid) လို့ အမည် ပေးထားတဲ့ ဧရာမ ဥက္ကာခဲ ကြီးဟာ ကမ္ဘာကို ဝင်တိုက် ခဲ့ပါတယ်။ ဒီ ဥက္ကာခဲ ကြီး ဝင်တိုက်မိမှုကြောင့် ဒိုင်နိုဆောတွေ အပါအဝင် မြောက်မျာလှ စွာသေ သက်ရှိမျိုးနွယ်တွေ မျိုးတုန်း ပျောက်ကွယ် ခဲ့ရပါတယ်။

ဒါပေမယ့် ဒီ ကပ်ကြီးထဲမှာ မသေမပျောက်ပဲ ကျန်ရစ်ခဲ့တဲ့ သတ္တဝါ မျိုးနွယ်တွေလဲ ကျန်ရှိ ခဲ့ကြပါတယ်။ ဒီအထဲမှာ မပျောက်ကွယ်ပဲ ကျန်ရှိတဲ့ သတ္တဝါ တစ်မျိုးကတော့ ပိုးဟတ် တွေပဲ ဖြစ်ကြပါတယ်။

ဒီနေရာမှာ မေးစရာ ရှိလာတာက အလွန် ကြီးမား သန်မာတဲ့ ဒိုင်နိုဆောလို သတ္တဝါ ကြီးတွေတောင် မျိုးတုန်း သွားခဲ့ပြီး လက်မလောက် ရှိတဲ့ ပိုးဟတ်တွေက အသက်ရှင် ကျန်ရစ်ခဲ့တယ် ဆိုတာ ဖြစ်နိုင် ပါ့မလား ဆိုတာပါပဲ။

ဒီမေးခွန်းနဲ့ ပတ်သက်ပြီး သိပ္ပံ ပညာရှင် များက ဖြေရှင်းနိုင်ဖို့ ကြိုးစားခဲ့ ကြပါတယ်။ သုတေသီ တွေရဲ့ အဆိုအရ ပိုးဟတ်တွေရဲ့ ကိုယ​်ခန္ဓာ ဖွဲ့စည်းပုံဟာ သူတို့ အသက်ရှင် ရပ်တည်နိုင်ဖို့ အရေးပါတယ်လို့ ဆိုကြပါတယ်။

ဆက်စပ်ဆောင်းပါး – ဒိုင်နိုဆောများ မျိုးတုန်း ပျောက်ကွယ် ခဲ့စဉ်က

ပိုးဟတ်တကောင်ကို လေ့လာကြည့်ရင် သူတို့ရဲ့ ကိုယ်ခန္ဓာဟာ ခပ်ပြားပြား ဖြစ်နေတာကို သတိပြုမိ ကြမှာပါ။ ဒီလို ပြား နေတဲ့ အတွက် ပိုးဟတ်တွေဟာ ချောင်ကြိုချောင်ကြား တွေမှာ အလွယ်တကူ ပုန်းခို နေနိုင် ကြပါတယ်။ ဒီအချက် ကပဲ ပိုးဟတ်တွေ အတွက် သဘာဝ ကပ်ဘေးကြီး တွေကို ကျော်လွှားနိုင်တဲ့ စွမ်းဆောင်ရည်ကို ရရှိ လာစေပါတယ်။

နောက်ပြီး ပိုးဟတ်တွေဟာ လှုပ်ရှားမှုလဲ အလွန် ပေါ့ပါး လျှင်မြန် ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ သူတို့ အရွယ်နဲ့ မလိုက်အောင်လဲ သန်မာပြီး အကြမ်း ခံနိုင်ရည် ရှိကြပါတယ်။

ကမ္ဘာကို ကမ္ဘာဖျက် ဥက္ကာခဲကြီး ဝင်ဆောင့် မိမှုကြောင့် ကမ္ဘာကို ပျက်စီးစေမယ့် အဖြစ်အပျက်တွေ ဆင့်တိုက် ဆင့်ပွား ဖြစ်ပွားခဲ့ ပါတယ်။ 

ဥက္ကာပျံ တိုက်မိ ပြီး သိပ်မကြာမီ မှာပဲ ကမ္ဘာ့ လေထု အပူချိန်ဟာ ရုတ်တရက် မြင့်တက်လို့ သွားခဲ့ပါတယ်။ ဒီလို ပူပြင်းတဲ့ အပူဒါဏ်ကနေ လွတ်အောင် ပုန်းခိုဖို့ ဆိုတာ သတ္တဝါ အများစု အတွက် မလွယ်ကူ လှပါဘူး။ ဒါပေမယ့် ပိုးဟတ်တွေ အတွက်ကတော့ မြေပပ်ကြား အက်တွေ အကြားက နေရာလေးတွေ ကြားထဲမှာ အလွယ်တကူပဲ ပုန်းခို နေနိုင်ကြပါတယ်။ 

ဆက်စပ်ဆောင်းပါး – ဒိုင်နိုဆောတွေကို မျိုးတုန်းစေခဲ့တဲ့ ဥက္ကာခဲကြီး ဘယ်ကရောက်လာလဲ

ဥက္ကာပျံ ဝင်တိုက်မှုကြောင့် ဖုန်မှုန့် အမြောက်အများ ကမ္ဘာ့လေထုထဲ ပြန့်လွင့်သွားပြီး နေရောင် မကျရောက် နိုင်အောင် တားဆီး ပိတ်ပင် ထားလိုက်ပါတယ်။ ကမ္ဘာ့ကြီး မှောင်လဲ လာတာနဲ့ အမျှ အပူချိန် ဟာလဲ ထိုးကျ သွားပါတယ်။

အကျိုးဆက် ကတော့ ကမ္ဘာတဝန်းမှာ ဆိုးရွားတဲ့ ဆောင်းရာသီနဲ့ ကြုံတွေ့ရ ခြင်းပဲ ဖြစ်ပါတယ်။

နေရောင် ကျရောက်မှု အရမ်း နည်းပါး သွားတာမို့ အပင်တွေ အများစုလဲ​သေဆုံးကုန် ကြရပါတယ်။ ဒီ အပင်တွေ သေဆုံး ကုန်တာနဲ့ အတူ အပင်တွေကို မှီခိုရှင်သန် နေကြတဲ့ သတ္တဝါ တွေ လိုက်ပါ သေဆုံးကုန် ကြပါတယ်။

ဒါပေမယ့် ပိုးဟတ်တွေ ကတော့ ဒီအထဲ မပါ ခဲ့ပါဘူး။ အခြားသော ပိုးမွှားတွေနဲ့ ပိုးဟတ်နဲ့ မတူတာ ကတော့ အခြား ပိုးမွှား အများစုဟာ အပင် မျိုးစိတ် တစ်ခုထဲကို မှီခို ရှင်သန် ကြတာဖြစ်ပြီး ပိုးဟတ်တွေ ကတော့ တွေ့ကရာ စားတဲ့ ပိုးမွှားတွေ ဖြစ်နေ တာပဲ ဖြစ်ပါတယ်။

တနည်းအား ဖြင့်တော့ ပိုးဟတ်တွေဟာ အပင်က ရတဲ့ အစာဖြစ်စေ၊ အခြား တိရိစ္ဆာန် တွေက ရတဲ့ အစာကိုပဲ ဖြစ်စေ ရရာကို စားသုံး ပြီး အသက်ရှင် နေထိုင် နိုင်စွမ်း ရှိကြတာပဲ ဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါး – နှစ် ၉၉ သန်းကျော်က ဒိုင်နိုဆောသွေး စုပ်ထားတဲ့ လှေး မြန်မာပြည်က ပယင်းကျောက်ထဲမှာ ရှာတွေ့

ဒီလို အစုံစားပြီး အသက်ရှင်နိုင်စွမ်း ရှိတဲ့ ပိုးဟတ်တွေဟာ အစာရေစာ ရှားပါးမှု ဒါဏ်ကို အခြား သတ္တဝါတွေထက် ပိုပြီး ခံနိုင်ရည် ရှိကြပါတယ်။ 

ဒီ အချက်ကြောင့်ပဲ ပိုးဟတ်တွေဟာ ကမ္ဘာဖျက် ကပ်ကြီးတွေကို တစ်ခုမက အောင်မြင်စွာ ကျော်လွှားနိုင် ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ပိုးဟတ်တွေရဲ့ နောက်ထပ် ရှင်သန်နိုင်စွမ်းရည် တခုကတော့ သူတို့ဟာ သူတို့ရဲ့ ဥတွေကို အိတ်ခွံလေးလို အိမ်လေးတွေ ထဲမှာ ဥကြတာပဲ ဖြစ်ပါတယ်။ ဒီလို ဥ အပြင်ဖက်က အခွံမာ အိတ်ကလေးတွေ ရှိတာကြောင့်လဲ ပိုးဟတ်ဥ တွေဟာ တော်ရုံတန်ရုံ ထိခိုက်မှု ဒါဏ်ကို ခံနိုင်ရည် ရှီကြပါတယ်။

ယနေ့ခေတ် တွေ့မြင်ရတဲ့ ပိုးဟတ်တွေကို ကြည့်မယ် ဆိုရင်လဲ သူတို့ဟာ ကမ္ဘာ့နေရာ ဒေသ အနှံ့အပြားမှာ ကြံကြံခိုင်ခိုင် အသက်ရှင် နေထိုင် နိုင်စွမ်း ရှိကြတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ 

ပူပြင်းစွတ်စိုတဲ့ အပူပိုင်း အီကွေတာ ဒေသတွေကနေ အလွန် ချမ်းအေးလှတဲ့ ဆိုက်ဘေးရီးယားလို ဒေသ တွေအထိ နေရာ အနှံ့အပြားမှာ အသက်ရှင် နေထိုင် နိုင်ကြတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါး – တစ်ရက် ဥက္ကာပျံ ဘယ်နှစ်စင်း ကမ္ဘာကို လာမှန်သလဲ

သိပ္ပံ ပညာရှင် တွေရဲ့ ခန့်မှန်းချက် အရ လက်ရှိ ကမ္ဘာပေါ်မှာ ပိုးဟတ် မျိုးစိတ်ပေါင်း ၄,၀၀၀ ကျော် ရှိမယ်လို့ ခန့်မှန်း ကြပါတယ်။

ပိုးဟတ်တွေကို ပိုးသတ်ဆေးနဲ့ ရှင်းလင်ဖို့ ဆိုတာလဲ အတော်လေး ခက်ခဲတာကို သတိပြုမိ ကြမှာပါ။ သူတို့ဟာ ပိုးသတ်ဆေး တွေမှာပါတဲ့ ဓါတု ပစ္စည်း တွေကိုလဲ အတော်လေး ခံနိုင်ရည် ရှိကြတာကို တွေ့ရှိ ကြရပါတယ်။ ဒီစွမ်းရည် ကလဲ ကမ္ဘာဖျက် ကပ်တွေကို ကျော်လွှားနိုင်စေတဲ့ စွမ်းရည် တစ်ခု ဖြစ်ပါတယ်။

သိပ္ပံ ပညာရှင် တွေက အကယ်လို့သာ အခုနေ ကြီးမားတဲ့ ဥက္ကာခဲကြီး တစ်ခု ကမ္ဘာကို ဝင်ဆောင့်ခဲ့ရင် လူတွေသာ မျိုးတုန်း ပျက်စီး သွားရင် သွားမယ်၊ ပိုးဟတ်တွေ ကတော့ မျိုးတုန်းသွားမှာ မဟုတ်ဘူးလို့ ယုံကြည် ကြပါတယ်။

တနည်းအားဖြင့် ပြောရရင် ပိုးဟတ်တွေဟာ ကမ္ဘာဖျက် ဘေးရန်တွေကို ကျော်လွှားနိုင်ဖို့ သဘာဝ တရားက ဖန်တီး ပေးထားတဲ့ သတ္တဝါ တွေပဲ ဖြစ်ကြပါတယ်။

Ref: How Cockroaches Survived the Asteroid That Led to the Extinction of Dinosaurs | SciTech Daily

error: