Skip to content

သင့်ပတ်ဝန်းကျင်က သက်ရှိထင်ရှား ဒိုင်နိုဆော မျိုးဆက်များ

  • Health
dinosaurs

ရုတ်တရက် ဆိုရင်တော့ ထင်စရာ လုံးဝကို မရှိတာပါ။ ဒါပေမယ့် သင်နေ့တိုင်း အစာကျွေး နေတဲ့ ခိုလေးတွေ၊ စာကလေး တွေဟာ တကယ်တော့ ဒိုင်နိုဆော တွေကနေ ဆင်းသက်လာ ကြတဲ့ ဒိုင်နိုဆော မျိုးဆက်သစ်တွေ ဖြစ်ကြပါတယ်။

အားလုံး နားလည် ထားကြတာက လွန်ခဲ့တဲ့ နှစ်သန်း ၆၆ သန်း တုန်းက ကမ္ဘာကို ဝင်ဆောင့်ခဲ့တဲ့ ဥက္ကာခဲ ကြီးကြောင့် ဒိုင်နိုဆောတွေ မျိုးတုန်း ပျောက်ကွယ် ခဲ့ရတယ် ဆိုတာပါပဲ။

ဒါပေမယ့် ဒီ အချက်ဟာ ၁၀၀% တော့ မမှန်ပါဘူး။ ဒီ ဥက္ကာခဲ ကြီးကြောင့် ကုန်းနေ ဒိုင်နိုဆောတွေ အားလုံး ပျက်သုန်း သွားရပေမယ့် မပျက်သုန်းပဲ ကျန်နေခဲ့တဲ့ ဒိုင်နိုဆော မျိုးစိတ်အချို့ ကျန်ရစ် ခဲ့ပါတယ်။

ဒီ ကြွင်းကျန် ရစ်ခဲ့တဲ့ ဒိုင်နိုဆော တွေကနေ တဖြည်းဖြည်း ပြောင်းလဲလာပြီး ယခုခေတ် မြင်တွေ့ရတဲ့ ငှက်တွေ ဖြစ်လာကြတာ ဖြစ်ပါတယ်။

ငှက်တွေဟာ ဒိုင်နိုဆောတွေ ကနေ ဆင်းသက်လာ ခဲ့တာလို့ အချို့သော ပညာရှင် တွေက ယူဆခဲ့ ကြတာတော့ ကြာပါပြီ။ ဒါပေမယ့် ဒိုင်နို ဆော တွေကနေ ငှက်တွေ ဖြစ်လာတယ် ဆိုတဲ့ ခိုင်မာတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အထောက် အထားတွေ ထွက်ပေါ်လာ ခဲ့တာကတော့ သိပ်ပြီး မကြာလှ သေးပါဘူး။

Rooster Chicken
သင်နေ့တိုင်း စားနေတဲ့ ကြက်တွေဟာ တကယ်တော့ ဒိုင်နိုဆော တွေကနေ ဆင့်ကဲ ပေါက်ဖွားလာတာ ဖြစ်ပါတယ် (Image by Xuân Tuấn Anh Đặng from Pixabay)

ဒီလို သက်သေ အထောက်အထား ပေါ်ထွက်လာ ခဲ့တာ သိပ်မကြာ လှသေးပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ် ပေါင်းများစွာ အတွင်း ပြုလုပ်ခဲ့တဲ့ သုတေသန အားလုံး က အထောက်အထား တွေကို ပေါင်းစပ်ကြည့် လိုက်တဲ့ အခါမှာတော့ ဒိုင်နိုဆော တွေကနေ ငှက်တွေ ဆင်းသက်လာတယ် ဆိုတာကို ပညာရှင် အများစု လက်ခံ ယုံကြည် နေပြီ ဖြစ်ပါတယ်။

အရင် တချိန်က ဒိုင်နိုဆော တွေကို ဖွတ်တို့၊ ပဒတ် တို့လို တွားတွား သတ္တဝါ အကြီးစား တွေလို့တောင် မှတ်ယူ ခဲ့ကြပါတယ်။

ဒါပေမယ့် အခုအချိန် မှာတော့ ပညာရှင် တွေက ဒိုင်နိုဆော တွေဟာ သူ့ဟာသူ ထူးခြားတဲ့ ဝိသေသ လက္ခဏာ တွေ ပိုင်ဆိုင်တဲ့ သတ္တဝါတွေ ဖြစ်တယ် ဆိုတာ လက်ခံ ထားကြပါတယ်။

ဒိုင်နိုဆော တခေတ်ဆန်းချိန် (Dinosaur renaissance)

အခု ကာလကို ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင် တွေက ဒိုင်နိုဆော ခေတ်ဆန်းချိန် (dinosaur renaissance) လို့ တင်စား ခေါ်ဝေါ် ကြပါတယ်။

ဒီ ခေတ်ဆန်းဟာ ၁၉၆၀ ပြည့်နှစ်တွေ တဝိုက်မှာ ဒိုင်နိုနီးခတ်စ် (Deinonychus) လို့ ခေါ်တဲ့ အသားစား ဒိုင်နိုဆော အငယ်လေးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေ တွေ့ရှိ ချိန်က စခဲ့ပါတယ်။ ဒီ ဒိုင်နိုဆောဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၅ သန်း ခန့်က အသက်ရှင် နေထိုင် ခဲ့ကြတာ ဖြစ်ပါတယ်။

Deinonychus
Deinonychus ဒိုင်နိုဆောဟာ ငှက်နဲ့ အတော်လေး ဆင်တူပါတယ် (Credit: Emily Willoughby | Wikipedia)

ဒီ ဒိုင်နိုဆောမှာ ယနေ့ခေတ် ငှက်တွေနဲ့ တူညီတဲ့ အချက် အများအပြားကို တွေ့ကြရ ပါတယ်။ နောက်ပြီး ဒီ အကောင်လေးဟာ အလွန် လျှင်မြန်စွာ လှုပ်ရှား သွားလာ နိုင်တာကိုလဲ တွေကြရ ပါတယ်။ သူဟာ ဉာဏ်ရည် မြင့်မားပြီး အုပ်စုဖွဲ့ ကျက်စား ကြတယ်လို့လဲ ယုံကြည် ရပါတယ်။

နောက်ထပ် တွေ့ရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေနဲ့ အခြားသော အချက်အလက် တွေကလဲ ဒိုင်နိုဆောနဲ့ ငှက်တွေရဲ့ ဆက်စပ်မှုကို ထောက်ခံ နေပါတယ်။ ငှက်တွေမှာ တွေ့ရတဲ့ ထူးခြားတဲ့ ကိုယ်ခန္ဓာ ဖွဲ့စည်း တည်ဆောက်ပုံ နဲ့ အမူအကျင့် တွေကို ဒိုင်နိုဆော တွေမှာလဲ တွေ့ကြ ရပါတယ်။

ဒိုင်နိုဆောမှာ ငှက်မွေးတွေနဲ့ အုပ်ထားသလား

ရှေးဟောင်း ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းတွေ ထဲမှာ အံ့အားသင့် စရာ အကောင်းဆုံး ရှာဖွေ တွေ့ရှိ မှုကတော့ ငှက်မွှေးလို အမွှေးတွေနဲ့ ဖုံးအုပ်ထားတဲ့ ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်း တူးဖော် တွေ့ရှိမှုပဲ ဖြစ်ပါတယ်။ 

ဒီ တွေ့ရှိမှုဟာ သိပ္ပံ ပညာရှင် အတော်များများရဲ့ ဒိုင်နိုဆော နဲ့ ငှက်တွေ ဆက်စပ်မှု အပေါ် ထားရှိတဲ့ သဘောထားကို ပြောင်းလဲ သွားစေ ခဲ့ပါတယ်။

Sinosauropteryx dinosaur
Sinosauropteryx ဒိုင်နိုဆောရဲ့ ကိုယ်မှာ ငှက်မွှေးနဲ့ ဆင်ဆင်တူတဲ့ အမွှေးတွေ ဖုံးအုပ်ထားတာကို တွေ့ကြရ ပါတယ် (Sam / Olai Ose / Skjaervoy from Zhangjiagang, China | Wikipedia)

ယနေ့ခေတ် ပညာရှင်တွေက အသားစား ဒိုင်နိုဆော ပုံတွေ ပြန်ဆွဲ ကြတဲ့ အခါ အတော်များများက ငှက်တွေနဲ့ အတော်တူအောင် ဆွဲကြပါတယ်။ ဒီပုံတွေကို ၁၉ ရာစုခေတ်က ဒိုင်နိုဆော သုတေသီ တွေကို သွားပြခဲ့ရင် ရီကြမှာပဲ လို့ ဒိုင်နိုဆော သုတေသီ တစ်ဦးဖြစ်သူ ပါမောက္ခ ပေါလ်ဘာရေး (Prof Paul Barrett) က ရှင်းပြပါတယ်။

အခု ပညာရှင်တွေ မြင်တဲ့ ဒိုင်နိုဆော ပုံသဏ္ဍာန်ဟာ ၁၉၅၀ ဝန်းကျင်က သုတေသီတွေ မြင်တဲ့ ခပ်လေးလေး တွားသွား သတ္တဝါ တွေပုံနဲ့ အတော်လေး ကွာသွားပါပြီ။ ခုမြင်တာက သွက်သွက် လက်လက် နဲ့ စိတ်လှုပ်ရှား စရာ သတ္တဝါ တွေ အဖြစ် မြင်တာပါ လို့ သူက ဆက် ရှင်းပြပါတယ်။

Theropods

 ဒိုင်နောနီးခတ်စ် (Deinonychus) မျိုးစိတ်ဝင် ဒိုင်နိုဆော တွေဟာ သီရိုပေါ့တ် (theropod) ခေါ်တဲ့ ခြေနှစ်ချောင်းထောက် ဒိုင်နိုဆော အမျိုးအစား ဖြစ်ပါတယ်။ ဒီ ဒိုင်ဆို ဆောတွေဟာ အသားစား သတ္တဝါတွေ ဖြစ်ပါတယ်။ 

ဒီ အုပ်စု ထဲမှာ ပါဝင်တဲ့ ထင်ရှားတဲ့ အသားစား ဒိုင်နိုဆော ကတော့ ရုပ်ရှင်တွေထဲ အမြဲ ပါလေ့ရှိတဲ့ T-Rex (Tyrannosaurus rex) ပဲ ဖြစ်ပါတယ်။ 

ဒါပေမယ့် ငှက်တွေဟာ T-Rex တွေကနေ ဆင်းသက်လာ တာတော့ မဟုတ်ပါဘူး။ ဒီ သီရိုပေါ့တ် အုပ်စုထဲက ဒိုင်နိုဆော အကောင်ငယ် လေးတွေကနေ ဆင်းသက်လာ ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ သီရိုပေါ့တ် တွေနဲ့ ပတ်သက်တဲ့ အသိအမြင်ဟာ ကျောက်ဖြစ်ရုပ်ကြွင်း အသစ်တွေ ရှာဖွေ တွေ့ရှိ တာနဲ့ အမျှ အမြဲတမ်း ပြောင်းလဲ နေပါတယ်။

လေမှာ ပျံနိုင်တဲ့ အာခီအော့တရက်စ် (Archaeopteryx) တွေ မပေါ်ပေါက် မီ အစောပိုင်း ကတဲက  ဒိုင်နိုဆောတွေမှာ ငှက်နဲ့ တူတဲ့ သွင်ပြင် လက္ခဏာတွေ ပေါ်ထွန်းလာ ကြတာကို သိပ္ပံ ပညာရှင်တွေ သတိ ပြုမိ ခဲ့ကြပါတယ်။

Archaeopteryx flying dinosaur
Archaeopteryx ဟာ ပျံသန်းနိုင်တဲ့ ဒိုင်နိုဆော ဖြစ်ပြီး သူကနေ ငှက်တွေ ဆင်းသက် လာခဲ့တယ်လို့ ယူဆ ကြပါတယ် (Credit: Natural History Museum | London)

ဒီ အာခီအော့တရက်စ် တွေဟာ ဂျူရာ့ဆစ် ကာလ (Jurassic period) အတွင်း ပေါ်ပေါက်ခဲ့တဲ့ ပထမဆုံး ငှက်တွေ ဖြစ်တယ်လို့ ပညာရှင် တွေက ယူဆ ထားကြပါတယ်။

ဒီ မြေလျှောက် ခြေနှစ်ချောင်းထောက် သီရိုပေါတ် တွေကနေ လေမှာပျံတဲ့ ဒိုင်နိုဆောတွေ အဖြစ် ပြောင်းလဲမှုဟာ လွန်ခဲ့တဲ့ နှစ်သန်း ၁၆၀ ခန့်က ဖြစ်ခဲ့တယ်လို့ ပညာရှင် တွေက ယူဆ ကြပါတယ်။

အချို့သော သီရိုပေါ့တ် အကောင်ငယ် လေးတွေက အပင်တွေပေါ် တွယ်တက်ပြီး အစာရှာ ကြရာကနေ ဒီလို လေမှာပျံဝဲနိုင်တဲ့ ဒိုင်နိုဆော တွေအဖြစ် ဆင့်ကဲပြောင်းလဲမှု (evolution) ဖြစ်စဉ် အစပျိုး ခဲ့တာ ဖြစ်နိုင်တယ်လို့ အချို့ ပညာရှင် တွေက မှန်းဆ ကြပါတယ်။

ကိုယ်ခန္ဓာ ကျုံ့သွားခြင်း

သီရိုပေါ့တ် ဒိုင်နိုဆော တွေရဲ့ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ် တလျှောက်မှာ အချို့သော သီရိုပေါ့တ် တွေရဲ့ ကိုယ်ခန္ဓာဟာ တဖြည်းဖြည်း သေးငယ် သွားကြပါတယ်။ ဒီဖြစ်စဉ်က နေ့ခြင်းညခြင်းတော့ ဖြစ်လာတာ မဟုတ်ပါဘူး။

ဒီလို ကိုယ်ခန္ဓာ တဖြည်းဖြည်း သေးငယ် သွားတဲ့ ဆင့်ကဲ ပြောင်းလဲမှုနဲ့ အတူ ဖြစ်ပေါ်ခဲ့တဲ့ အခြားသော ဆင့်ကဲ ပြောင်းလဲ မှုတွေက နောက်ဆုံးမှာ ဒီ သီရိုပေါ့တ် ဒိုင်နိုဆော အချို့ကို ငှက်တွေ အဖြစ် ပြောင်းလဲ သွားစေ ခဲ့တာပါ။

၁၉၉၆ ခုနှစ်မှာ ငှက်မွှေးပါတဲ့ ဒိုင်နိုဆောကို ပထမဆုံး တူးဖော် တွေ့ရှိ ခဲ့ပါတယ်။ အဲ့သည် နောက်မှာတော့ ဒီလို ငှက်မွေးပါတဲ့ ဒိုင်နိုဆောတွေ ဆက်တိုက် ဆိုသလို ရှာဖွေ တွေ့ရှိ လာခဲ့ ကြပါတယ်။

ဒီ တွေ့ရှိချက် တွေအရ ဒိုင်နိုနီးခတ်စ် တွေဟာ အရင်က ယူဆခဲ့ သလိုမျိုး အကြေးခွံ တွေနဲ့ ဖုံးအုပ်ထားတာ မဟုတ်ပဲ ငှက်မွှေး (feather) တွေနဲ့ ဖုံးအုပ်ထားတယ် ဆိုတာ တွေ့ရှိ လာရပါတယ်။

Rahonavis dinosaur
Rahonavis dinosaur ဟာ ငှက်နဲ့ ချွတ်ဆွတ် တူပေမယ့် မပျံနိုင် ပါဘူး (Credit: Nobu Tamura | Wikipedia)

ရှေးအကျဆုံး ငှက် ကျောက်ဖြစ်ရုပ်ကြွင်းဟာ သက်တမ်းအားဖြင့် နှစ်သန်း ၁၅၀ လောက် ရှိပါပြီ။  

ပထမဆုံး မျိုးဆက်ထဲ ပါဝင်တဲ့ ဒီ ငှက်တွေဟာ ငှက်မွှေးတွေနဲ့ ဖုံးအုပ်ထားတဲ့ ဒိုင်နိုဆော အငယ်စား လေးတွေနဲ့ တူနေပါတယ်။ သူတို့ရဲ့ ပါးစပ်ထဲမှာ ချွန်ထက်တဲ့ သွားတွေ ပါဝင်နေတုန်း ဖြစ်ပါတယ်။ 

ဒါပေမယ့် တဖြည်းဖြည်း ငှက်တွေရဲ့ ပါးစပ်ထဲက သွားတွေ ပျောက်ဆုံးကုန်ပြီး ဒီ့အစား နှုတ်သီး တွေအဖြစ် ပြောင်းလဲ သွားပါတယ်။

ဒိုင်နိုဆောခေတ် ကုန်ဆုံးခြင်း

ဒိုင်နိုဆောတွေ ကမ္ဘာကို ကြီးစိုးခဲ့တဲ့ ခေတ်ဟာ နှစ်သန်း ၁၄၀ လောက် ကြာမြင့် ခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် ၆၆ သန်းခန့်က ကမ္ဘာကို ဝင်တိုက်မိ ခဲ့တဲ့ ဥက္ကာပျံ ကြီးကြောင့် ဒိုင်နိုဆောတွေ မျိုးတုန်း ကွယ်ပျောက် ခဲ့ရပါတယ်။

ဒါပေမယ့် ဒိုင်နိုဆော အနွယ်ဝင် ငှက်တွေ ကတော့ ကျန်ရစ် ခဲ့ကြပါတယ်။

အဲ့သည်ကာလ နောက်ပိုင်း နှစ်ပေါင်း ၆၆ သန်း ကာလ အတွင် ငှက်တွေဟာ အသွင်းသဏ္ဍာန် မျိုးစုံနဲ့ ဆင့်ကဲ ပြောင်းလဲ ခဲ့ကြပါတယ်။ ယနေ့ခေတ် မှာတော့ ကမ္ဘာပေါ်မှာ ငှက်မျိုးစိတ်ပေါင်း ၁၁,၀၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

ဒါဆို မေးစရာ ရှိတာက ဒိုင်နိုဆောတွေ ကွယ်ပျောက် သွားပေမယ့် ဘာလို့ ငှက်တွေကျတော့ ကျန်နေတာလဲ ဆိုတာပဲ ဖြစ်ပါတယ်။

ဒီ အဖြေကို သိပ္ပံ ပညာရှင် တွေ အနေနဲ့ တိတိကျကျတော့ အဖြေပေးနိုင်ခြင်း မရှိ သေးပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေ ရှိတာကတော့ ငှက်တွေရဲ့ သွေးငယ်တဲ့ ကိုယ်ခန္ဓာ အရွယ်အစား၊ အစားအသောက် သိပ်မရွေးပဲ အစုံ စားနိုင်တဲ့ အမူအကျင့် နဲ့ လေပေါ် ပျံသန်း နိုင်ခြင်းတွေက ငှက်တွေကို ဒိုင်နိုဆော ကပ်ကြီးကနေ လွတ်မြောက်အောင် အကူအညီ ပေးခဲ့တယ်လို့ ယူဆ ကြပါတယ်။

Ref:
How dinosaurs evolved into birds
Why are birds the only surviving dinosaurs?

error: