Skip to content

ကမ္ဘာ့သမိုင်း၏ အဆိုးရွားဆုံး မျိုးတုန်းမှုကြီး

  • Earth
Permian ခေတ်နှောင်း ကာလမှာ မီးတောင်များ ပေါက်ကွဲမှုကြောင့် သမိုင်းမှာ အကြီးမားဆုံး သက်ရှိတို့ မျိုးတုန်းမှုကြီး ဖြစ်ခဲ့ရပါတယ် (Credit: PaleoFactory, Sapienza University of Rome for Jurikova et al., Nature Geoscience 2020.)

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၆ သန်း ခန့်က ဥက္ကာပျံ ကြီးတစ်စင်း ကမ္ဘာကို ဝင်ဆောင့်ခဲ့ ရာက ဒိုင်နိုဆောတွေ မျိုးတုန်း ပျောက်ကွယ် ခဲ့ရတဲ့ ဖြစ်ရပ်ကို အတော် များများ သိကြမှာပါ။ ဒီဖြစ်ရပ်ကြောင့် ဒိုင်နိုဆော တွေအပြင် အခြား သက်ရှိ မျိုးနွယ်စု အမြောက်အများလဲ မျိုးတုံး ပျက်စီး ခဲ့ကြပါတယ်။ 

ဒါပေမယ့် ဒီ ဒိုင်နိုဆောတွေ မျိုးတုန်း ခဲ့ရတဲ့ မျိုးတုန်းမှု ဖြစ်စဉ်ဟာ ကမ္ဘာ့ သမိုင်းမှာ အဆိုးရွားဆုံး မျိုးတုန်းမှု ဖြစ်စဉ်တော့ မဟုတ်ပါဘူး။ 

ဒိုင်နိုဆော မျိုးတုန်းမှု မတိုင်မီ လွန်ခဲ့တဲ့ နှစ်သန်း ၂၅၁.၉ သန်း ခန့်က ဖြစ်ခဲ့တဲ့ သက်ရှိတွေ မျိုးတုန်း ပျောက်ကွယ် သွားခဲ့မှု ကြီးဟာ ကမ္ဘာ့ သမိုင်းမှာ အဆိုးရွားဆုံး မျိုးတုန်းမှု  ဖြစ်စဉ်ကြီး ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒီ မျိုးတုန်းမှု ကြီးကို ပါမီယန် ခေတ်ဆုံး မျိုးတုန်းမှု (end-Permian mass extinction) သို့ မဟာသေဆုံးမှုကြီး (the Great Dying) လို့ ခေါ်ကြပါတယ်။ ဒီ ဖြစ်စဉ်ဟာ သမိုင်းတလျှောက် ဖြစ်ခဲ့တဲ့ သက်ရှိတွေရဲ့ မျိုးတုန်း ပျောက်ကွယ်မှု ဖြစ်စဉ်တွေ ထဲမှာ အဆိုးရွားဆုံး ဖြစ်ပြီး ကမ္ဘာပေါ်က ရေနေ သက်ရှိ မျိုးနွယ်စု တွေရဲ့ ၉၀ ရာခိုင်နှုန်းနဲ့ ကုန်းနေ သတ္တဝါ မျိုးစု တွေရဲ့ ၇၅ ရာနှုန်းလောက် မျိုးတုန်း ပျောက်ကွယ် သွားခဲ့ရပါတယ်။

ဒီ ဖြစ်စဉ်ဟာ အဲ့သည် အချိန်က ဆိုက်ဘေးရီးယား ဒေသ (ယခု ရုရှား နိုင်ငံ ဆိုက်ဘေးရီးယား ဒေသ) မှာ ရှိတဲဲ့ မီးတောင် ပေါက်ကွဲ မှုတွေကြောင့် ဖြစ်လာ ခဲ့တယ်လို့ ယူဆခဲ့ ကြပါတယ်။ ဒါပေမယ့် အခုအချိန်ထိ ဒီ ယူဆချက်ကို သက်သေ ပြနိုင်မယ့် အထောက်အထား ရှာမတွေ့ခဲ့ သေးပါဘူး။ 

ဒါ့အပြင် ဒီလို မီးတောင် ပေါက်ကွဲမှု ကနေ ဘယ်လိုလုပ်ပြီး ဒီလောက် များပြားတဲ့ သတ္တဝါတွေ ပျက််စီး ဆုံးရှုံး ခဲ့ရ သလဲ ဆိုတာကိုလဲ​ပညာရှင်တွေ စဉ်းစား လို့ မရခဲ့ ကြပါဘူး။

လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းက Nature Communications သုတေသန ဂျာနယ်မှာ ဒီ မျိုးတုန်း ပျောက်ကွယ်မှု နဲ့ ပါတ်သက်တဲ့ သုတေသန တွေ့ တစ်ရပ်ကို တင်ပြ ခဲ့ ကြပါတယ်။ 

ဒီ သုတေသန အရ ဆိုက်ဘေးရီးယား ဒေသက မီးတောင်တွေ အမြောက်အများ ပေါက်ကွဲမှု ဖြစ်စဉ်မှာ ထွက်လာတဲ့ နစ်ကယ် အမှုန်လေးတွေ လေထုထဲနဲ့ ရေထဲ အမြောက်အများ ကျရောက်ပြီး ကြီးမားတဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီး မှုတွေ ဖြစ်ပေါ် လာခဲ့တယ်လို့ ဆိုပါတယ်။

ကနေဒါ မြောက်ပိုင်း အာတိတ် ဒေသက ဘူချနန် ကန်ကြီး (Buchanan Lake) ထဲမှာ ပါမီယန် ခေတ်နှောင်း (late Permian) ကာလက အနည်ကျ ခဲ့တဲ့ အနည်ကျ ကျောက်တွေကို လေ့လာပြီး အခု ကောက်ချက်ကို ချခဲ့ကြတာ ဖြစ်ပါတယ်။ ဒီ အနည်ကျ ကျောက်တွေ ထဲမှာ အပေါ့ပါး ဆုံးသော နီကယ် အိုင်ဆိုတုပ် တွေကို အများအပြား တွေ့ရှိခဲ့ ရပါတယ်။ 

(အိုင်ဆိုတုပ် ဆိုတာက ဒြပ်စင် တူပေမယ့် အလေးချိန် မတူတဲ့ ဒြပ်စင်တွေကို ခေါ်တာ ဖြစ်ပါတယ်။ အခု တွေ့ရ တဲ့ နစ်ကယ်ဟာ နစ်ကယ် ဒြပ်စင် တွေထဲမှာ အပေါ့ပါးဆုံး အက်တမ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။)

ပညာရှင် တွေက ဒီ နစ်ကယ်တွေဟာ လေထုထဲကို ပျံ့လွင့်လာတဲ့ နစ်ကယ် အမှုန်တွေ ပြန်လည် အနည်ကျ ရာကနေ ရောက်ရှိလာခြင်း ဖြစ်တယ်လို့ ယူဆကြ ပါတယ်။ ဒီ နီကယ် အိုင်ဆိုတုပ် အမျိုးအစား ကို မီးတောင် ပေါက်ကွဲမှုက ထွက်လာတဲ့ ပြာတွေ ထဲမှာ အဓိက တွေ့ရှိ ကြရ ပါတယ်။

ဒီလို မီးတောင် ပြာမှာ တွေ့ရလေ့ ရှိတဲ့ နစ်ကယ် အိုင်ဆိုတုပ်တွေ အများအပြားကို ဆိုက်ဘေးရီးယားက မီးတောင် ပေါက်ကွဲ ချိန်နဲ့ မရှေးမနှောင်းမှာ တွေ့ရတာကြောင့် ဒီ နစ်ကယ် တွေဟာ ဆိုက်ဘေးရီးယား မီးတောင်များ ပေါက်ကွဲမှုကနေ အမြောက်အများ ထွက်လာကြခြင်း ဖြစ်တယ်လို့ ပညာရှင် တွေက ကောက်ချက်ချ ကြတာ ဖြစ်ပါတယ်။

ဒီ အချက်ကို ထောက်ခံတဲ့ အခြား အချက်ကတော့ ဆိုက်ဘေးရီးယား ဒေသ မြေအောက်မှာ ကြီးမားတဲ့ နစ်ကယ် ဆာလ်ဖိုဒ် အမြောက်အများ ရှိနေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီ ဒေသဟာ ပါမီယန် ခေတ်နှောင်း မီးတောင်တွေ ပေါက်ကွဲခဲ့ရာ ဒေသနဲ့လဲ မကွာဝေး လှပါဘူး။

ဒီ နစ်ကယ်တွေ အမြောက်အများ ရေထဲ ရောက်သွားတဲ့ အခါ ကြီးမားတဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီး ဆုံးရှုံးမှု တွေကို ဖြစ်လာ စေပါတယ်။

နစ်ကယ်ဟာ ပုံမှန်ဆိုရင် သက်ရှိတွေ အတွက် မရှိမဖြစ် လိုအပ်တဲ့ ဓါတ်သတ္တု တစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှန်ဆို သက်ရှိတွေဟာ နစ်ကယ် အနည်းငယ်ပဲ လိုအပ်တာပါ။

ရေထဲမှာ နစ်ကယ် များလာခဲ့ရင် မီသာနိုဂျင် (methanogens) ခေါ်တဲ့ မိသိန်းဓါတ်ငွေ့ ထုတ်လုပ်ပေးတဲ့ ဘက်တီးရီးယားတွေ ပွားလာပါတယ်။ ဒီဘက်တီးရီးယား တွေက မိသိန်းဓါတ်ငွေ့ အမြောက်အများကို ထုတ်လုပ် ပေးပါတယ်။

ရေထဲမှာ မိသိန်းဓါတ် များလာတဲ့ အခါ အောက်ဆီဂျင် ခန်းခြောက် လာပါတယ်။ ဒီအခါ ရေထဲက အောက်ဆီဂျင်ကို မှီခိုရတဲ့ ရေ သတ္တဝါတွေ အမြောက်အများ ပျက်စီး သေဆုံး ကြရပါတယ်။

လေထု ထဲမှာလဲ မိသိန်းဓါတ်ငွေ့တွေ များလာတဲ့ အခါ အောက်ဆီဂျင် ပြတ်ပြီး သတ္တဝါတွေ သေဆုံး ကြရပါတယ်။

ဒီ “မဟာ သေဆုံးမှုကြီး” နဲ့ ပါတ်သက်လို့ အခု သီအိုရီ အပြင် အခြား သီအိုရီ တွေလဲ ရှိကြပါ သေးတယ်။

ဒီ သီအိုရီတွေ ထဲမှာ တစ်ခုကတော့ အခုလို မီးတောင် ပေါက်ကွဲမှုကြောင့် ကမ္ဘာကြီး ပူနွေးလာ တာကလဲ အကြောင်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ နောက်ပြီး နစ်ကယ် အပြင် အခြား အဆိပ်အတောက် ဖြစ်စေတဲ့ သတ္တု တွင်းထွက် တွေလဲ မီးတောင် ပေါက်ကွဲမှုကြောင့် အမြောက်အများ လေထုထဲကို ရောက်ရှိလာ ခဲ့မယ်လို့ ယူဆကြ ပါတယ်။

မီးတောင် ပေါက်ကွဲ မှုက ထွက်လာတဲ့ ဓါတ်ငွေ့တွေကြောင့် သမုဒ္ဒရာ ရေတွေ အက်ဆစ် ဓါတ် လွန်ကဲ လာတာကလဲ ပင်လယ်တွင်းက သက်ရှိတွေ မျိုးတုန်း သေကြေ စေတဲ့ အကြောင်းရင်း တစ်ခု ဖြစ်နိုင်ပါတယ်။

ရေထဲက အောက်ဆီဂျင် ခန်းခြောက်လာ မှုကလဲ ရေနေ သတ္တဝါတွေကို သေကြေ ပျက်စီး စေပါတယ်။

မီးတောင် ပေါက်ကွဲမှုကြောင့် လေထုထဲမှာ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့တွေ လွန်ကဲ လာတယ် ဆိုတဲ့ အထောက် အထား တွေလဲ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

ရေနေ သတ္တဝါတွေ၊ အပင်တွေ၊ ကုန်းနေ သတ္တဝါတွေ သေကြေ ပျက်စီးရာက သူတို့ကို မှီခို စားသောက် နေကြတဲ့ အခြား သတ္တဝါ တွေပါ အစာရေစာ ရှားပါးလာပြီး သေကြေ ပျက်စီး ကြရ ပါတယ်။ 

အချို့ ပညာရှင် တွေကတော့ အခုလို ကြီးမားတဲ့ မျိုးတုန်း ပျောက်ကွယ်မှုကြီး ဖြစ်ပေါ် ရတာဟာ မီးတောင် ပေါက်ကွဲမှုက တဆင့် အပေါ်မှာ တင်ပြခဲ့တဲ့ ဆင့်ကဲ ဖြစ်စဉ် တွေ အဆင့်အဆင့် ဖြစ်လာပြီး ပျက်စီး ကြရတာ ဖြစ်တယ်လို့ ယုံကြည် ကြပါတယ်။

— သက်နိုင်ဝင်း —

Reference: Cause of worst mass extinction ever found | Big Think

error: