Skip to content

အင်္ဂါဂြိုဟ် ပေါ်က အသံလှိုင်းရဲ့ အလျင်

  • Science
အင်္ဂါဂြိုဟ် လေ့လာရေးယာဉ် Perseverance Rover ပေါ် တပ်ဆင်ထားတဲ့ မိုက်ကရိုဖုန်း ကို အသုံးပြုပြီး အသံရဲ့ အလျင်ကို တိုင်းတာ ခဲ့ကြပါတယ်

အင်္ဂါဂြိုဟ် ပေါ်မှာ အသံရဲ့ အမြန်နှုန်းကို သိပ္ပံ ပညာရှင်တွေ အောင်မြင်စွာ တိုင်းတာ နိုင်ခဲ့ ကြပါတယ်။ အင်္ဂါဂြိုဟ် လေ့လာရေး ယာဉ်ပေါ် တပ်ဆင်ထားတဲ့ မိုက်ကရိုဖုန်း၊ လေဆာ အကွာအဝေးတိုင်း ကိရိယာ တို့ကို အသုံးပြုပြီး သင်္ချာနည်းနဲ့ တိုင်းတာ တွက်ချက် ခဲ့တာလို့ သိရပါတယ်။ 

ဒါဟာ သိပ္ပံ ပညာရှင် တွေအနေနဲ့ အင်္ဂါဂြိုဟ် (မားစ်) ပေါ်မှာ အသံရဲ့ အလျင်ကို ပထမဆုံး တိုင်းတာနိုင် ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ် လေ့လာရေးယာဉ် ပါဆီးဗရင့် (Perseverance) ပေါ်မှာ ယခင် လေ့လာရေး ယာဉ်တွေထက် တမူထူးပြီး အသံဖမ်း မိုက်ကရိုဖုန်း တပ်ဆင် ထားပါတယ်။ ပြီးခဲ့တဲ့နှစ်က ဒီ မိုက်ကရို ဖုန်း တွေကနေ ဖမ်းယူထားတဲ့ မားစ်ဂြိုဟ်ပေါ်က အသံကို ပထမဆုံး အကြိမ် ကျွန်တော်တို့ နားဆင်ခွင့် ရခဲ့ ကြပါတယ်။

မားစ်ရိုဗာ ပေါ်မှာ မိုက်ကရိုဖုန်းတွေ တပ်ဆင်ဖို့ ဆုံးဖြတ်ခဲ့ စဉ်က ပညာရှင် တွေဟာ အင်္ဂါဂြိုဟ် ပေါ်က အသံတွေ ဖမ်းယူလို့ ရမရ ဆိုတာ မသေချာ ခဲ့ပါဘူး။ ဘာ့ကြောင့်ဆို အင်္ဂါဂြိုဟ်ရဲ့ လေထုဟာ အလွန် ပါးတာမို့ အသံလှိုင်းတွေ ဖြတ်သွားနိုင်ဖို့ မသေချာ ခဲ့လို့ပါ။

အလင်းနဲ့ မတူတာက အသံဟာ ကြားခံ ဒြပ်ပစ္စည်း လိုအပ်ပါတယ်။ လုံလောက်တဲ့ သိပ်သည်းမှု အတိုင်းအတာ ရှိတဲ့ ဓါတ်ငွေ့ ကြားခံ (သို့) အရည် (သို့) အစိုင်အခဲ ကြားခံ လိုအပ်ပါတယ်။

ဒါပေမယ့် မားစ်ဂြိုဟ် ပေါ်က လေထုရဲ့ ဖိအားဟာ မြေမျက်နှာ ပြင်မှာတောင် ၀.၀၉၅ psi (pound per square inch) ပဲ ရှိပါတယ်။ (တစ်လက္မ ပတ်လည် မျက်နှာပြင်မှာမှ ၀.၀၉၅ ပေါင် ပဲ ဖိအား ရှိတာပါ။)

ဒါကို ကမ္ဘာ့ မြေမျက်နှာပြင် မှာရှိတဲ့ လေဖိအားနဲ့ ယှဉ်ကြည့်ရင် ဘယ်လောက် လေထု သိပ်သည်းမှု ကွာလဲ ဆိုတာ သိနိုင်ပါတယ်။ ကမ္ဘာ့ မြေမျက်နှာ ပြင်မှာ လေထု ဖိအားက ၁၄.၇ psi တောင်မှ ရှိတာမို့ အဆ ၁၅၀ လောက် ကွာနေပါတယ်။

ဒါပေမယ့် ယဇီရို (Jezero crater) ချိုင့်ဝှမ်းကြီးထဲမှာ မိုက်ကရို ဖုန်းကနေ ဖမ်းယူရရှိတဲ့ အသံတွေကို ထင်ထင်ရှားရှား ကြားနေ ကြရပါတယ်။ ဒီ ဖမ်းယူရရှိတဲ့ အသံတွေကို အသုံးပြုပြီး လော့စ်အိန်းဂျလီစ် က လော့စ်အာလာမို့စ် အမျိုးသား ဓါတ်ခွဲခန်း (Los Alamos National Lab in Los Angeles) က သိပ္ပံ ပညာရှင် တွေဟာ မားစ်ပေါ်က အသံရဲ့ အလျင်ကို အောင်မြင်စွာ တိုင်းတာနိုင် ခဲ့ကြပါတယ်။

သူတို့ရဲ့ တွေ့ရှိချက် တွေကို ပြီးခဲ့တဲ့ မတ်လ ၇ ရက်က ၁၁ ရက် နေ့အထိ ကျင်းပ ပြုလုပ်ခဲ့တဲ့ ၅၃ ကြိမ်မြောက် လ နှင့် ဂြိုဟ် များဆိုင်ရာ သိပ္ပံ ကွန်ဖရင့် (Lunar and Planetary Science Conference) မှာ တင်ပြခဲ့ ကြပါတယ်။

မားစ် လေ့လာရေး ယာဉ်မှာ ကျောက်သား နမူနာ တူးဖော်ရာမှာ အသုံပြုတဲ့ လေဆာ တွင်းတူးစက် တပ်ဆင် ထားပါတယ်။ ဒီ လေဆာ တွင်းတူစက်က ကျောက်တုံးတွေကို ထိုးလိုက်တဲ့ အခါ ထွက်လာတဲ့ အသံကို အသုံးပြုပြီး အသံရဲ့အလျင်ကို တိုင်းတာတာ ဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါး – အာကာသ ထဲမှာ အသံ ကြားရလား

ဒီ တိုင်းတာမှု ရရှိဖို့ လေဆာ ပစ်ခတ်မှု အကြိမ် ၁၅၀ ကျော် ပြုလုပ်ခဲ့ရတယ် လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီ လေဆာ ပစ်ခတ်စဉ်မှာ ရှိတဲ့ ပါတ်ဝန်းကျင် ရာသီဥတု အခြေအနေ တွေကိုလဲ တိုင်းတာ မှတ်တမ်းတင် ခဲ့ပါတယ်။

ဒီလို လေဆာတန်းနဲ့ ထိုးလိုက်တဲ့ အချိန် ထွက်လာတဲ့ အသံကို ယာဉ်ပေါ်က မိုက်ကရိုဖုန်းနဲ့ ဖမ်းယူရရှိဖို့ ကြာချိန်ကို တိုင်းတာပြီး အသံရဲ့ အလျင်ကို တွက်ချက်ခဲ့တာပါ။

သူတို့ရဲ့ တွက်ချက်မှု အရ မာစ်းပေါ်မှာ အသံရဲ့ အလျင်ဟာ တစ်စက္ကန့်ကို ၂၄၀ မီတာနှုန်း ရှိိတယ်လို့ သိရပါတယ်။ ဒါဟာ ကမ္ယာပေါ်မှာ အသံအလျင် ဖြစ်တဲ့ တစ်စက္ကန့် ၃၄၀ မီတာထက် နှေးနေပါတယ်။

နောက်ထပ် ထူးဆန်းတာ တစ်ခုကတော့ မားစ်ပေါ်မှာ အသံရဲ့ လှိုင်းကြိမ်နှုန်း ၂၄၀ Hz အောက် ကျသွားတဲ့ အခါ အသံရဲ့ အလျင်ကလဲ တစ်စက္ကန့် ၂၃၀ မီတာ ထိ ထပ်မံ ကျဆင်းသွားတာပါပဲဲ။

ဒီလို ကြိမ်နှုန်း မတူတဲ့ အသံလှိုင်းတွေ အလျင် အမျိုးမျိုးနဲ့ ရွှေ့လျားတာမျိုးဟာ ကမ္ဘာပေါ်မှာ မရှိပါဘူး။ ဒါဟာ မာစ်ဂြိုဟ်ရဲ့ ထူးဆန်းမှု တစ်ခုလို့ ပြောလို့ရ့ပါတယ် လို့ ပညာရှင် တွေက ရှင်းပြ ကြပါတယ်။

ဒီလို အသံရဲ့ ကြိမ်နှုန်းကို လိုက်ပြီး အသံရဲ့ အမြန်နှုန်း ပြောင်းတာကြောင့်မို့ မားစ် ဂြိုဟ်ပေါ်မှာ အသံတွေ နားထောင်တဲ့ အခါ ထူးဆန်းနေပါ လိမ့်မယ်တဲ့။ ဘာ့ကြောင့်ဆို ကြိမ်နှုန်းမြင့်တဲ့ အသံ စူးစူး တွေက အရင်ရောက်ပြီး ကြိမ်နှုန်းနိုမ့်တဲ့ အသံ ဩဩ တွေက နောက်ကျမှာ ရောက်လာကြမှာမို့ပါ။

ဆက်စပ်ဆောင်းပါး – အာကာသ ထဲမှာ အသံ ကြားရလား

ဒီတော့ အသံဩတဲ့ ယောက်ကျား သံတွေဆို အသံစူးတဲ့ မိန်းမ အသံတွေထက် နောက်ကျမှ ရောက်လာပါလိမ့်မယ်။ နောက်ပြီး သီချင်း နားထောင်ရင်လဲ ဒရမ်တို့ ဘေ့စ် ဂစ်တာတို့က အသံတွေက နောက်ကျ ရောက်လာမှာမို့ အတော်လေး ကသိကအောက် နိုင်တဲ့ သီချင်းသံတွေ ထွက်လာမှာ ဖြစ်ပါတယ်။

ဒီကြားထဲ ကာဗွန်ဒိုင် အောက်ဆိုဒ် များတဲ့ လေထု ဖြစ်နေတာမို့ ကြိမ်နှုန်းမြင့် အသံစူးစူး တွေရဲ့ အသံကလဲ တိုးသွား ပြန်ပါတယ်။ မားစ် ပေါ်မှာ သီချင်း နားထောင်ရင် ဘယ်လို တွေ ထွက်လာမလဲ ဆိုတာတော့ တွေးကြည့်ရတာနဲ့တင် အတော်လေး ကသိကအောက် ဖြစ်နေပါပြီ။

ဒီ အသံလှိုင်း တိုင်းတဲ့ နည်းပညာဟာ အသံရဲ့ အလျင်တင် မက ပတ်ဝန်းကျင် လေထုရဲ့ အပူချိန် ကိုလဲ တိုင်းတာလို့ ရတယ်လို့ ဆိုပါတယ်။ 

နောက်အဆင့် အနေနဲ့ မားစ်ပေါ်က အသံရဲ့ အလျင်ကို နေ့တာ အချိန် အမျိုးမျိုး၊ အပူချိန် အမျိုးမျိုးတဲ့ ရာသီဥတု အမျိုးမျိုး တို့မှာ ဆက်လက် တိုင်းတာ သွားမယ်လို့ သိရပါတယ်။

Reference: The Speed of Sound on Mars Is Kinda Funky, New Evidence Suggests | Gizmodo

error: