Skip to content

အာကာသ ထဲမှာ အသံ ကြားရလား

  • Space
Image by Luminas Art from Pixabay

Star Wars ရုပ်ရှင် ကြည့်ဖူး ကြတယ် မဟုတ်လား။ အာကာသ ထဲမှာ အာကာသ ယာဉ်တွေနဲ့ ပျံရင်း လေဆာ လက်နက် တွေနဲ့ ပစ်လိုက်လို့ ရှိရင် တရွှီရွှီ နဲ့ လေ။ အာကာသ ယာဉ်တွေ လေဆာ ထိ သွားရင်လဲ​ပေါက်ကွဲ သံတွေ ထွက်လာ တာလေ။

ဒါပေမယ့် လေမရှိတဲ့ အာကာသ ထဲမှာ ဒီလိုမျိုး အသံတွေ ကြားနိုင် ပါ့မလား။

အသံဟာ အလင်းနဲ့ မတူပါဘူး။ အလင်းဟာ လျှပ်စစ်သံလိုက် လှိုင်း (electromagnetic wave) ဖြစ်တဲ့ အတွက် ကြားခံနယ် (medium) မလိုပါဘူး။ လေမရှိတဲ့ အာကာသ လေဟာနယ် ထဲမှာ ဖြတ်သန်း သွားနိုင်ပါတယ်။

အသံကတော့ ဒီလို မဟုတ်ပါဘူး။ အသံလှိုင်း တွေဟာ ဖြတ်သန်း သွားဖို့ အတွက် ကြားခံနယ် လိုပါတယ်။ ဒီ ကြားခံနယ်ဟာ လေ လို ဓါတ်ငွေ့ ဖြစ်နိုင်သလို ရေ (သို့) အစိုင်အခဲ တွေလဲ ဖြစ်နိုင်ပါတယ်။ 

အသံလှိုင်းဟာ ဒီ ကြားခံနယ် ထဲက မော်လီကျူး လေးတွေ တုန်ခါမှု ကတဆင့် ဖြတ်သန်း သွားတာ ဖြစ်ပါတယ်။ ကြားခံနယ် ထဲက မော်လေးကျူး လေးတွေ အဆင့်ဆင့် တုန်ခါပြီး လက်ဆင့် လမ်းလာတဲ့ တုန်ခါလှိုင်း တွေဟာ နားထောင်သူရဲ့ နားစည်ပေါ် ရောက်တဲ့ အခါ နားစည် တုန်ခါပြီး အသံကို ကြားရတာ ဖြစ်ပါတယ်။

အာကာသ ထဲမှာ လေ (သို့) ဓါတ်ငွေ့ ကြားခံနယ် မရှိပါဘူး။ အာကာသရဲ့ အချို့ နေရာတွေမှာ ဓါတ်ငွေ့ အစုအဝေးတွေ ရှိပေမယ့် ဒီ ဓါတ်ငွေ့တွေဟာ ကမ္ဘာမြေ ပေါ်မှာလောက် သိပ်သည်းမှု မရှိတဲ့ အတွက် အသံလှိုင်းကို သိပ်ပြီး ဝေးဝေး သယ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။

ဒါ့ကြောင့် အာကာသ ထဲမှာ အကယ်လို့ သင်အော်လိုက်ရင် သင့်အသံကို ဘယ်သူမှ ကြားနိုင်မှာ မဟုတ်ပါဘူး။

အာကာသထဲမှာ အသံ လုံးဝမရှိတော့ဘူးလား

အာကာသ ထဲမှာ အသံ လုံးဝ မရှိတာတော့ မဟုတ်ပါဘူး။ ဥပမာ နေက လာတဲ့ ဆိုလာလေ (Solar wind) နဲ့အတူ ပါလာတဲ့ အမှုန် လေးတွေဟာ တုန်ခါလှိုင်း တွေကို သယ်ဆောင် နိုင်ကြပါတယ်။ 

ဒီ ဆိုလာလေ နဲ့ အတူ ပါလာတဲ့ အမှုန် လေးတွေဟာ နေရဲ့ အသံကို သယ်ဆောင် လာကြပါတယ်။ ဒါပေမယ့် ဒီ ဆိုလာလေ က သယ်ဆောင်လာတဲ့ အသံလှိုင်းရဲ့ တုန်ခါမှုဟာ လူ့ နားက ကြားနိုင်တဲ့ တုန်ခါမှုထက် အများကြီး ပိုနည်းပါတယ်။ 

လူတစ်ယောက်ရဲ့ ကြားနိုင်တဲ့ အသံလှိုင်းရဲ့ တုန်ခါနှုန်းဟာ တစ်စက္ကန့်ကို ကြိမ်နှုန်း ၂၀ ကနေ ၂၀,၀၀၀ ကြား ရှိပါတယ်။ ဒါပေမယ့် ဒီ ဆိုလာလှိုင်း တွေရဲ့ တုန်နှုန်းကတော့ တစ်စက္ကန့်ကို တစ်ကြိမ်တောင် မရှိပါဘူး။ 

ဒီ ကြိမ်နှုန်းဟာ လူ့နားက ကြားနိုင်တဲ့ ကြိမ်နှုန်းထက် အများကြီး နည်းပါတယ်။ ဒါပေမယ့် ဒီ ကြိမ်နှုန်းကို အာကာသ ထဲမှာ လွှတ်တင်ထားတဲ့ အထူး ကိရိယာ တပ်ဆင် ထားတဲ့ သုတေသန ဂြိုဟ်တု တွေကနေ ဖမ်းယူ နိုင်ကြပါတယ်။

ဒီလို ဖမ်းယူ ရရှိတဲ့ အာကာသ ထဲက အသံလှိုင်း တွေကို လူ့နားနဲ့ ကြားနိုင်ဖို့ ဆိုရင် ကြိမ်နှုန်းကို မြှင့်ပေး ရပါတယ်။ နမူနာ အနေနဲ့ အောက်က ဗီဒီယိုမှာ နေရဲ့ အသံ ကို နာဆာက ကြိမ်နှုန်းမြှင့်ပြီး ပြန်လည် ပြုပြင်ထားတာကို နားဆင် နိုင်ပါတယ်။

error: