Skip to content

ကမ္ဘာ့လေထု ဘယ်မှာ ဆုံးသလဲ

  • Earth
Image by Arek Socha from Pixabay

တောင်တက် သမားတွေ ဧဝရက် တောင်ထိပ်ကို တက်တဲ့ အခါမှာ လေထု အမြင့်ပိုင်းမှာ အသက်ရှူ နိုင်ဖို့ အောက်ဆီဂျင် ဘူးတွေ သယ်ဆောင် သွားလေ့ ရှိကြပါတယ်။ ဘာ့ကြောင့် အောက်ဆီဂျင် ဘူးတွေ သယ်ဖို့ လိုတာလဲ ဆိုတော့ ကမ္ဘာ့ လေထု အမြင့်ပိုင်းကို ရောက်လေလေ လေထဲ ရှိတဲ့ အောက်ဆီဂျင် ပမာဏ လျော့နည်း သွားလေ မို့ ဖြစ်ပါတယ်။

အထက်က ဥပမာဟာ ကမ္ဘာ့ လေထုဟာ အမြင့်ပေါ် မူတည်ပြီး ပြောင်းလဲ တယ်ဆိုတာကို ပြတဲ့ ဥပမာ တွေထဲက တစ်ခု ဖြစ်ပါတယ်။ 

ကမ္ဘာ့ လေထု သိပ်သည်းမှု တစ်ခုတည်း အမြင့်ကို လိုက်ပြီး ပြောင်းလဲတာ မဟုတ်ပါဘူး။ လေထုထဲမှာ ဖွဲ့စည်း ပါဝင်တဲ့ ဓါတ်ငွေ့တွေရဲ့ အချိုးအဆ ဟာလဲ အမြင့်ကို လိုက်ပြီး ပြောင်းလဲ နိုင်ပါတယ်။

ကမ္ဘာ့ လေထုကို အလွှာ ၄ လွှာနဲ့ ဖွဲ့စည်း ထားပါတယ်။ ဒီ လေထု အလွှာ တစ်ခုနဲ့ တစ်ခု ဂုဏ်သတ္တိခြင်း မတူညီ ကြပါဘူး။ လေထု အလွှာ တစ်ခုနဲ့ တစ်ခုဟာ အပူချိန်၊ ဓါတ်ငွေ့ ပါဝင် ဖွဲ့စည်းပုံ နဲ့ အလွှာ အတွင်းက ဓါတ်ငွေ့တွေရဲ့ ရွှေ့လျား သွားလာမှု ပုံစံခြင်း ကွဲပြား ကြပါတယ်။

ဒါဆို မေးစရာ မေးခွန်း တစ်ခုက လေထုရဲ့ အပေါ်ဆုံး လွှာ၊ တနည်း အားဖြင့် ကမ္ဘာ့လေထု ဘယ်နေရာမှာ ကုန်ဆုံးပြီး အာကာသ က ဘယ်နေရာမှာ အစ ပြုသလဲ ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

earth-atmosphere
Image credit: NASA

ကမ္ဘာ့ လေထုရဲ့ အလွှာ တစ်ခုချင်း စီမှာ သီးခြား လုပ်ငန်း တာဝန်တွေ ရှိကြပါတယ်။ ဒီ တာဝန် တွေထဲက အချို့ကို ပြောရရင် နေကလာတဲ့ ခရမ်းလွန် ရောင်ခြည် တွေကို တားဆီးပေးတာ၊ အာကာသ ထဲက ကျလာတဲ့ ရေဒီယို သတ္တကြွ အမှုန်တွေကို တားဆီးပေးတာ၊ ရေ ကို အရည် အဖြစ် ထိန်းသိမ်း ထားနိုင်ဖို့ လိုအပ်တဲ့ ဖိအား ဖန်တီး ပေးတာ အစရှိတာတွေ ပါဝင် ပါတယ်။ ဒီ တာဝန်တွေဟာ သက်ရှိတွေ ကမ္ဘာမြေပေါ်မှာ ရှင်သန် ပေါက်ဖွား နိုင်ဖို့ လိုအပ်တဲ့ အခြေ အနေ တွေကို ဖန်တီးပေး ထားတာပါ။

“ကမ္ဘာမြေ မျက်နှာပြင် ကနေ အမြင့်ကို တက်သွားရင် လေရဲ့ သိပ်သည်းမှု ကလည်း တဖြည်းဖြည်း လျော့နည်း လာပါတယ်။ ဒီလိုပဲ လေထုရဲ့ ဖွဲ့စည်းပုံ ကလဲ​ပြောင်းလဲ သွားပါတယ်။ အပေါ် အမြင့်ပိုင်းကို ရောက်လေလေ ပိုပေါ့ပါးတဲ့ ဓါတ်ငွေ့ မော်လီကျူးတွေရဲ့ အချိုး အဆက များလာလေလေ ဖြစ်ပါတယ်။ ပိုလေးတဲ့ မော်လီကျူး တွေကတော့ လေထု အလွှာရဲ့ အောက်ခြေ ကမ္ဘာ မြေမျက်နှာပြင် နားမှာ ရှိကြပါတယ်” လို့ အရီဇိုးနား ပြည်နယ် တက္ကသိုလ် (Arizona State University) က အာကာသ ရူပဗေဒ (Space Physics) ပညာရှင် ကက်တရီနာ ဘိုဆတ် (Katrina Bossert) က ရှင်းပြပါတယ်။

ကမ္ဘာ့ မြေမျက်နှာပြင် ကနေ အမြင့်ကို တက်သွားတာ နဲ့ အမျှ လေထုရဲ့ ဖိအားကလဲ လျှင်မြန်စွာ ကျဆင်း သွားပါတယ်။ ဒါ့ကြောင့် လေယာဉ်နဲ့ ခရီးသွားတဲ့ အခါ အမြင့်ကို တက်သွားရင် နားအူလာတာ နားကိုက်တာတွေ ဖြစ်လာတာ ဖြစ်ပါတယ်။ 

earth-atmosphere
Image credit: NASA

ခရီးသည်တင် လေယာဉ်တွေရဲ့ အတွင်းပိုင်းမှာ အမြင့်ကို တက်သွားတဲ့ အခါ ပြင်ပ လေထုဖိအား လျှော့ကျလာ တာကို ခုခံနိုင်အောင် ဖိအား ပေးထား ရပါတယ်။ ဒီအခါ နားအတွင်းပိုင်း နဲ့ နှာခေါင်း ကို ဆက်ပေးထားတဲ့  eustachian tube လို့ ခေါ်တဲ့ လှိုင်ခေါင်းလေးရဲ့ အတွင်းနဲ့ အပြင်ဖက် ကြားမှာ ဖိအား ကွာခြားမှု ဖြစ်လာပါတယ်။ ဒါ့ကြောင့် နားအူတာ၊ နားကိုက်တာ ဖြစ်လာတာ ဖြစ်ပါတယ်။

ခရီးသည်တင် လေယာဉ်တွေ ပျံနိုင်တဲ့ အမြင့်ဟာလဲ ကန့်သတ်မှု ရှိပါတယ်။ အမြင့်ပိုင်း လေထု အရမ်း ပါးသွားတဲ့ အခါမှာ လေယာဉ်တွေကို လုံလောက်တဲ့ ပင့်တင်အား ဖန်တီးပေးဖို့ လုံလောက်တဲ့ လေထု ဖိအား မရှိတော့ ပါဘူး။ ထုံးစံ အားဖြင့်တော့ ဒီ သာမန် လေယာဉ်တွေ အမြင့်ဆုံး ပျံနိုင်တဲ့ အမြင့်ကို ကမ္ဘာ့ လေထုရဲ့ အဆုံးသတ် အဖြစ် ပညာရှင် တွေက သတ်မှတ် ကြပါတယ်။ ဒီ အမြင့်က လွန်သွားရင် အာကာသ ရဲ့ အစ လို့ သတ်မှတ် ကြပါတယ်။

ဒီ ကမ္ဘာ့လေထုနဲ့ အာကာသ ကြား နယ်နိမိတ် ကို ကာမင် မျဉ်း (Kármán line) လို့ ခေါ်ပါတယ်။ ဒီ အမည်ဟာ ဟန်ဂေရီ လူမျိုး အမေရိကန် နိုင်ငံသား သီအိုဒို ကာမင် (Theodore von Kármán) ကို ဂုဏ်ပြု မှည့်ခေါ် ထားတာ ဖြစ်ပါတယ်။ သူဟာ ၁၉၅၇ ခုနှစ်မှာ ကမ္ဘာ့ လေထုနဲ့ အာကာသ ကြားက နယ်ခြားကို ရှာဖွေ ဖော်ထုတ် ခဲ့သူလဲ ဖြစ်ပါတယ်။

ဒီ နယ်ခြား မျဉ်းဟာ လေယာဉ်တွေ အမြင့်ဆုံး ပျံနိုင်တဲ့ အမြင့်ကို ဖော်ပြ နေရုံတင် မကပါဘူး၊ ကမ္ဘာကို ပတ်နေတဲ့ ဂြိုဟ်တုတွေ မပျက်ကျပဲ ကမ္ဘာကို အောင်အောင် မြင်မြင် ပတ်နေနိုင်အောင် လိုအပ်တဲ့ တွက်ချက်မှုတွေ ပြုလုပ် ရာမှာလဲ အလွန် အရေးပါ ပါတယ်။ 

ကာမင်မျဉ်းဟာ ဂြိုဟ်တုတွေ ကမ္ဘာကို ပတ်နေနိုင်ဖို့ အနိမ့်ဆုံး လိုအပ်တဲ့ အမြင့်ကို သတ်မှတ် ပေးထားတာပါ။ ဒီမျဉ်းရဲ့ အထက်မှာ ပျံတဲ့ ဂြိုဟ်တုတွေ အနေနဲ့ မီးလောင်ကျွမ်း ပျက်ကျ သွားခြင်း မရှိပဲ ကမ္ဘာကို အနည်းဆုံး တစ်ပတ်တော့ အောင်အောင် မြင်မြင် ပတ်နိုင်ပါ လိမ့်မယ်။

အကြမ်းဖျဉ်း အားဖြင့်တော့ ဒီ မျဉ်းကို ကမ္ဘာ့ မြေမျက်နှာ ပြင်က အမြင့် ကီလိုမီတာ ၁၀၀ ( ၆၂ မိုင်) အမြင့်ကို သတ်မှတ် ထားကြပါတယ်။ ဒီ ကာမင်မျဉ်းရဲ့ အောက်ကနေ ကမ္ဘာကို ပတ်ဖို့ မဖြစ်နိုင်ဘူးလား ဆိုတော့ ဖြစ်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီ မျဉ်းရဲ့ အောက်က ကမ္ဘာကို ပတ်ဖို့ဆို အလွန် လျင်မြန်တဲ့ အမြန်နှုန်း တစ်ခု လိုအပ်မှာ ဖြစ်ပါတယ်။ 

ဒီ အမြန်နှုန်း ကို ရဖို့ဆိုတာ လေထုနဲ့ ပွတ်တိုက်မိတဲ့ friction ကြောင့်မို့ စွမ်းအင် ကုန်ကျ မှု အလွန် များမှာ ဖြစ်ပါတယ်။ နောက်ပြီး လေထုနဲ့ ပွတ်တိုက်မှုကြောင့် ထွက်လာမယ့် အပူကလဲ ပြဿနာ တစ်ခု ဖြစ်နေပါ လိမ့်မယ်။

တကယ်တမ်း ပြောရရင် ကာမင် မျဉ်း ဆိုတာက စိတ်ကူးနဲ့ ပုံဖော်ထားတဲ့ မျဉ်းတစ်ခုပါ။ ဒီမျဉ်းဟာ ကျွန်တော်တို့ လူသားတွေ အတွက် သာမန် လေယာဉ်စီး ခရီးသွား တာနဲ့ အာကာသ ခရီးသွားတာ နှစ်ခု အကြား ခြားနား ပေးထားတဲ့ မျဉ်းတစ်ခု ဖြစ်နေပါတယ်။ ဒီမျဉ်းကို မကျော်သရွေ့ အာကာသထဲ ရောက်ပြီလို့ ပြောလို့ မရ့ပါဘူး။

ဒီလို ပြောလို့ ဒီမျဉ်းရဲ့ အထက်မှာ လေထု လုံးဝ မရှိတော့ တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လေထုက အလွန် ပါးသွားပြီမို့ ပျံသန်းနေတဲ့ ဂြိုဟ်တုတွေ အတွက် သိပ်ပြီး သိသာထင်ရှားတဲ့ ပွတ်တိုက်အား ကိုတော့ ဖြစ်စေမှာ မဟုတ် တော့ပါဘူး။

ဒါကလဲ ပျံသန်းနေတဲ့ ဂြိုဟ်တုတွေရဲ့ အရွယ်အစား နဲ့ ပုံပန်း ပေါ်လဲ မူတည်ပါ သေးတယ်။ ကမ္ဘာ့ ပတ်လမ်း အနိမ့်ပိုင်း (ကီလိုမီတာ ၁၀၀၀ အောက်) မှာ ပျံသန်းတဲ့ ဂြိုဟ်တုတွေ အနေနဲ့ အနည်းငယ် မျှသော လေထု နောက်ဆွဲအားကို ခံစား ရပါသေးတယ်။ ဒီ ပတ်လမ်း အနိမ့်မှာ ပျံနေတဲ့ ဂြိုဟ်တုတွေ အနေနဲ့  လေထုရဲ့ နောက်ဆွဲအား ကြောင့် နှစ် အနည်းငယ် အကြာမှာ ကမ္ဘာမြေ ပေါ်ကို ပြန်ပြီး ပျက်ကျ သွားကြမှာ ဖြစ်ပါတယ်။

ဒီလိုပြောလို့ အနိမ့်ပိုင်း ပတ်လမ်းက လွန်ပြန်ရင် လေ လုံးဝ မရှိတာလား ဆိုတော့လဲ မဟုတ် ပြန်ပါဘူး။ ကမ္ဘာ့ လေထုဟာ အမြင့် တနေရာ ရောက်ရင် လုံးဝ ပျောက်ဆုံး သွားတာမျိုး မဟုတ်ပါဘူး။ ကမ္ဘာ့ လေထု ပါးပါး လေးဟာ ကမ္ဘာကနေ မိုင် ထောင်နဲ့ချီ ဝေးတဲ့ အာကာသ ထဲအထိ လွှမ်းခြုံ ရောက်ရှိ နေပါတယ်။ ဥပမာ အပေါ့ပါးဆုံး ဆိုတဲ့ ဟိုက်ဒြိုဂျင် အက်တမ်ဟာ လ ပတ်လမ်း အထိ ရောက်ရှိ လွှမ်းခြုံ ထားပါသေးတယ်။

ဒီ ကမ္ဘာ့လေထု အဝေးဆုံး ရောက်တဲ့ ရပ်ဝန်းကို geocorona လို့ ခေါ်ပါတယ်။ ဒါဟာ ကမ္ဘာ့ လေထု ထဲက မော်လီကျူးတွေ အဆုံးစွန် လွှမ်းခြုံ ထားတဲ့ ရပ်ဝန်းလဲ ဖြစ်ပါတယ်။

ဒါဆို လူတစ်ဦးဟာ ကာမင် လိုင်းကို ဖြတ်လိုက်တဲ့ အချိန်မှာ သူတို့ အနေနဲ့ ထူးခြားတဲ့ ခံစားမှုမျိုး ရှိနိုင်မလား။ သိပ္ပံ ပညာရှင် တွေကတော့ ဒီ လိုင်းကို ဖြတ်သွားတဲ့ သူတွေ အနေနဲ့ ဘာမှ ထူးထူး ခြားခြား ခံစားရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဘာ့ကြောင့်ဆို ဒီလိုင်းဟာ တကယ် ရုပ်ပိုင်းဆိုင်ရာ လက်တွေ့ ရှိတဲ့ မျဉ်းမဟုတ်ပဲ စိတ်ကူးနဲ့ ရေးဆွဲထားတဲ့ မျဉ်းကြောင်း သတ်မှတ်ချက် တစ်ခု ဖြစ်နေလို့ ဖြစ်ပါတယ်။

သီအိုရီ အားဖြင့်တော့ ဒီ ကာမင် မျဉ်း ရောက်တဲ့ အထိ လေယာဉ်တွေ ပျံသန်းဖို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သက်ရှိတွေ အနေနဲ့တော့ ဒီမျဉ်းအထိ အသက်ရှင် နိုင်မှာ မဟုတ်ပါဘူး။ သက်ရှိတွေ အသက်ရှင် နိုင်တဲ့ အမြင့်ဆုံး အမြင့်ကို ကျတော့ အမ်းစ်ထရောင်း အမြင့် (Armstrong limit) နဲ့ သတ်မှတ် ထားပါတယ်။ ဒီ အမြင့်ဟာ ၂၀ ကီလိုမီတာ (၁၂ မိုင်) အမြင့် ဖြစ်ပါတယ်။ ဒီ အမြင့်ကို ကျော်သွားခဲ့ရင် ဖိအား အရမ်း နည်းသွားတာမို့ အဆုတ်ထဲက ရေတွေ ဆူပွက်လာပြီး သက်ရှိတွေလဲ သေဆုံးကုန် ကျမှာ ဖြစ်ပါတယ်။

Ref: Where does Earth end and outer space begin? | Live Science

error: