Skip to content

စကြာဝဠာ အစဦးမှ ဟီလီယံ ဓါတ်ငွေ့များ ကမ္ဘာ့အတွင်းပိုင်းမှ စိမ့်ထွက်လာနေ

  • Earth
စကြာဝဠာ အစဦးက ဟီလီယံ ဓါတ်ငွေ့ အမြောက်အများ ကမ္ဘာ့ အူတိုင်ထဲ ပိတ်မိနေပြီး တဖြည်းဖြည်းချင်း ကမ္ဘာ့ လေထုထဲကို စိမ့်ထွက်လို့ နေပါတယ်

ကမ္ဘာ့ အတွင်းပိုင်း အူတိုင်ထဲမှာ ရှေးဟောင်း စကြာဝဠာ ခေတ်ဦးက ကျန်ရစ်ခဲ့တဲ့ ဒြပ်ပစ္စည်းတွေ ရှိနေပါတယ်။

ဟီလီယံ ၃ (3He) လို့ ခေါ်တဲ့ စကြာဝဠာ ဦးပိုင်း က ဟီလီယံ တွေဟာ စကြာဝဠာ ဖြစ်တည်စ Big Bang ခေါ် မဟာ ပေါက်ကွဲမှုကြီး ဖြစ်ပြီး မိနစ်ပိုင်း အတွင်းမှာ ဖန်တီး ဖြစ်ပေါ်လာတဲ့ ဟီလီယံ ဒြပ်စင်တွေ ဖြစ်ကြပါတယ်။

ဒီ ဓါတ်ငွေ့တွေ ထဲက အချို့ဟာ ကမ္ဘာတည်စမှာ ကမ္ဘာ့ အတွင်းပိုင်းမှာ ပိတ်မိနေ ခဲ့တယ်လို့ ဆိုပါတယ်။ အခု ဒီ ကနဦး ဟီလီယံ ဓါတ်ငွေ့ (primordial helium) ဟာ ကမ္ဘာ့ အတွင်းပိုင်း ကနေ တဖြည်းဖြည်းချင်း ကမ္ဘာ့မြေလွှာ အပေါ်ပိုင်းကို စိမ့်ထွက် လာနေတာကို သိပ္ပံ ပညာရှင်တွေ တွေ့ရှိခဲ့ ကြပါတယ်။

လွန်ခဲ့တဲ့ နှစ် သန်း ၅ ထောင်လောက်က ကျွန်တော်တို့ရဲ့ နေဟာ ဓါတ်ငွေ့ တိမ်တိုက်ကြီး တစ်ခုကနေ မွေးဖွားလာ ခဲ့ပါတယ်။ နေ မွေးဖွားစဉ်က နေမဖြစ်ပဲ ကျန်ခဲ့တဲ့ ဓါတ်ငွေ့တွေ အများစုဟာ ဆိုလာ လေလှိုင်း တိုက်ခတ်မှုနဲ့ အတူ အာကာသ ဟင်းလင်းပြင် ထဲကို လွင့်မြောလို့ ထွက်သွား ခဲ့ပါတယ်။

ဒါပေမယ့် နေ ဒီ ဓါတ်ငွေ့တိမ်တိုက် ကြီးထဲက အချို့သော ဓါတ်ငွေ့တွေဟာ ကမ္ဘာ မွေးဖွား ဖြစ်ပေါ်ချိန်မှာ ကမ္ဘာ့ အတွင်းပိုင်း ထဲမှာ ပိတ်မိနေ ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ပိတ်မိနေတဲ့ ဓါတ်ငွေ့တွေ အထဲမှာ စကြာဝဠာ အစောပိုင်းက ကနဦး ဟီလီယံ ဓါတ်ငွေ့တွေလဲ ပါဝင်ပါတယ်။

အခုနောက်ဆုံး သုတေသန တစ်ခုရဲ့ တွေ့ရှိချက် အရ ဒီ ကမ္ဘာ့အတွင်းပိုင်းက ကနဦး ဟီလီယံ ဓါတ်ငွေ့တွေဟာ  ကမ္ဘာ့ မြေမျက်နှာ ပြင်ပေါ်ကို ပြန်လည် စိမ့်ထွက် လာနေတယ်လို့ ဆိုပါတယ်။ 

ဒီလို စိမ့်ထွက်လာတဲ့ နှုန်းနဲ့ စိမ့်ထွက်လာတဲ့ ပုံစံကို လေ့လာခြင်း အားဖြင့် ကမ္ဘာ ဘယ်လို မွေးဖွားဖြစ်ပေါ် လာလဲ ဆိုတာနဲ့ ပါတ်သက်လို့ ပိုမို နားလည် လာနိုင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခြား ဂြိုဟ်တွေ ဖြစ်ပေါ်လာ ပုံနဲ့ ပါတ်သက်လို့လဲ သလွန်စတွေ ရရှိ လိမ့်မယ်လို့ ဆိုပါတယ်။

ဟီလီယံဟာ အိုင်ဆိုတုပ် မျိုးကွဲ ၉ မျိုးတောင် ရှိပါတယ်။ (အိုင်ဆိုတုပ် isotope ဆိုတာက ဒြပ်စင် တူပေမယ့် အလေးချိန် မတူတဲ့ ဒြပ်စင် မျိုးကွဲတွေကို ခေါ်တာ ဖြစ်ပါတယ်။ အိုင်ဆိုတုပ် တွေမှာ ပရိုတွန် အလုံးရေ တူညီပေမယ့် နျူထရွန် အလုံး အရေအတွက် မတူညီ ကြပါဘူး။ ပါဝင်တဲ့ နျူထရွန် လုံးရေပေါ် မူတည်ပြီး အလေးချိန် ကွဲသွားပါတယ်။)

ဒီလို ဟီလီယံ အိုင်ဆိုတုပ် ၉ မျိုး ရှိပေမယ့် ဟီလီယံ ၃ နဲ့ ဟီလီယံ ၄ ဆိုတဲ့ အိုင်ဆိုတုပ် နှစ်မျိုးပဲ တည်မြဲတဲ့ ဒြပ်စင် (stable isotope) အနေနဲ့ တည်ရှိနိုင်ပါတယ်။ ဒီ တည်ငြိမ်တဲ့ အိုင်ဆိုတုပ် နှစ်မျိုးလုံးကို ကမ္ဘာ့ လေထု ထဲမှာ တွေ့ရပေမယ့် ဟီလီယံ ၄ က ဟီလီယံ ၃ ထက် ကမ္ဘာ့ လေထုထဲမှာ အဆ တစ်သန်းလောက် ပိုများပါတယ်။

ဟီလီယံ ၄ ဟာ ရေဒီယို သတ္တိကြွ ဒြပ်စင်တွေ ပြိုကွဲရာက ထွက်လာကြတာ ဖြစ်ပါတယ်။ ရေဒီယို သတ္တိကြွ ဒြပ်စင် ဆိုတာက ယူရေနီယ့ တို့ ပလူတို နီယံ တို့လို ဒြပ်စင်တွေပါ။ 

ဒါပေမယ့် ဟီလီယံ ၃ ကတော့ ဒီလို မဟုတ်ပါဘူး။ စကြာဝဠာ ထဲမှာ တွေ့ရတဲ့ ဟီလီယံ ၃ အများစုဟာ Big Bang မဟာ ပေါက်ကွဲမှု ဖြစ်ပြီးစ ကာလက မွေးဖွားခဲ့တဲ့ ဒြပ်စင်တွေ ဖြစ်ကြပါတယ်။ အထူးသဖြင့် မဟာပေါက်ကွဲမှု အလွန် မိနစ်ပိုင်း အတွင်း ဖြစ်ပေါ်ခဲ့ ကြတာ ဖြစ်ပါတယ်။

ကမ္ဘာ့ အတွင်းပိုင်းမှာ နေဖြစ်လာတဲ့ နက်ဗြူလာ ဓါတ်ငွေ့ တိမ်တိုက်ကြီးက ကျွင်းကျန်ရစ်တဲ့ ဓါတ်ငွေ့တွေ ပိတ်မိနေတယ် ဆိုတာကို သိပ္ပံ ပညာရှင်တွေ သိခဲ့တာ ကြာခဲ့ပါပြီ။ အချို့သော နက်ဗြူလာ ဓါတ်ငွေ့တွေ ဟာဆို ကမ္ဘာ့ ဗဟို အူတိုင် ထဲမှာ အထိ ပိတ်မိနေ ခဲ့တယ်လို့ ယူဆကြ ပါတယ်။

ဒါပေမယ့် ကမ္ဘာ့ အတွင်းပိုင်းမှာ ပိတ်မိနေတဲ့ ဟီလီယံ ၃ ပမာဏ ကိုတော့ သိပ္ပံ ပညာရှင်တွေ မခန့်မှန်းနိုင် ခဲ့ကြပါဘူး။

ယခု နောက်ဆုံး တွေ့ရှိတဲ့ သုတေသန စာတမ်းမှာ ကမ္ဘာ့ အတွင်းပိုင်းက စိမ့်ထွက် လာနေတဲ့ ဟီလီယံ ၃ ပမာဏကို တွက်ချက် ထားကြပါတယ်။

ဒီ သုတေသန စာတမ်းကို အမေရိကန် ဘူမိဗေဒ အသင်းကြီးရဲ့ Geochemistry, Geophysics, Geosystems journal သုတေသန ဂျာနယ်မှာ ထည့်သွင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ 

ကမ္ဘာ့ အတွင်းပိုင်းက ကနဦး ဟီလီယံ ၃ တွေဟာ အကြမ်းဖျင်း အားဖြင့် အဆင့် ၃ ဆင့်ကို ဖြတ်ကျော် လာခဲ့ရပါတယ်။

ဒီ အဆင့် ၃ ဆင့်ကတော့ ကမ္ဘာတည်စ ကာလ စုဆောင်း မိခြင်း၊ ဂြိုဟ်သိမ်ကြီး ဝင်တိုက်မှုကြောင့် ဆုံးရှုံးရခြင်း နဲ့ ပြင်ပသို့ စိမ့်ထွက် ဆုံးရှုံးခြင်း ဆိုတဲ့ အဆင့် ၃ ဆင့်ပဲ ဖြစ်ပါတယ်။

နေဖြစ်လာ ခဲ့တဲ့ နက်ဗြူလာ တိမ်တိုက် ကြီးကနေ ကြွင်းကျန်ခဲ့တဲ့ ဓါတ်ငွေ့တွေ၊ ဖုန်မှုန့်တွေနဲ့ အခြား ဒြပ်စင်တွေ၊ သတ္တုတွေ ပေါင်းစပ်ပြီး ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီး ဖြစ်တည် မွေးဖွား လာခဲ့ပါတယ်။ ဒီ လို မွေးဖွားတဲ့ ကာလမှာ နက်ဗြူလာ တိမ်တိုက်ထဲက ကနဦး ဟီလီယံ ၃ ဓါတ်ငွေ့တွေ အများအပြား စုစည်းမိ ခဲ့ပါတယ်။ ဒီ ဟီလီယံ ၃ ဓါတ်ငွေ့တွေဟာ အဓိက အားဖြင့် ကမ္ဘာ့ အတွင်းပိုင်း ထဲမှာ ပိတ်မိနေ ခဲ့ပါတယ်။

ကမ္ဘာ ဖြစ်လာပြီး နှစ်သန်း ၅၀ လောက် အကြာမှာ ကမ္ဘာ့ အရွယ်အစားရဲ့ ၃ ပုံ ၁ ပုံလောက် ရှိတဲ့ Theia လို့ အမည်ပေးထားတဲ့ ဂြိုဟ်ငယ် တစ်ခုဟာ ကမ္ဘာကိ အရှိန်အဟုန် ပြင်းစွာနဲ့ ဝင်ဆောင့်မိ ခဲ့ပါတယ်။ ဒီလို ဝင်ဆောင်းခဲ့ရာက လွင့်ထွက်လာ ခဲ့တဲ့ ကျောက်ခဲတွေ ဖုန်မှုန့်တွေ ပေါင်းစပ်မိပြီး လ ဖြစ်လာပါတယ်။

ဒီ Theia ဂြိုဟ်ငယ် ကမ္ဘာကို ဝင်ဆောင့်မိတဲ့ အရှိန်ကြောင့် ကမ္ဘာ့ အပေါ်ယံ အလွှာ အရည်ပျော် သွားခဲ့ပြီး အတွင်းပိုင်းမှာ ပိတ်မိနေ ခဲ့တဲ့ ဟီလီယံ ၃ တွေ အမြောက် အများ အာကာသ ထဲကို လွင့်ထွက် ဆုံးရှုံး ကုန်ပါတယ်။

ဒီ ဖြစ်စဉ် ပြီးတဲ့ နောက်မှာတော့ ကမ္ဘာ့ အတွင်းပိုင်းက ပိတ်မိနေတဲ့ ဟီလီယံ ၃ ဓါတ်ငွေ့တွေဟာ နှစ်သန်းပေါင်း ထောင်ချီ ကြာတဲ့ ကာလ အတောအတွင်း တဖြည်းဖြည်း စဉ်ဆက် မပြတ် စိမ့်ထွက်လို့ နေခဲ့ပါတယ်။

ကမ္ဘာ့ အတွင်းပိုင်းမှာ ပိတ်မိနေ ခဲ့တဲ့ ဟီလီယံ ၃ တွေဟာ ကမ္ဘာမြေအောက် အတွင်းပိုင်း ထဲမှာ ဟီလီယံ ဓါတ်ငွေ့သိုက် ကြီးတွေ အဖြစ်နဲ့ ပိတ်မိနေ ခဲ့တယ်လို့ ယူဆကြ ပါတယ်။ ဒါပေမယ့် ဒီ ဟီလီယံ ဓါတ်ငွေ့သိုက်တွေ ဘယ်မှာ ရှိလဲ၊ ဘယ်လောက် ပမာဏ ရှိလဲ ဆိုတာတွေ ကိုတော့ သိပ္ပံ ပညာရှင်တွေ မခန့်မှန်း နိုင်ခဲ့ ကြပါဘူး။

အခု သုတေသန စာတမ်းမှာ သုတေသီ တွေဟာ ဒီလို ကမ္ဘာ့ အတွင်းပိုင်းမှာ စုမိတဲ့ ဟီလီယံ ၃ ဓါတ်ငွေ့တွေ စုစည်းမိပုံ နဲ့ စိမ့်ထွက်လာ ပုံတွေကို ကွန်ပြူတာ အသုံးပြုပြီး ပုံဖော် တွက်ချက် ကြည့်ခဲ့ ကြပါတယ်။ ဒီ တွက်ချက်မှုက ရရှိတဲ့ အချက်အလက် တွေကို တင်ပြထားတာ ဖြစ်ပါတယ်။

ဒီ သုတေသန စာတမ်းရဲ့ ရည်ရွယ်ချက် (objective of the research) ကတော့ ဟီလီယံ ၃ စိမ့်ထွက်မှု ပမာဏကို တွက်ချက်ဖို့နဲ့ ဒီ ဟီလီယံ ၃ ဓါတ်ငွေ့တွေ ထွက်လာရာ ဓါတ်ငွေ့သိုက်တွေ နေရာကို ခန့်မှန်းဖို့ပဲ ဖြစ်ပါတယ်။

ဟီလီယံ ၃ ဟာ အပေါ်မှာ တင်ပြခဲ့ သလိုပဲ စကြာဝဠာ အစဦးက ဖြစ်ပေါ်ခဲ့တဲ့ ဓါတ်ငွေ့ ဖြစ်ပါတယ်။ ဒီဓါတ်ငွေ့ ကမ္ဘာ့ အတွင်းပိုင်းက နေ စိမ့်ထွက် သွားတဲ့ အခါ နောက်ထပ် အသစ် ထပ်မံ ဖြစ်ပေါ်လာခြင်း မရှိတော့ ပါဘူး။ စိမ့်ထွက် သွားတဲ့ ဟီလီယံ ၃ ကလဲ ကမ္ဘာ့ အတွင်းပိုင်း ထဲကို ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိတော့ ပါဘူး။ 

ဒီတော့ ကမ္ဘာ့ မျက်နှာပြင်ကနေ နှစ်စဉ် စိမ့်ထွက်တဲ့ ဟီလီယံ ၃ ပမာဏ ကိုသာ တွက်ချက် နိုင်မယ် ဆိုရင် ကမ္ဘာ တည်စက ရှိခဲ့တဲ့ ဟီလီယံ ၃ ပမာဏကို ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာ့ မျက်နှာပြင်က စိမ့်ထွက်တဲ့ ဟီလီယံ ၃ ပမာဏ ဟာ ကမ္ဘာ့ မြေအောက်က အပူချိန် နဲ့ ချော်ရည် တွေရဲ့ လှုပ်ရှား စီးဆင်းမှုနဲ့ ဆက်စပ် နေတာကို ပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။ အဓိက ကတော့ ကမ္ဘာ့ အတွင်းပိုင်း အနက်ပိုင်းက ချော်ရည်ပူတွေ မြေမျက်နှာပြင် အောက်နား အပေါ်ယံ လွှာကို စီးဆင်း လာရာမှာ အတွင်းပိုင်းက ဟီလီယံ ၃ တွေကို သယ်ဆောင် လာခဲ့ ကြတာပါ။

ဒီနေရာမှာ သတိပြု ရမှာက ကမ္ဘာမြေ အတွင်းပိုင်းက ဟီလီယံ ၃ ဓါတ်ငွေ့တွေ ပြင်ပကို စိမ့်ထွက် ဆုံးရှုံး နေတယ် ဆိုတာ သိပ္ပံ ပညာရှင်တွေ တိုင်တာ ပြီး သက်သေ ပြနိုင်ခဲ့ပြီး သား ဖြစ်ပါတယ်။ ဒီလိုပဲ ဘယ်လို နည်းလမ်းနဲ့ ဆုံးရှုံး နေတာလဲ ဆိုတာကိုလဲ သက်သေ ပြနိုင် ခဲ့ပြီး သားပါ။

လက်ရှိ အဓိက မေးခွန်းက ကမ္ဘာမြေ အတွင်းပိုင်း ဘယ်နေရာ ကနေ ဒီ ဟီလီယံ ၃ တွေ ထွက်လာလဲ ဆိုတာပါ။ တနည်း အားဖြင့် ကမ္ဘာ့ အတွင်းပိုင်း ဘယ်နေရာမှာ ဟီလီယံ ၃ ဓါတ်ငွေ့သိုက်ကြီး ဖြစ်နေတာလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

သိပ္ပံ ပညာရှင် အများစု ကတော့ ဟီလီယံ ၃ ဓါတ်ငွေ့တွေဟာ ကမ္ဘာ့ အူတိုင် ထဲမှာ ပိတ်မိနေ တယ်လို့ ယူဆကြ ပါတယ်။ ဒီလို ယူဆရ တာကလဲ အကြောင်း ရှိပါတယ်။

ကမ္ဘာမြေကို အဓိက အလွှာ ၄ လွှာနဲ့ ဖွဲ့စည်းထားပါတယ်။
ကမ္ဘာမြေကို အဓိက အလွှာ ၄ လွှာနဲ့ ဖွဲ့စည်းထားပါတယ်။ (Photo: Wikipedia)

ပထမ အချက်က ကမ္ဘာနဲ့ ဂြိုဟ်ငယ် တိုက်မိချိန်က အူတိုင်ကို ထိခိုက်မှု သိပ်ပြီး မရှိခဲ့ ပါဘူး။ တိုက်မိမှုကြောင့် ကမ္ဘာ့ အပေါ်ယံ လွှာ အရည်ပျော် သွားပေမယ့် အူတိုင် အပေါ်ကိုတော့ သက်ရောက်မှု တစုံတရာ မရှိခဲ့ ဘူးလို့ ယူဆကြပါတယ်။ ဒီတော့ အူတိုင်ထဲက ဓါတ်ငွေ့တွေ ဟာလဲ အပြင်ကို လွတ်ထွက်သွား ခဲ့ခြင်း မရှိနိုင်ဘူးလို့ ယူဆ ရပါတယ်။

ဒုတိယ အချက်ကတော့ ကမ္ဘာ့ မျက်နှာပြင် အောက်က ချော်ရည်ပူ တွေရဲ့ လည်ပတ်မှုဟာ အူတိုင် မပါဝင် တာပဲ ဖြစ်ပါတယ်။ အူတိုင်ဟာ သီးသန့် ရှိနေပြီး ချော်ရည်ပူတွေ၊ ကျောက်ရည်ပူတွေ ရှိတဲ့ အပိုင်းနဲ့ သီးသန့် ဖြစ်နေပါတယ်။

တတိယ အချက် အနေနဲ့ ကတော့ အူတိုင်ရဲ့ အပြင်လွှာ (outer core) ဟာ အရည် အဖြစ် ရှိနေတာကြောင့် ဟီလီယံ ၃ တွေကို အလွယ်တကူ လွတ်ထွက် မသွားနိုင်အောင် ထိန်းချုပ် ထားနိုင်တာပဲ ဖြစ်ပါတယ်။ (Outer core အပြင် အူတိုင် ဟာ အရည် အဖြစ် ရှိနေပြီး Inner core အတွင်း အူတိုင် ကတော့ အခဲ အနေနဲ့ ရှိနေမယ်လို့ ယူဆကြ ပါတယ်။)

ယခု သုတေသနမှာ ကွန်ပြူတာကို အသုံးပြုပြီး အချက် နှစ်ခုကို တွက်ချက်ကြည့် ခဲ့ကြပါတယ်။ ပထမ အချက်ကတော့ ကမ္ဘာ့ မွေးဖွားချိန်က ဟီလီယံ ၃ ဓါတ်ငွေ့ ပမာဏ ဘယ်လောက်ထိ စုဆောင်း မိခဲ့ သလဲ ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဒုတိယ အချက်ကတော့ စိမ့်ထွက်ခြင်း အားဖြင့် ဟီလီယံ ပမာဏ ဘယ်လောက်အထိ ဆုံးရှုံးခဲ့လဲ ဆိုတာပဲ ဖြစ်ပါတယ်။

သူတို့ရဲ့ တွက်ချက်မှု အရ ကမ္ဘာ ဖြစ်တည်တဲ့ အချိန်မှာ ကမ္ဘာ့ အူတိုင်ဟာ ဟီလီယံ ၃ ပမာဏ မက်ထရစ် တန်ချိန်ပေါင်း သန်း တစ်ထောင် လောက် စုဆောင်း မိခဲ့တယ် လို့ ဆိုပါတယ်။ ဒီ အထဲက အချို့ဟာ အူတိုင်ကနေ အကာ (mantle) အလွှာထဲကို စိမ့်ထွက်ပြီး အဲ့သည်ကမှ လေထုထဲ ဝင်ရောက် ပျောက်ဆုံး သွားခဲ့ပါတယ်။

ဒုတိယ မေးခွန်း ဖြစ်တဲ့ ဟီလီယံ ၃ ဘယ်လောက် ဆုံးရှုံးလဲ​ ဆိုတဲ့ မေးခွန်းကိုလဲ​တွက်ချက်ခဲ့ ကြပါတယ်။ သူတို့ရဲ့ တိုင်တာ တွက်ချက် မှုတွေ အရ ကမ္ဘာ့ လေထု ထဲကနေ အာကာသ ထဲကို နှစ်စဉ် ဟီလီယံ ၃ ပမာဏ ၂ ကီလို ဂရမ်လောက် ဆုံးရှုံး နေတယ်လို့ ဆိုပါတယ်။

ဒီ ပမာဏဟာ သိပ်တော့ များတယ်လို့ ပြောမရပါဘူး။ ဒါပေမယ့် နှစ် သန်းပေါင်း ထောင်ပေါင်းများစွာ အကြာမှာတော့ ဆုံးရှုံးမှု ပမာဏက အတော်လေး များတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒီ အချက်က ကမ္ဘာ ဖြစ်ပေါ် မွေးဖွားလာ ပုံနဲ့ ပါတ်သက်တဲ့ သဲလွန်စတွေ ပေးနေပါတယ်။

ဟီလီယံ တန်ချိန် သန်း ၁၀၀၀ ဆိုတဲ့ ပမာဏဟာ နည်းနည်းနောနော ပမာဏ မဟုတ်ပါဘူး။ ကမ္ဘာ တည်စက ဒီလောက် များတဲ့ ဟီလီယံ ၃ ဓါတ်ငွေ့တွေဟာ နေဖြစ်လာ ခဲ့တဲ့ နက်ဗြူလာ တိမ်တိုက်ကြီး ကနေပဲ ရောက်လာစရာ ရှိပါတယ်။

ဒိအချက်က ဘာကို ပြနေလဲ ဆိုတော့ ကမ္ဘာ ဖြစ်တဲ့ အချိန်က ဒီ နက်ဗြူလာ တိမ်တိုက်ကြီး မပျက်စီးပဲ ရှိနေသေးတယ် ဆိုတာပဲ ဖြစ်ပါတတယ်။

ဒီ ကမ္ဘာ့ အတွင်းပိုင်းက စကြာဝဠာ ကနဦး ဟီလီယံ ၃ တွေနဲ့ ပါတ်သက်လို့ နောက်ထပ် သုတေသန အများအပြား လိုအပ်နေ အုံးမယ်လို့ ပညာရှင် တွေက ထောက်ပြ ကြပါတယ်။

Reference: Primordial Helium, Left Over From the Big Bang, is Leaking Out of the Earth | Universe Today

error: