Skip to content

ရန်လိုတဲ့ နယ်ချဲ့ ဂြိုဟ်သားကမ္ဘာ ၄ ခု မစ်ကီးဝေးထဲ ရှိနေနိုင်

  • Space
Space Explorer Ship

ကျွန်တော်တို့ရဲ့ မစ်ကီးဝေး ဂလက်ဆီ ကြီးထဲမှာ ကြယ် အလုံးပေါင်း သန်း တစ်သိန်း (၁၀၀,၀၀၀,၀၀၀,၀၀၀) ခန့် ရှိနိုင်တယ်လို့ ပညာရှင် တွေက ခန့်မှန်း ကြပါတယ်။ 

ဒီ အထဲကမှ ကြယ်အလုံးရေ သန်း ၃၀၀ ခန့်မှာ သက်ရှိတွေ အသက်ရှင် နေထိုင်နိုင်တဲ့ သဘာဝ ပတ်ဝန်းကျင် အခြေအနေ တွေ ရှိနေနိုင်တယ်လို့ သိပ္ပံ ပညာရှင် တွေက ခန့်မှန်း ကြပါတယ်။

ဂြိုဟ် အလုံးရေ ၁၅,၀၀၀ ကျော်မှာ အဆင့်မြင့် နည်းပညာ ပိုင်ဆိုင်တဲ့ သက်ရှိတွေ မှီတင်း နေထိုင် နိုင်တယ်လို့ ခန့်မှန်း ထားကြပါတယ်။

ဒီ အထဲ ကမှာ ဂြိုဟ် ၄ ခုမှာ ရိုင်းစိုင်းပြီး ရန်လိုတဲ့ အဆင့်မြင့် သက်ရှိ အဖွဲ့အစည်းတွေ ရှိနေ နိုင်တယ်လို့ သုတေသန စာတမ်း တစ်ခုက အဆိုပြု တင်ပြ လာပါတယ်။

အခု သုတေသန စာတမ်းမှာ အဓိက သုတေသန ပြုတဲ့ မေးခွန်း ကတော့ “တစ်နေ့နေ့ တချိန်ချိန်မှာ ကမ္ဘာ့လူသား တွေဟာ ရန်လိုပြီး ကမ္ဘာကို ကျူးကျော် သိမ်းပိုက်နိုင်တဲ့ စွမ်းပကား ရှိတဲ့  ဂြိုဟ်သား အဖွဲ့အစည်း တစ်ခုခုကို ဆက်သွယ်မိ နိုင်တဲ့ အခွင့်အလမ်း ဘယ်လောက်ထိ ရှိသလဲ” ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

ဒီ မေးခွန်းကို ဖြေနိုင်ဖို့ ပြင်ပ စကြာဝဠာ ပတ်ဝန်းကျင်ကို လေ့လာစုံစမ်းမှု မပြုခင် ကမ္ဘာ့ သမိုင်း တစ်လျှောက် နိုင်ငံ တစ်ခုနဲ့ တစ်ခုအကြား ဖြစ်ပွားခဲ့တဲ့ အဓိက ကျူးကျော် မှုတွေကို  ပြန်လည် လေ့လာ သုံးသပ် ခဲ့ပါတယ်။

ဒီ သမိုင်း အထောက်အထား အချက်အလက် တွေကို အခြေခံပြီး ကမ္ဘာ့ လူသားတွေ အနေနဲ့ နည်းပညာသာ ပိုင်ဆိုင်ခဲ့ရင် အခြား ဂြိုဟ်ကမ္ဘာ တစ်ခုကို ကျူးကျော် သိမ်းပိုက်ဖို့ ဖြစ်တန်စွမ်း (probability) ဘယ်လောက် ရှိလဲ ဆိုတာကို တွက်ချက် ကြည့်ခဲ့ပါတယ်။

ဒီ တွက်ချက် ရရှိတဲ့ ဖြစ်တန်စွမ်းကို မစ်ကီးဝေးထဲ ကြယ်တစ်စင်းက တစ်စင်းကို ခရီးသွား နိုင်တဲ့ အဆင့်မြင့်  နည်းပညာ ပိုင်ဆိုင်တဲ့ ဂြိုဟ်အဖွဲ့အစည်း ခန့်မှန်း အရေအတွက်နဲ့ တွက်ချက် ကြည့်တဲ့ အခါမှာ ရန်လိုတဲ့ ဂြိုဟ် အဖွဲ့အစည်း ဘယ်လောက် ရှီလဲ​ဆိုတာကို ခန့်မှန်းလို့ ရလာပါတယ်။

ပထမဆုံး ၁၉၁၅ ခုနှစ်ကနေ ၂၀၂၂ အထိ အကြားမှာ အခြား နိုင်ငံ တစ်ခုကို ကျုးကျော် ခဲ့တဲ့ နိုင်ငံ အရေအတွက်ကို ရေတွက် ခဲ့ပါတယ်။

ဒီ အရေအတွက် အရ စုစုပေါင်း ကမ္ဘာ့ နိုင်ငံပေါင်း ၁၉၅ နိုင်ငံ အနက် ၅၁ နိုင်ငံဟာ ဒီ ကာလ အတွင်း သူများ နိုင်ငံ တစ်ခုခုကို ကျူးကျော် ဝင်ရောက် ခဲ့တယ်လို့ သိရပါတယ်။ (အမေရိကန် ပြည်ထောင်စုက ထိပ်ဆုံးမှာ ရှိပြီး စုစုပေါင်း ၁၄ ကြိမ် ကျူးကျော် ဝင်ရောက် ခဲ့ပါတယ်။)

ဒီ အချက်ကို ဒီ နိုင်ငံတွေရဲ့ စစ်ရေး အသုံးစားရိတ်နဲ့ ချိန်ထိုးပြီး နှိုင်းယှဉ် ခဲ့ပါတယ်။ ဒီ ကမှ နိုင်ငံ တစ်ခုချင်း စီရဲ့အခြား နိုင်ငံ တစ်ခုကို ဝင်ရောက် ကျူးကျော်ဖို့ ဖြစ်တန်စွမ်း ကို ဆက်လက် တွက်ချက် ခဲ့ပါတယ်။ 

ဒါကိုမှ ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံ စုစုပေါင်းနဲ့ ပြန်ပြီး တွက်ချက် ကြည့်လိုက်တဲ့ အခါမှာ ကမ္ဘာ့ လူသားတွေ အခြား ဂြိုဟ် တစ်ခုခုကို ကျူးကျော်ဖို့ ဖြစ်တန်စွမ်းကို ရရှိ လာပါတယ်။ (နည်းပညာ ရှိတယ် ဆိုရင်ပေါ့)။

ဒီ တွက်ချက်မှု အရ ကမ္ဘာ့ လူသားတွေမှာ နည်းပညာသာ ရှိမယ်ဆို အခြား သက်ရှိတွေ နေထိုင်တဲ့ ဂြိုဟ်တစ်စင်းစင်းကို ဝင်ရောက် ကျုးကျော်ဖို့ ဖြစ်တန်စွမ်းဟာ 0.028% ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒါဟာ လက်ရှိ လူသားတွေရဲ့ ယဉ်ကျေးမှု အဆင့်အတန်း အရ တွက်ချက်ထားတာ ဖြစ်ပါတယ်။ အခု လက်ရှိ အချိန်မှာတော့ လူသားတွေဟာ အခြား ကြယ်တွေကို ခရီးသွား နိုင်တဲ့ နည်းပညာ ပိုင်ဆိုင်ထားခြင်း မရှိသေးပါဘူး။

အခု နည်းပညာ တိုးတက်မှု အတိုင်း ဆက်သွားမယ် ဆိုရင် လူသားတွေ အခြား ကြယ်တစ်စင်း နားက ဂြိုဟ် တစ်ခု ပေါမှာ ခြေချနိုင်ဖို့ နောက်ထပ် နှစ် ၂၅၉ နှစ် ကြာအုံးမယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့် လူသားတွေရဲ့ ယဉ်ကျေးမှု တိုးတက် လာတာနဲ့ အမျှ ကျူးကျော်လိုတဲ့ စိတ်ဆန္ဒတွေ လျော့နည်း သွား နိုင်ပါတယ်။ ဒီ အခြေခံ ကနေ စဉ်းစား လိုက်မယ် ဆိုရင်တော့ နောက် နှစ် ၂၅၉ နှစ်အကြာ ကြယ်တွေကြား ခရီးသွား နိုင်မယ့် အခြေအနေ ရောက်လာတဲ့ အချိန်မှာ လူသားတွေ အခြားဂြိုဟ်ကို ကျူးကျော်ဖို့ ဖြစ်တန်စွမ်းဟာ 0.0014% အထိ ကျဆင်းသွားမှာ ဖြစ်ပါတယ်။

(ဒါဟာ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်း ကမ္ဘာ့ ကျူးကျော်စစ်တွေ လျော့နည်းသွားတဲ့ နှုန်းကို အခြေခံ ပြီး တွက်ချက် ထားတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်း ကျူးကျော်စစ် ဖြစ်ဖို့ ဖြစ်တန်စွမ်းဟာ နှစ်စဉ် ၁.၁၅% နှစ်စဉ် ကျဆင်းသွားတာကို တွေ့ရှိ ရပါတယ်။)

ဒီ ရာခိုင်နှုန်းက ရုတ်တရက် ကြည့်ရင်တော့ အတော်လေး သေးငယ်တဲ့ ဖြစ်တန်စွမ်း တစ်ခု ဖြစ်ပါတယ်။ 

ဒါပေမယ့် မစ်ကီးဝေး ထဲမှာ အဆင့်မြင့် နည်းပညာ ပိုင်ဆိုင်တဲ့ သက်ရှိ ဂြိုဟ်သား အဖွဲ့အစည်းပေါင်း ၁၅,၀၀၀ ကျော်နဲ့ ပြန်တွက် ကြည့်လိုက်တဲ့ အခါမှာတော့ ဂြိုဟ် ၄ စင်းခန့်မှာ ကျူးကျော်လိုစိတ် ပြင်းထန်တဲ့ ဂြိုဟ်သားတွေ ရှိနေ နိုင်တယ် ဆိုတဲ့ အဖြေကို ရလာပါတယ်။

ဒါပေမယ့် ဒီ ၄ စင်းဟာ ယခု လက်ရှိ အချိန်မှာတော့ ကြယ်တွေကြား ခရီးသွား နိုင်တဲ့ နည်းပညာ ပိုင်ဆိုင် ထားကြအုံးမယ် မဟုတ်ပါဘူး။ ကြယ်တွေကြား ခရီးသွား နည်းပညာ ပိုင်ဆိုင်ပြီး ကျူးကျော်ရန်စလိုတဲ့ ဂြိုဟ်ကမ္ဘာ အရေ အတွက်ဟာ လက်ရှိမှာတော့ တစ် ခု ထက် နည်းနေပါ သေးတယ် (၀.၂၂ ပဲ ရှိပါတယ်)။

မစ်ကီးဝေး ကြီး တစ်ခုလုံးမှာ ရန်လိုသူ ဂြိုဟ်ကမ္ဘာ ၄ ခု ဆိုတာက သိပ်တော့ စိုးရိမ်စရာ မရှိ လှပါဘူး။ နောက်ပြီး ဒီ ၄ ခု ထဲက တစ်ခုခုနဲ့ ဆက်သွယ်မိဖို့ ဆိုတာကလဲ အတော်လေးတော့ အခွင့်အလမ်း နည်းပါတယ်။ ဒီ ဂြိုဟ်သား အဖွဲ့အစည်း တွေက ကမ္ဘာကို ကျူးကျော်ဖို့ ဆိုတာက ပိုပြီးတော့တောင် ဖြစ်တန်စွမ်း နည်းပါသေးတယ်။

တကယ်တမ်း ပြန်တွက်ကြည့်ရင် အခြား ကမ္ဘာက ဂြိုဟ်သားတွေ ကျူးကျော်ခံရ ဖို့ထက် ဥက္ကာခဲနဲ့ တိုက်မိပြီး ကမ္ဘာပျက်ဖို့ ဆိုတာက ဖြစ်တန်စွမ်း အဆ ၁၀၀ လောက် ပိုများပါတယ်။ 

ဒီလို ကမ္ဘာဖျက် ဥက္ကာခဲတွေ ကမ္ဘာကို ဝင်ဆောင့်တဲ့ ဖြစ်ရပ်မျိုးဟာ နှစ် သန်း ၁၀၀ မှ တစ်ကြိမ်လောက် ဖြစ်တဲ့ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။

ဒီ သုတေသန စာတမ်းဟာ စိတ်ဝင်စား စရာ ကောင်းပေမယ့် တွက်ချက်မှုမှာ ကန့်သတ် ချက်တွေတော့ ရှိနေပါတယ်။

ပထမ ကန့်သတ်ချက် (limitation) ကတော့ အခု တွက်ချက်မှုဟာ လူ့သမိုင်းရဲ့ နောက်ဆုံး နှစ် ၁၀၀ ခန့် ကာလတို လေးကို နမူနာယူ တွက်ချက် ထားတာ ဖြစ်ပါတယ်။ နောက်ပြီး လူသားတွေနဲ့ နည်းပညာ တိုးတက်မှု နှုန်းကိုလဲ အခုအတိုင်း မပြောင်းလဲ ဘူးလို့ ယူဆ တွက်ချက် ထားတာ ဖြစ်ပါတယ်။

နောက်ပြီး ဂြိုဟ်သား အဖွဲ့အစည်း တွေဟာ လူသားတွေနဲ့ ခပ်ဆင်ဆင် တူညီတဲ့ ဦးဏှောက် ဖွဲ့စည်းမှု၊ တွေးခေါ်မှု၊ အသီဉာဏ် နဲ့ စဉ်းစား တွေးခေါ်မှု၊ တူညီတဲ့ ကျင့်ဝတ် နဲ့ ယဉ်ကျေးမှု အဆင့်အတန်း တွေ ရှိကြတယ် လို့ ယူဆ ထားတာပါ။ တကယ့် လက်တွေ့မှာတော့ လူသားတွေ နဲ့ စဉ်းစား တွေးခေါ်ပုံခြင်း တူညီချင်မှ တူညီကြမှာ ဖြစ်ပါတယ်။

ဒီ စာတမ်းကို တင်ပြတဲ့ သုတေသီ ကတော့ “အခု စာတမ်းဟာ လူသားတွေရဲ့ အတွေးအမြင် စဉ်းစားပုံ နဲ့ ခံယူချက် တွေကို အခြေခံ တွက်ချက်ထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဂြိုဟ်သား တစ်ယောက် ဘယ်လို စဉ်းစားတယ်၊ သူ ကိုယ်ကျင့်တရား တန်ဖိုးတွေကို တန်ဖိုးထားတယ် ဆိုတာတွေကို ဘယ်လိုမှ သိနိုင်မှာ မဟုတ်ပါဘူး” ဆိုတာကို ဝန်ခံ ပြောကြား ထားပါတယ်။

မူရင်း သုတေသနကို ဒီ လင့်မှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ် >>  Estimating the prevalence of malicious extraterrestrial civilizations

Ref: 4 hostile alien civilizations may lurk in the Milky Way, a new study suggests | Live Science

error: