Skip to content

ဂြိုဟ်သိမ် တစ်ခုပေါ်တွင် အမိုင်နို အက်ဆစ် ဇီဝဒြပ်ပေါင်းများ ရှာတွေ့

Hayasusa2 သုတေသန ယာဉ်မှ ကျောက်သား နမူနာ တူးဖော်နေပုံကို ပန်းချီ ဆရာက သရုပ်ဖော် ထားပုံ

၂၀၁၄ ခုနှစ်မှာ ဂျပန် အာကာသ လေ့လာရေး အေဂျင်စီ (Japan Aerospace Exploration Agency) ကနေ ပြီး အာကာသ စူးစမ်း လေ့လာရေး သုတေသန ယာဉ် ဟာယာဘူဆာ အမှတ် ၂ (Hayasusa 2) ကို လွှတ်တင် ခဲ့ပါတယ်။

ဒီ သုတေသန ယာဉ်ရဲ့ ဦးတည်ရာ ကတော့ ကမ္ဘာနား ကနေ ကပ်ပြီး ဖြတ်ပျံသန်းမယ့် ရူဂူ ဂြိုဟ်သိမ် (Ryugu near earth asteroid) ပဲ ဖြစ်ပါတယ်။

ဒီ ဟာယာဘူဆာ အာကာသ ယာဉ်ဟာ ၂၀၁၈ ခုနှစ်မှာ ရူဂူ ဂြိုဟ်သိမ်ကို  ရောက်ရှိ ခဲ့ပါတယ်။ ဒီ့နောက် တစ်နှစ် ခွဲ ကြာအောင် ဒီ ဂြိဟ်သိမ် ရဲ့ မျက်နှာပြင်ကို စူးစမ်း လေ့လာမှုတွေ ပြုလုပ်ခဲ့ သလို ဂြိုဟ်သိမ်ကနေ ကျောက် နဲ့ မြေသား နမူနာ တွေကိုလဲ ကောက်ယူ စုဆောင်း ခဲ့ပါတယ်။

၂၀၂၀ ခုနှစ်မှာတော့ ဟာယာဘူဆာ အာကာသ ယာဉ်ဟာ ကမ္ဘာနားက ဖြတ်ပျံစဉ်မှာ ဒီ ကျောက်နမူနာတွေ ပါတဲ့ သတ္တုဗူးကို ကမ္ဘာကို ပြန်ပို့ ခဲ့ပါတယ်။ ဒီ မြေသား နဲ့ ကျောက်သား နမူနာ တွေကို သိပ္ပံ ပညာရှင် တွေက အသေးစိတ် ဓါတ်ခွဲ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ ကြပါတယ်။

ဒီ ဂြိဟ်သိမ်ဟာ နေ အဖွဲ့အစည်း စတင် ဖြစ်တည်စ အစောပိုင်း ကာလ အတဲက မွေးဖွားခဲ့တဲ့ ဂြိုဟ်သိမ် တစ်ခု ဖြစ်တယ်လို့ ပညာရှင် များက ယုံကြည် ကြပါတယ်။ ဒါ့ကြောင့်လဲ ဒီ ဂြိုဟ်သိမ်ကို လေ့လာခြင်း အားဖြင့် နေ အဖွဲ့အစည်းရဲ့ အစောပိုင်း ကာလတွေ အကြောင်း ပိုပြီး သိနားလည် လာမယ်လို့ ယုံကြည် ကြပါတယ်။

ဒီနှစ် အစောပိုင်းမှာ ဂျပန် ပညာရှင် တွေက သုတေသန ရလဒ် အချို့ကို ထုတ်ပြန် ခဲ့ပါတယ်။ ဒီ သုတေသန ရလဒ် တွေ အရ ဒီ ဂြိုဟ်သိမ်မှာ ကာဗွန်၊ အော်ဂဲနစ် မောလီကျူး တွေနဲ့ အငွေ့ (ရေငွေ့ ဖြစ်ဖို့များ) အများ အပြား ရှိတယ် ဆိုတာကို တွေ့ရှိခဲ့ ကြပါတယ်။ ဒီအချက်ကို မူတည်ပြီး ပညာရှင် တွေက ဒီ ဂြိုဟ်သိမ်ဟာ တချိန်တုန်းက ကြယ်တံခွန် တစ်ခု ဖြစ်ခဲ့နိုင်တယ်လို့ ကောက်ချက် ဆွဲကြပါတယ်။

အခု တခါ နောက်ထပ် သုတေသန တွေ့ရှိချက် အသစ်တွေကို ပညာရှင် တွေက ထပ်မံ ထုတ်ပြန် လိုက်ပါတယ်။ ဒီ သုတေသန တွေ့ရှိချက် အသစ်တွေ အရ ဒီ ဂြိုဟ်သိမ်ရဲ့ မြေသား နမူနာ တွေထဲမှာ အမိုင်နို အက်ဆစ် အနည်းဆုံး အမျိုး ၂၀ ပါဝင်တယ် ဆိုတာကို တွေ့ရှိ ခဲ့ကြပါတယ်။

အခု သုတေသန ကို ပညာရှင် အဖွဲ့ ၈ ဖွဲ့ကနေ ပူးပေါင်း ပြုလုပ် ခဲ့ကြတာ ဖြစ်ပါတယ်။ 

အမိုင်နို အက်ဆစ် (အမိုင်နို အက်ဆစ်) ဆိုတာက အသားဓါတ် ဖြစ်တဲ့ ပရိုတင်း (protein) တွေကို ပြုလုပ်တဲ့ အခြေခံ အုတ်မြစ်တွေပဲ ဖြစ်ပါတယ်။ ဒီ မတူညီတဲ့ အမိုင်နို အက်ဆစ်တွေ အမြောက်အများ  ချိတ်ဆက်ပြီး ပရိုတင်း တွေ ဖြစ်လာတာ ဖြစ်ပါတယ်။

အခု တွေ့ရှိ ချက်ဟာ နေ အဖွဲ့အစီးနဲ့ စကြာဝဠာ အတွင်း အသက်ဇီဝ ဖန်တီး ဖြစ်တည်ပုံ နဲ့ ပျံ့နှံ့ပုံ တွေနဲ့ ပါတ်သက်လို့ အရေးပါတဲ့ အချက်အလက်တွေ ပေးစွမ်း နိုင်မှာ ဖြစ်တယ်လို့ ပညာရှင် များက ဆိုပါတယ်။

Asteroid Ryugu ရဲ့ မျက်နှာပြင်အား အမြင့် ၆ ကီလိုမီတာ အကွာမှ မြင်ရစဉ်
Asteroid Ryugu ရဲ့ မျက်နှာပြင်အား အမြင့် ၆ ကီလိုမီတာ အကွာမှ မြင်ရစဉ် (Image credit: JAXA, University of Tokyo, Kochi University, Rikkyo University, Nagoya University, Chiba Institute of Technology, Meiji University, University of Aizu, AIST.)

အခု ဓါတ်ခွဲ စမ်းသပ်မှု သုတေသနကို ဂျပန် အာကာသ လေ့လာရေး အေဂျင်စီက သိပ္ပံ ပညာရှင် များက ဦးဆောင်တာ ဖြစ်ပြီး  ၂၀၂၁ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီ သုတေသနမှာ တိုကျို တက္ကသိုလ်နဲ့ ဟီရိုရှီးမား တက္ကသိုလ် တို့လို ဂျပန် နိုင်ငံက ထိပ်တန်း တက္ကသိုလ် တွေက ပညာရှင် တွေလဲ ပါဝင် ကြပါတယ်။ 

မူလ အစမှာ ဒီ မြေသား နမူနာ တွေကနေ အမိုင်နို အက်ဆစ် ၁၀ မျိုးခန့်ကို တွေ့ရှိ ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနှစ်ဆန်း လောက်မှာတော့ စုစုပေါင်း အမိုင်နို အက်ဆစ် အမျိုး ၂၀ လောက်ထိ ရှာဖွေ တတွေ့ရှိ နိုင်ခဲ့ပါတယ်။

ဒီလို အမိုင်နို အက်ဆစ် တွေကို ဥက္ကာပျံ တွေပေါ်မှာ တွေ့ရှိတာ ဒါဟာ ပထမ ဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ အရင်ကလဲ ကမ္ဘာပေါ် ကျလာတဲ့ ဥက္ကာပျံ​တွေထဲမှာ အမိုင်နိ အက်ဆစ်တွေ ရှာဖွေ တွေ့ရှိခဲ့ ဖူးပါတယ်။ ဒါပေမယ့် အရင်က ဥက္ကာပျံ တွေဟာ ကမ္ဘာ့ လေထုထဲ ဝင်ရောက် ဖြတ်သန်းခဲ့ပြီးမှ ဓါတ်ခွဲ စမ်းသပ် ရတာမို့ ဒီ ဥက္ကာခဲ တွေ ပေါ်က အမိုင်နို ဆက်ဆစ်ဟာ ကမ္ဘာပေါ်က အမိုင်နို ဆက်ဆစ်တွေ ဥက္ကာခဲမှာ ကပ်ကုန်တာ မဖြစ်နိုင် ဖူးလို့ ပြောလို့ မရ ခဲ့ပါဘူး။

ဒီ ဂျပန် သုတေသန ယာဉ်ရဲ့ နောက်ထပ် တာဝန် တစ်ခုကတော့ ဒီ ဥက္ကာခဲ တွေပေါ်မှာ ‘ရေ’ ရှိတဲ့ အထောက် အထား ရှာဖွေဖို့ပဲ ဖြစ်ပါတယ်။ ဒီ ဥက္ကာခဲ တွေပေါ်မှာ ရေရှိခဲ့ရင် ရေနဲ့ တွင်းထွက် ဓါတ်သတ္တု တွေ ဓါတ်ပြုပြီး ထွက်လာတဲ့ ဒြပ်ပေါင်းတွေကို တွေ့ကြရမှာ ဖြစ်ပါတယ်။

သိပ္ပံ ပညာရှင် များက ကမ္ဘာပေါ်က ရေ အများစုကို နေ အဖွဲ့အစည်း အစွန် အဖျားမှာ ရှိတဲ့ ဂြိုဟ်သိမ်နဲ့ ဥက္ကာ ခဲ တွေက သယ်ဆောင် လာခဲ့တယ်လို့ ယုံကြည် ကြပါတယ်။

အခု သုတေသနမှာ သိပ္ပံ ပညာရှင် တွေက နှစ်ပေါင်းများစွာ မေးခွန်း ထုတ်လာခဲ့တဲ့ အရေးပါတဲ့ မေးခွန်း နှစ်ခုကို အဖြေရှာဖို့ ကြိုးစား ကြမှာ ဖြစ်ပါတယ်။ အဲ့တာတွေ ကတော့ ဒီ ဥက္ကာခဲ တွေဟာ နေအဖွဲ့အစည်း အစွန် အဖျားက ရေကို ကမ္ဘာပေါ်ကို သယ်ဆောင်လာ ခဲ့ကြသလား ဆိုတဲ့ မေးခွန်းနဲ့ အသက်ဇီဝကို ဥက္ကာခဲ တွေက သယ်ဆောင် လာခဲ့သလား ဆိုတဲ့ မေးခွန်းတွေပဲ ဖြစ်ကြပါတယ်။

သိပ္ပံ ပညာရှင် အများစု ယုံကြည်တဲ့ ကမ္ဘာ ဖြစ်ပေါ်ခြင်း သီအိုရီ အရဆို လွန်ခဲ့တဲ့ နှစ်သန်း ၄,၅၀၀ ခန့်က နေအဖွဲ့အစည်း စတင် ဖြစ်ထွန်း မွေးဖွား လာခဲ့ကြတာ ဖြစ်ပါတယ်။ 

ကမ္ဘာ တည်ဦးစမှာ ကမ္ဘာဟာ ချော်ရည် ပင်လယ်တွေ နဲ့ ဖုံးလွှမ်းလို့ ထားပါတယ်။ အပူချိန် အလွန် ပူပြင်း တာကြောင့် ကမ္ဘာတည်စမှာ ရှိခဲ့တဲ့ အမိုင်နို အက်ဆစ်တွေဟာ ပျက်စီး သွားရတယ်လို့ ဆိုပါတယ်။ 

ဒါ့ကြောင့် ကမ္ဘာပေါ်ကို အမိုင်နို အက်ဆစ် ပြန်ရောက် လာတာဟာ ဥက္ကာ ခဲတွေက ပြန်ပြီး သယ်ဆောင် လာကြတယ်လို့ အချို့ ပညာရှင် တွေက ယူဆ ကြပါတယ်။

အကယ်လို့ ဒီ သီအိုရီ သာ မှန်ကန် ခဲ့မယ် ဆိုရင် အသက်ဇီဝ ဟာ ကမ္ဘာပေါ်မှာ ဖြစ်လာတာ မဟုတ်ပဲ  ကမ္ဘာ့ ပြင်ပက ရောက်လာတဲ့ ဥက္ကာခဲ တွေနဲ့ အတူ ပါလာတာ ဖြစ်ပါလိမ့်မယ်။ 

အခု အာကာသယာဉ်က ပြန်သယ်လာတဲ့ မြေသား နမူနာ တွေဟာ ဂြိဟ်သိမ်ရဲ့ မျက်နှာပြင် ကနေ ကောက်ယူလာတဲ့ မြေသား ကျောက်သား တွေ မဟုတ်ပဲ ဂြိုဟ်သိမ် မျက်နှာပြင် အောက်ကို လွန်နဲ့တူးပြီး ကောက်ယူ လာခဲ့တဲ့ နမူနာတွေ ဖြစ်ကြပါတယ်။

ဒီလို လွန်နဲ့ တူးလာတာမို့ ဒီ နမူနာ မြေသား ဟာ နေရောင်ခြည် နဲ့ အာကာသ ရောင်ခြည် (cosmic rays) တွေရဲ့ ဖျက်စီးမှု ဒါဏ်က ကင်းလွတ် နေပါတယ်။

ယိုကိုဟားမား တက္ကသိုလ် က နက္ခတ်ဇီဝဗေဒ ဂုဏ်ထူးဆောင် ပါမောက္ခ (professor emeritus of astrobiology at Yokohama National University) ဖြစ်သူ ကန်ဆိုင်း ကိုဘာယာရှီ (Prof. Kensei Kobayashi) က ပြောကြားရာမှာ “ဂြိုဟ်သိမ်ရဲ့ မျက်နှာပြင်အောက် မြေအောက်ထဲမှာ အမိုင်နို အက်ဆစ်တွေ ရှိတယ် ဆိုတာကို သက်သေ ပြနိုင်တာဟာ ဒီ ဒြပ်ပေါင်းတွေ ကမ္ဘာမြေပေါ်ကို အာကာသ ထဲက ရောက်လာတယ် ဆိုတဲ့ အချက်ကို ပိုပြီး ခိုင်လုံ လာစေပါတယ်” လို့ ဆိုပါတယ်။

အခုလို ဂြိုဟ်သိမ် နဲ့ ဥက္ကာပျံ တွေကနေပြီး မြေသား ကျောက်သား နမူနာ ယူတာ ဒါဟာ ပထမ ဆုံး အကြိမ်တော့ မဟုတ်ပါဘူး။

၂၀၁၈ နဲ့ ၂၀၂၁ ခုနှစ် အကြားမှာ နာဆာရဲ့ OSIRIS-REx ဟာ NEA Bennu ဂြိုဟ်သိမ်ကနေ နမူနာ အမြောက်အများ ကောက်ယူ ခဲ့ပါတယ်။ ဒီ ယာဥ်ကနော့ ကမ္ဘာကို ၂၀၂၃ စက်တင်ဘာ လမှ ပြန်ရောက်မှာ ဖြစ်ပါတယ်။

တရုတ် အာကာသ အေဂျင်စီ ကလဲ ဂြိုဟ်သိမ်ကနေ နမူနာ ယူဖို့ အာကာသ ယာဉ်တစ်စီးကို ၂၀၂၄ ခုနှစ်ထဲမှာ  လွှတ်တင်ဖို့ အစီအစဉ် ရှိကြောင်း ကြေငြာ ထားပါတယ်။

Ref: Samples of Asteroid Ryugu Contain More Than 20 Amino Acids | Universe Today

error: