Skip to content

ဆေးတစ်လုံးထိုးရုံနှင့် ကင်ဆာပျောက်အောင် ကုနိုင်တော့မည်

  • Health
ဆေးတစ်လုံးထိုးရုံနှင် ကင်ဆာပျောက်အောင် ကုနိုင်တော့မည်

ဆေးတစ်ကြိမ်ထိုးရုံနဲ့ ကင်ဆာရောဂါကို ပျောက်အောင်ကုနိုင်တော့မယ်လို့ စတင်းဖို့တ် တက္ကသိုလ်က ဆေးသုတေသန ပညာရှင်တွေက ကြေညာလိုက်ပါတယ်။ ယခုလက်ရှိ ကင်ဆာ ကုသနည်းတွေဟာ ဆေးအကြိမ်ကြိမ် သွင်းရခြင်း၊ ရေဒီယို ဓါတ်ရောင်ခြည် အကြိမ်ကြိမ် ပြရခြင်းတွေကြောင့် လူနာအတွက် ငွေကုန်ကြေးကျ များပြားသလို ဘေးထွက်ဆိုးကျိုးတွေလဲ အလွန်များပါတယ်။ အခု စတင်းဖို့ တက္ကသိုလ်က ပညာရှင်တွေ ထွင်လိုက်တဲ့ ကင်ဆာကုသ နည်းကတော့ ဆေးနှစ်မျိုးကို ပေါင်းစပ်ထားတာဖြစ်ပြီး ဒီဆေးကို သွင်းလိုက်ရင် ကိုယ်ခန္ဓာရဲ့ ရောဂါကာကွယ်ရေးစနစ် (immune system) ကို ကင်ဆာဆဲလ်တွေ ရှိနေပြီ ဆိုတဲ့အကြောင်း တပ်လှန့်ပေးလိုက်ခြင်းဖြင့် ဒီရောဂါကာကွယ်ရေးစနစ်ကနေပြီး ကင်ဆာရောဂါဆဲလ်တွေကို တိုက်ဖျက်ပစ်တဲ့ နည်းပဲ ဖြစ်ပါတယ်။

အဖုအကျိတ်ြဖစ်စေတဲ့ ကင်ဆာရောဂါတွေအတွက် ဆေးတစ်ကြိမ် သွင်းရုံနဲ့ လုံလောက်ပါတယ်တဲ့။ ဒီကုထုံးသစ်ဟာ လက်ရှိကုထုံးတွေနဲ့ ယှဉ်ရင် ဘေးထွက်ဆိုးကြိုးလဲ နဲပါးနိုင်သလို ကင်ဆာဆဲလ်တွေကို တိုက်ခိုက်ရာမှာ ပိုပြီးတော့လဲ ထိရောက်နိုင်ပါတယ်။ အခုကုထုံးကို Science Translational Medicine ဆေးပညာဂျာနယ်မှာ တင်ပြထားတာ ဖြစ်ပါတယ်။ ဒီစာတမ်းကို တင်ပြခဲ့သူတွေထဲက တစ်ယောက်ြဖစ်တဲ့ ဒေါက်တာ ရေးနော့လ်ဒ် လီဝီက “အခုဆေးနှစ်မျိုးကို ပေါင်းစပ်ပြီး သုံးစွဲတဲ့ အခါမှာ ကိုယ်ခန္ဓာအနှံ့က ကင်ဆာဆဲလ်တွေ ပျက်စီးသွားတာ တွေ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒေါက်တာ လီဝီနဲ့ အဖွဲ့ဟာ ရောဂါကာကွယ်ရေး စနစ်ကို လှုံ့ဆော်မှု ပေးနိုင်တဲ့ ဆေးဝါးနှစ်မျိုးကို ကင်ဆာဖြစ်နေတဲ့ ကြွက်တွေရဲ့ ကင်ဆာအကြိတ်ထဲကို ထိုးပေးခဲ့တာ ဖြစ်ပါတယ်။ ထူဆန်းတာကတော့ ဆေးထို့ခံရတဲ့ အကြိတ်တင်မက ကိုယ်ခန္ဓာရဲ့ အခြားနေရာတွေမှာ ရှိနေတဲ့ ကင်ဆာဆဲလ်တွေပါ သေဆုံးကုန်တာပဲ ဖြစ်ပါတယ်။ သုတေသနမှာ ပါဝင်တဲ့ ပညာရှင် တွေကတော့ ဒီနည်းနဲ့ ကင်ဆာရောဂါ အားလုံးကို ကုသပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြပါတယ်။

ဒီလို ရောဂါ ကာကွယ်ရေးစနစ်ရဲ့ တီဆဲလ် (T-cell) တွေကို အသုံးပြုပြီး ကင်ဆာကုဖို့ သိပ္ပံပညာရှင်တွေ ကြိုးစားနေခဲ့ကြတာ အတော်ကြာပါပြီ။ တီဆဲလ်တွေဟာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်တဲ့ နေရာမှာ အလွန်အစွမ်းထက်ပြီး အားကောင်းကြပါတယ်။ ဒါပေမယ့် ကင်ဆာဆဲလ် တွေမှာလဲ ဒီတီဆဲလ်တွေကို လှည့်စားနိုင်တဲ့ နည်းလမ်းတွေ ရှိကြပါတယ်။ ဒါ့ကြောင့် ကိုယ်ခန္ဓာရဲ့ အစွမ်းထက်တဲ့ တီဆဲလ်တွေဟာ ကင်ဆာတော်တော်ပြန့်လို့ အချိန်လွန်မှပဲ ကင်ဆာရှိနေမှန်း သိကြပါတယ်။ ကိုယ်ခံအားစနစ်နဲ့ကုထုံး (immunotherapy) တွေက ဒီသဘာဝ ခုခံစွမ်းအားကို အားကောင်းအောင်၊ ပြီးတော့ ကင်ဆာဆဲလ်တွေကို မှတ်မိပြီး ရှာဖွေနိုင်အောင် ကူညီခြင်းအားဖြင့် ကင်ဆာကို ကုသတာပါ။

T Cell တွေကို လှုံးဆော်ပေးခြင်းနည်းနဲ့ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်မှာပါ။ Credit: Blausen.com staff (2014)
T Cell တွေကို လှုံးဆော်ပေးခြင်းနည်းနဲ့ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်မှာပါ။ Credit: Blausen.com staff (2014)

လောလောဆယ်မှာတော့ ဒီကုထုံးဟာ တိရစ္ဆာန်မှာ စမ်းတဲ့ အဆင့်ကိုကျော်ပြီး လူတွေမှာ စတင်စမ်းသပ်လို့ နေပါပြီ။ Clinical Trial အဆင့်ကို ရောက်ရှိသွားပါပြီ။ လင်ဖိုးမား (လင့်ပြွန်ကင်ဆာ) စဖြစ်တဲ့ လူနာ ၁၅ ယောက်မှာ ထိရောက်မှု ရှိမရှိ စမ်းသပ်နေတာ ဖြစ်ပါတယ်။ လင်ဖိုးမား ကင်ဆာကို စတင်စမ်းသပ် ရတာကတော့ လင်ဖိုးမားဟာ ကိုယ်ခန္ဓာရဲ့ ရောဂါခုခံအားစနစ်မှာ ဖြစ်တဲ့ ကင်ဆာဖြစ်လို့ ဒီကုထုံးအပေါ် တုန့်ပြန်မှု အကောင်းဆုံး ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်လို့ပဲ ဖြစ်ပါတယ်။

ဒီကုထုံးမှာ သုံးတဲ့ ဆေးနှစ်မျိုးထဲက တစ်မျိုးက FDA (အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာန) ရဲ့ ခွင့်ပြုချက်ရပြီးပါပြီ။ နောက်ဆေးတစ်မျိုးကတော့ လင်ဖိုးမားကုထုံးအတွက် ခွင့်ပြုချက်ရဖို့ စမ်းသပ်နေဆဲ့ ဖြစ်ပါတယ်။ ဒီဆေးတွေဟာ အစွမ်းထက်ရုံတင်မကဘူး ဈေးလဲ သက်သာ ပါသေးတယ်။ “ဒီနည်းလမ်းဟာ ရောဂါကာကွယ်ရေး စနစ်ကို ကင်ဆာဆဲလ်တွေကို ဘယ်လိုရှာဖွေ ဖျက်ဆီးရမလဲဆိုတာ သင်ပေးနိုင်ပါတယ်။ ဒီလိုသင်ပေးပြီးနောက်မှာ ရောဂါကာကွယ်ရေး စနစ်က ကိုယ်ခန္ဓာအနှံ့ ကင်ဆာဆဲလ်တွေကို ရှာဖွေဖျက်ဆီး ပေးတော့တာပါပဲ” လို့ ဒေါက်တာ လီဝီက ပြောပါတယ်။

သုတေသန အဖွဲ့ရဲ့ ခေါင်းဆောင် Dr. Ronald Levy (Credit: Steve Fisch)
သုတေသန အဖွဲ့ရဲ့ ခေါင်းဆောင် Dr. Ronald Levy (Credit: Steve Fisch)

လက်ရှိမှာလဲ ကိုယ်ခံစွမ်းအားမြှင့်တင်နည်းနဲ့ ကင်ဆာကုထုံးတွေ ရှိနေပါပြီ။ အချို့နည်းတွေက ကိုယ်ခံစွမ်းအား တစ်ခုလုံးကို လှုံ့ဆော်ပေးပါတယ်။ အချို့ကလဲ လူနာရဲ့ ကိုယ်ခံဆဲလ်တွေကို ကိုယ်ခန္ဓာပြင်ပကို ထုတ်ယူပြီး ကင်ဆာဆဲလ်တွေကို ရှာဖွေသတ်ဖြတ်နိုင်အောင် ပြင်ပမှာ ပြုပြင်တဲ့ နည်းလမ်းကို သုံးကြပါတယ်။ အချို့ကလဲ ကိုယ်ခံဆဲလ်တွေရဲ့ ကင်ဆာတိုက်ဖျက်နိုင်စွမ်းကို ကိုယ်ခန္ဓာကနေ ကန့်သတ်ထားတဲ့ ကန့်သတ်ချက်တွေကို ဖယ်ရှားပေးပြီး ကုသဖို့ ကြိုးစားပါတယ်။ အဲ့ဒီနည်းလမ်းအားလုံးဟာ အလွန်တရာမှ ကုန်ကျစါးရိန် များပါတယ်။ ဘေးထွက်ဆိုးကြိုးတွေလဲ များပါတယ်။ “အခုကျွန်တော်တို့ စမ်းသပ်တွေ့ရှိထားတဲ့ နည်းကတော့ အခုလို ကိုယ်ခံစနစ် တစ်ခုလုံးကို လှုံ့ဆော်တာမျိုး မဟုတ်သလို၊ ကင်ဆာကို တိုက်နိုင်တဲ့ ဆဲလ်တွေကို ကိုယ်ခန္ဓာထဲက ရှာဖွေရွေးထုတ် ပေးစရာလဲ မလိုပါဘူး။” လို့ သူကဆက်ပြောပါတယ်။ ဆေးကလဲ တစ်မိုက်ခရို ဂရမ် (တစ်ဂရမ်ရဲ့ အပုံ တစ်သန်းပုံမှ တစ်ပုံ) ထဲ ထိုးပေးရတာပါ။

ထိုးပေးတဲ့ ဆေးတစ်မျိုးကတော့ ဓါတ်ခွဲခန်းထဲမှာ ထုတ်လုပ်ထားတဲ့ DNA အပိုင်းအစလေးပဲ ဖြစ်ပါတယ်။ DNA ဆိုတာက မျိုးရိုးဗီဇကို သယ်ဆောင်တဲ့ ပစ္စည်းပဲ ဖြစ်ပါတယ်။ နောက်တစ်မျိုးက ကိုယ်ခံကင်းစောင့်စစ်သားဖြစ်တဲ့ anti-body တစ်မျိုးဖြစ်ပါတယ်။ ဒီနှစ်ခုလုံးက တီဆဲလ်တွေကို လှုံဆော်ပေးပါတယ်။ ဒီတီဆဲလ်တွေကမှာ ကိုယ်ခန္ဓာအနှံ့ ကင်ဆာဆဲလ်တွေကို ရှာဖွေတိုက်ခိုက်တာ ဖြစ်ပါတယ်။ ကုသမှု ထိရောက်မှု ရှိမရှိ စမ်းသပ်ဖို့ သုတေသီတွေဟာ လင်ဖိုးမား ဖြစ်နေတဲ့ ကြွက် အကောင် ၉၀ ကို ဆေးထိုးစမ်းခဲ့ပါတယ်။ အကောင် ၉၀ မှာ ၈၇ ကောင်က လုံးဝကင်ဆာ ပျောက်သွားပါတယ်။ ကျန်တဲ့ ၃ ကောင်ကလဲ ဒုတိယအကြိမ် ဆေးထိုးအပြီးမှာ ကင်ဆာပျောက်သွားပါတယ်။ ရင်သားကင်ဆာ၊ အရေပြားကင်ဆာနဲ့ အူမကြီး ကင်ဆာ ဖြစ်နတဲ့ ကြွက်တွေမှာလဲ အလားတူ ရလဒ်တွေ တွေ့ရပါတယ်။

ဒီနည်းသစ်ရဲ့ အားနဲချက် တစ်ခုကတော့ တီဆဲလ်တွေဟာ သူတို့ ပထမဆုံးရှာတွေ့တဲ့ ကင်ဆာဆဲလ်ကိုပဲ သတ်နိုင်တာပါ။ လင်ဖိုးမားရော အူမကြီးကင်ဆာရော ဖြစ်နေတဲ့ ကြွက်တွေကို ဆေးထိုးစမ်းသပ်တဲ့ အခါမှာ လင်ဖိုးမားကိုပဲ ပျောက်ကင်းစေပြီး အူမကြီးကင်ဆာ မပျောက်တာ တွေ့ရပါတယ်။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ တီဆဲလ်တွေက သူတို့ပထမဆုံး စတင်ရှာဖွေ တွေ့ရှိတဲ့ ကင်ဆာဆဲလ်နဲ့ အလားတူတဲ့ ကင်ဆာဆဲလ်တွေကိုပဲ မှတ်မိနိုင်လို့ပါတဲ့။

အကယ်လို့ လူတွေမှာသာ စမ်းသပ်မှု အောင်မြင်ခဲ့မယ်ဆိုရင် နောင်ဆို ကင်ဆာအကြိတ်တွေကို ခွဲစိတ်ဖယ်ရှားပြီးတိုင်း ဒီဆေးကို ထိုးကြလိမ့်မယ်လို့ ဒေါက်တာ လီဝီက မျှော်လင့်ပါတယ်။ ကြွက်တွေမှာ အောင်မြင်ပေမယ့် လူတွေမှာ ဘယ်လောက် အောင်မြင်မလဲ ဆိုတာကတော့ လက်ရှိ လူသားစမ်းသပ်မှု (Clinical Trials) တွေပြီးဆုံးလို့ ရလဒ်တွေ ထွက်လာမှပဲ သိရမှာပါ။ ဘာပဲဖြစ်ဖြစ် ကင်ဆာရောဂါသည်တွေ အတွက်တော့ ဒါဟာ သတင်းကောင်း တစ်ရပ်ပါပဲ။

Source: Big Think | New therapy cures cancer with just one injection

error: