Skip to content

မျိုးရိုးဗီဇ ကုထုံးဖြင့် သွေးကင်ဆာကို အောင်မြင်စွာ ကုနိုင်ပြီ

  • Health
မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ကိုယ်ခံအား ဆဲလ်တွေနဲ့ ကုသခံရတဲ့ လူနာအချို့မှာ သွေးကင်ဆာ လုံးဝ ပျောက်ကင်းသွားကြောင်း ဆေးပညာ ရှင်များက ကြေငြာလိုက်ပါတယ်

၂၀၁၀ ခုနှစ်တုန်းက ရောဂါကြွမ်း နေတဲ့ သွေးကင်ဆာ ရောဂါသည် နှစ်ယောက်ဟာ ကင်ဆာ  သုတေသန တစ်ခုမှာ ပါဝင်ဖို့ သဘောတူခဲ့ ကြပါတယ်။ ဒါကတော့ မျိုးရိုးဗီဇ ပြောင်းလဲထားတဲ့ တီ ဆဲလ် တွေကို အသုံးပြုပြီး ကုသမှုပဲ ဖြစ်ပါတယ်။ 

ဒီ စမ်းသပ် ကုသမှုကို ခံယူအပြီးမှာ သူတို့ရဲ့ ကင်ဆာဟာ ပျောက်ကွယ် သွားပါတယ်။ အခု  ၁၀ နှစ်ကျော် ကြာတဲ့ အထိ  သူတို့ရဲ့ သွေးထဲမှာ ဒီ ကင်ဆာဆဲလ် တွေကို သတ်တဲ့ တီဆဲလ် တွေဟာ အသက်ရှင်လျက် လှည့်ပတ်နေဆဲ ဖြစ်တယ်ဆိုတာ ဆရာဝန် တွေက တွေ့ရှိခဲ့ ကြပါတယ်။ ဒီလို ကုသနည်းလမ်းဟာ ကြာရှည်စွာ အကျိုးကျေးဇူး သက်ရောက်မှု ရှိတယ်လို့ Nature သုတေသန ဂျာနယ်မှာ တင်ပြထားတဲ့ သူတေသန စာတမ်းမှာ တင်ပြထားပါတယ်။

ဒီ လူနာ နှစ်ယောက် အနက် တစ်ယောက်ကတော့ အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ်က ဒေါက်အိုလ်ဆန် (Doug Olsen) ဖြစ်ပါတယ်။

“လူနာ အနေနဲ့ ကြည့်ရင်တော့ ခင်ဗျားမှာ အခြား ရွေးစရာလမ်း မရှိတော့ဘူးလို့ ဆိုတဲ့ အချိန်မှာ အရေးအကြီးဆုံးက မျှော်လင့်ချက် မပျောက်ဆုံးအောင် စိတ်ကို ထားဖို့ဖြစ်ပါတယ်။ ကျွန်တော်က ဒီ ကုထုံး အောင်မြင်ရမယ်လို့ မျှော်လင့်ချက် ထားခဲ့ပါတယ်” လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူက ပြောပါတယ်။

အခု ကုထုံးကို  CAR-T Cell Therapy (​CAR-T ဆဲလ် ကုထုံး) လို့ အမည်ပေးထားပါတယ်။ ဒီကုထုံးမှာ လူနာရဲ့ ကိုယ်ခံအား ဆဲလ် တွေကို မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ပြီး ကင်ဆာ ဆဲလ် တွေကို ရှာဖွေ တိုက်ခိုက် သုတ်သင်တဲ့ နည်းဖြစ်ပါတယ်။ 

“အခု တွေ့ရှိတဲ့ ရလဒ် တွေအရ  CAR-T ဆဲလ် ကုထုံးဟာ သွေးကင်ဆာ (လူကီးမီးယား) ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ကြောင်း တွေ့ရှိရပါတယ်” လို့ ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ် က ကိုယ်ခံစွမ်းအား အထူးကု ဆရာဝန် ဒေါက်တာ ကားလ်ဂျွန် (Carl June, Immunologist) က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

အိုလ်ဆန် နဲ့ နောက် လူနာ တစ်ဦးတို့ဟာ chronic lymphocytic leukemia လို့ခေါ်တဲ့ သွေးကင်ဆာ ရောဂါကို ခံစားနေခဲ့ ကြရတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကုသမှုမှာ မူလ စစချင်း ကတဲက အောင်မြင်မှု ရရှိခဲ့ တာပါ။ ဒါပေမယ့် ကုသတဲ့ ဆရာဝန် တွေက သူတို့ ရောဂါ ပျောက်ကင်းတာ ဘယ်လောက် ကြာကြာ ခံမလဲ ဆိုတာနဲ့ ပါတ်သက်လို့ မဆုံးဖြတ်နိုင် ခဲ့ပါဘူး။

ဒီ သုတေသနမှာ ဦးဆောင် ပါဝင်သူ ပညာရှင် တစ်ဦးဖြစ်တဲ့ ကင်ဆာ ရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဒေးဗစ် ပေါ်တာ (Oncologist Dr. David Porter) ကလဲ “ကင်ဆာ အထူးကု ဆရာဝန် တွေဟာ “ကုသပျောက်ကင်းတယ်” ဆိုတဲ့ စကားလုံးကို အလွယ်တကူ ပြောလေ့ မရှိပါဘူး” လို့ ရှင်းပြပါတယ်။ 

“ဒါပေမယ့် ဒီကုထုံးကို ခံယူခဲ့ကြတဲ့ လူနာ နှစ်ဦးစလုံး ၁၀ နှစ်ကျော် ကြာတဲ့အထိ အသက်ရှင်နေတာ တွေ့ရတဲ့ အတွက် ဒီ ကုထုံးဟာ ကျွန်တော်တို့ရဲ့ အကောင်းဆုံး ဆိုတဲ့ မျှော်လင့်ချက် ထက်တောင်မှ ပိုစွမ်းဆောင်နိုင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်” လို့ သူက ဆက် ရှင်းပြပါတယ်။

ဒါပေမယ့် ဒီ ကုထုံးက လူတိုင်းမှာတော့ အောင်မြင်တာ မဟုတ်ပါဘူး။ အချို့ လူတွေက ဒီကုထုံးနဲ့ လုံးဝ မတိုးတဲ့ သူတွေ ရှိပါတယ်။ အချို့ကျတော့လဲ အန္တရာယ် ရှိတဲ့ ဘေးထွက် ဆိုးကျိုးတွေ ဖြစ်လာ တတ်ပါတယ်။ 

ဒါပေမယ့် သုတေသီ တွေဟာ ဒီ ကုထုံးက ဘယ်လို လူတွေမှာ အကျိုးရှိ သလဲ၊ ဘာ့ကြောင့် အောင်မြင်တာလဲ၊ ဘယ်လို အလုပ်လုပ်လဲ ဆိုတာတွေကို စတင် သိရှိ သဘောပေါက်စ ပြုလာ နေပြီလို့ ဆိုပါတယ်။ ဒါ့ကြောင့် သုတေသီ တွေဟာ ဒီ ကုထုံးနဲ့ လူများများကို ဘယ်လို အကျိုးရှိအောင် ကုသရမလဲ ဆိုတာကို စတင် ကြံစ လုပ်ဆောင် နေကြပြီလို့ သူက ရှင်းပြ ခဲ့ပါတယ်။

Reference: Genetically engineered immune cells have kept two people cancer-free for a decade | Science News

Tags:
error: