Skip to content

ပါးချိုင့်လေးတွေရဲ့ အကြောင်း

ပါးချိုင့်လေးတွေဟာ ပါးပြင်က ကြွက်သားဖွဲ့စည်းပုံ ကွဲပြားမှုကြောင့် ဖြစ်လာရတာပါ

ပါးချိုင့်ဆိုတာ သင့်ကိုယ်ခန္ဒာ အရေပြားပေါ်မှာ ချိုင့်ဝင်နေတဲ့ နေရာလေး ဖြစ်ပါတယ်။ ပါးချိုင့်ဟာ ပါးပေါ်မှာမှ ရှိတာ မဟုတ်ပါဘူး။ ကိုယ်ခန္ဒာရဲ့ နေရာ အနှံ့အပြားမှာ ဖြစ်နိုင်ပါတယ်။ အချို့က မေးမှာ ပါးချိုင့်လေး ရှိတတ်သလို အချို့က ကျောပြင်မှာ ပါးချိုင့်ရှိတဲ့ သူတွေတောင် ရှိပါတယ်။ (ဒီဆောင်းပါးမှာတော့ ပါးမှာပေါ်တဲ့ ပါးချိုင့်အကြောင်းပဲ အဓိက ပြောပါ့မယ်)။

ပါးချိုင့် အများစုကတော့ ပါးပြင်ပေါ်မှာ ထင်ရှားစွာ တွေ့နိုင်ပါတယ်။ ပါးတစ်ဖက်ထဲမှာ ပါးချိုင့်ရှိတဲ့သူ ရှိသလို ပါးနှစ်ဖက်စလုံး ပါးချိုင့်ပါတဲ့ သူတွေလဲ ရှိကြပါတယ်။

ပါးပေါ်မှာ ဖြစ်တဲ့ ပါးချိုင့်တွေဟာ ပါးပြင်က ကြွက်သားနဲ့ အပေါ်က အရေပြား အကြားမှာ အကွဲကြောင်း ရှိနေလို့ ဖြစ်လာရတာ ဖြစ်ပါတယ်။ ပညာရှင်အများစုက ပါးချိုင့်တွေဟာ မျိုးရိုးလိုက်တယ်လို့ ယုံကြည်ကြပေမယ့် အခုထိတော့ တိတိကျကျ သက်သေ မပြနိုင် သေးပါဘူး။

သုတေသန တစ်ခုအရတော့ ကမ္ဘာ့လူသားတွေရဲ့ ၃၇% မှာ ပါးချိုင့် ရှိနေတယ်လို့ ဆိုပါတယ်။ တနည်းအားဖြင့် လူ ၃ ယောက်မှာ တစ်ယောက်လောက်က ပါးချိုင့်ရှိနေတာပါ။ ဒါပေမယ့် အတော်များများမှာ ရှိတဲ့ ပါးချိုင့်တွေကတော့ သိပ်ပြီး ထင်ရှားတာ မဟုတ်တဲ့ အတွက်ကြောင့် သေသေချာချာ ကြည့်မှ မြင်နိုင်ကြပါတယ်တဲ့။

ပါးချိုင့်ဘယ်လို ဖြစ်လာသလဲ

ပါးချိုင့်တွေဟာ မျက်နှာက ကြွက်သားတွေရဲ့ ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။ အဓိက အနေနဲ့ မျက်နှာ အမူအရာတွေကို ဖြစ်စေတဲ့ ကြွက်သားတွေပေါ်မှာ ဖြစ်တဲ့ အပြောင်းအလဲ တွေကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် သင်ပြုံးတာကို လုပ်ပေးတဲ့ မျက်နှာ ကြွက်သားပါ။ ဒါ့ကြောင့်လဲ ပါးချိုင့်ကို အများအားဖြင့် ပြုံးလိုက်တဲ့ အခါမျိုးမှ တွေ့ရတာ ဖြစ်ပါတယ်။

ပါးချိုင့်မပါတဲ့ သူတွေမှာ မျက်နှာက ပြုံးတဲ့ ကြွက်သားတွေဟာ မေးရိုး (Zygomatic bone) ကနေ ပါးစပ်ရဲ့ အစပ်နေရာကို သွားပြီး ချိတ်ထားပါတယ်။ ဒါ့ကြောင့် ပြုံးလိုက်တဲ့ အခါတိုင်း ပါးစပ်အစွန်းက အပေါ်ကို တက်သွားတာ ဖြစ်ပါတယ်။

ပါးချိုင့်ပါတဲ့ သူတွေကျတော့ ဒီ ကြွက်သားဟာ မေးရိုးကနေ ထွက်လာပြီးတဲ့နောက် နှစ်ခုကွဲသွားပါတယ်။ တစ်ခုက ပါးစပ်ရဲ့ အစွန်းကို သွားချိတ်ပြီး နောက်တစ်ခုကတော့ ပါးစပ် အစွန်းရဲ့ အောက်နားလေးမှာ သွားချိတ်ပါတယ်။ ဒါ့အပြင် သူ့အပေါ်က အရေပြားကိုလဲ နည်းနည်းလေး သွားချိတ်နေပါတယ်။

ဒီလို ပုံမှန်မဟုတ်တဲ့ ကြွက်သားဖွဲ့စည်းပုံကြောင့် ပြုံးလိုက်တဲ့ အခါတိုင်း ဒီကြွက်သားရဲ့ အကွဲကြောင်းလေး ပေါ်လာပြီး ပါးချိုင့်လေး ဖြစ်လာရတာပါ။ အပေါ်က အရေပြားနဲ့ ကြွက်သားက ကပ်နေတာကြောင့်လဲ ဒီအချိုင့်လေးကို မြင်ရခြင်း ဖြစ်ပါတယ်။

ဒီကြွက်သားဖွဲ့စည်းမှုဟာ သန္ဒေသားလောင်း ဘဝက ဖွံ့ဖြိုးမှု ဖြစ်စဉ်မှာ ကတဲက ဖြစ်လာတာမို့ မွေးရာ ပါချွတ်ယွင်းမှု တစ်ခုလို့ အချို့က ထင်မှတ်မှားကြ ပါတယ်တဲ့။ ပညာရှင် အများစုကတော့ ဒါကို မွေးရာပါ ချို့ယွင်းချက်လို့ မသတ်မှတ် ကြပါဘူး။ နောက်ပြီး ဒီ ပါးချိုင့်ကြောင့်လဲ ဘာမှ ကျန်းမာရေးနဲ့ ပါတ်သက်လို့ ထိခိုက်မှု တစ်စုံတစ်ရာ မရှိပါဘူး။

ပါးချိုင့်က မျိုးရိုးလိုက်သလား

သင်ဟာ သင့်မိခင်ဆီကနေ မျိုးရိုးဗီဇ (Gene) တစ်စုံကို လက်ခံ ရရှိပြီး ဖခင်ဆီကတော့ နောက်တစ်စုံကို လက်ခံ ရရှိပါတယ်။ ဒီ မိခင်က တစ်စုံနဲ့ ဖခင်ဆီက တစ်စုံ ပေါင်းမှ သင့်ရဲ့ မျိုးရိုးဗီဇ ဖြစ်လာတာ ဖြစ်ပါတယ်။ မျိုးရိုးဗီဇ အများစုဟာ ဒီလို နှစ်ခုပေါင်းမှ ရပ်တည်နိုင်ပါတယ်။ အီကြာကွေးလို ပေါ့ဗျာ (ဒါနဲ့ စကားမစပ် Gene Chromosome တွေကလဲ အီကြာကွေးနဲ့ အတော်တူတာဗျ)

ဒီလို ဗီဇ တစ်စုံမှာ အချို့တွေက အငုံမျိုးတွေ ဖြစ်ပြီး အချို့က အလွှမ်း မျိုးတွေ ဖြစ်ပါတယ်။ ဒါကိုအောက်မှာ သေသေ ခြာခြာ ရှင်းပြပေးပါ့မယ်။

အငုံမျိုးရိုး (Recessive gene) ဆိုတာက သူတစ်ခုထဲ​ရှိရင် မပေါ်တဲ့ ဗီဇမျိုးကို ခေါ်တာပါ။ ဒီ ဗီဇတွေက အဖေဆီက တစ်ခြမ်းနဲ့ အမေဆီက တစ်ခြမ်း ပေါင်းပြီး နှစ်ခု စုံမှ သူတို့ရဲ့ အစွမ်းကို မြင်ရတာ ဖြစ်ပါတယ်။ ဥပမာ အချို့ ရောဂါတွေ ဖြစ်စေတဲ့ ဗီဇတွေဟာ အဖေရော အမေဆီကရော နှစ်ရောက်လုံး ဆီက ရမှပဲ ဒီရောဂါ ပြတာမျိုးပေါ့။ 

အလွှမ်းမျိုးရိုး (dominat gene) ကတော့ အဖေ (သို့) အမေဆီက တစ်ခြမ်းရရင်ကို သူ့ရဲ့ အစွမ်းကို မြင်ရတာမျိုးပါ။ နှစ်ခြမ်းလုံး စုံရင် ပိုပြီး ထင်ထင်ရှားရှား တွေ့ရတတ်ပါတယ်။

ပညာရှင် အများစုက ပါးချိုင့်တွေဟာ အလွှမ်းမျိုးရိုး ဗီဇ ဖြစ်တယ်လို့ ယူဆကြပါတယ်။ ဆိုလိုတာ အမေ ဆီက သော်လည်းကောင်း၊ အဖေဆီက သော်လည်းကောင်း တစ်ယောက်ယောက် ဆီက ဒီ Gener ကို လက်ခံရရှိရင် ကလေးမှာ ပါးချိုင့်ပါလာတတ်တယ် ဆိုတာ ပါပဲ။ ဒါပေမယ့် အခုထိ ဘယ်ပညာရှင်မှာ ပါးချိုင့်ရဲ့ မျိုးရိုးဗီဇနဲ့ ပါတ်သက်လို့ သေသေချာချာ သုတေသန ပြုလုပ်ထားခြင်းတော့ မရှိကြ သေးပါဘူး။

သင့်ပါတ်ဝန်းကျင်ကို သတိထား ကြည့်မယ်ဆိုရင် ပါးချိုင့်ပါတဲ့ မိဘက မွေးတဲ့ ကလေးတွေမှာ ပါးချိုင့် ပါလာတတ်တာ တွေ့ရတတ်ပါတယ်။​ ဒါပေမယ့် မိခင်/ဖခင် မှာ ပါးချိုင့်ပါတိုင်းတော့ သားသမီးမှာ ပါးချိုင့်ပါလာတာမျိုး မဟုတ်ပါဘူး။

နောက်ပြီး ထူးဆန်းတာ တခုက ပါးချိုင့်ဟာ လူ့သက်တမ်းတလျှောက် ပြောင်းလဲနိုင်တယ် ဆိုတာပါပဲ။ ငယ်ငယ်က ပါးချိုင့်ရှိပေမယ့် အသက်ကြီးလာတော့ ပါးချိုင့်ပျောက်သွားတာမျိုး ရှိတတ်သလို အချို့က ငယ်ငယ်တုန်းက ပါးချိုင့်မရှိပဲ ကြီးလာတော့မှ ပါးချိုင့်ပေါ်လာတာမျိုးလဲ ရှိတတ်ပါတယ်။ 

အချို့ပညာရှင်တွေကတော့ ပါးချိုင့် မျိုးရိုးဗီဇဟာ အလွှမ်းဗီဇ စစ်မဟုတ်ဘူးလို့ ယူဆကြပါတယ်။ ဒီဗီဇဟာ တခါတရံ အလွှမ်းဗီဇ အနေနဲ့ ပြုမူပြီး တစ်ခါတစ်ရံတော့ အငုံ ဗီဇ အနေနဲ့ ပြုမူတတ်တယ်လို့ သူတို့က ယူဆပါတယ်။ ဘာ့ကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုတာကိုတော့ ဘယ်သူမှ သေသေခြာခြာ မရှင်းပြ နိုင်ကြပါဘူး။

အချို့ကလဲ ပါးချိုင့် ဗီဇဟာ gene တစ်စုံထဲ မဟုတ်ပဲ gene တွေ အများကြီး ပေါင်းစပ်ပြီးမှ ဖြစ်လာတယ်လို့ ယူဆပါတယ်။ ဒီ ဗီဇ တွေ အစပ်အစဟပ် တည့်သွားရင် ပါးချိုင့် ပေါ်လာမယ် လို့ သူတို့က ထောက်ပြကြပါတယ်။

ပါးချိုင့်ပါတာကို လှတယ်လို့ ယူဆကြ သလား

နိုင်ငံ အတော်များများက လူမျိုးတွေကတော့ ပါးချိုင့်လေး ပါလာတာကို လှတယ်၊ ဘဝမှာ ကံကောင်းတယ်လို့ ယူဆကြပါတယ်တဲ့။ သူတေသန အချို့ကလဲ လူတွေဟာ ပါးချိုင့်ပါတဲ့ သူတွေကို ပိုလှတယ်လို့ မြင်ကြပါတယ်တဲ့။ အထူသဖြင့် အမျိုးသမီးတွေမှာ ပါးချိုင့်လေး ပါလာရင် အမျိုးသားတွေက ပိုလှတယ်လို့ မြင်ကြပါတယ်တဲ့။ နောက်ပြီး လူအများစုကလဲ ပါးချိုင့်ပါတဲ့ သူတွေဟာ သဘောကောင်းတယ်လို့ အမြင်ရှိကြပါတယ်တဲ့။ အထူသဖြင့် သူတို့တွေ ပြုံးလိုက်ရင် အပြုံးက ပိုပေါ်လွင်တော့ ပါးချိုင့်ပါတဲ့ သူတွေဆို ဆက်ဆံရေး ကောင်းတယ်၊ ဖော်ရွှေတယ်၊​ ပွင့်လင်းတယ်လို့ မြင်ကြပါတယ်တဲ့။

error: