Skip to content

မားစ်ဂြိုဟ်ရဲ့ အရုဏ်တက်နှင့် ဆည်းဆာချိန်

  • Space
Dawn and Dusk on Mars

မားစ် ခေါ် အင်္ဂါဂြိုဟ်ရဲ့ မနက်ခင်း နေထွက်ချိန် အရုဏ်တက် ချိန်နှင့် ညနေ နေဝင်ရီ တရော ဆည်းဆာချိန် တို့ကို ဓါတ်ပုံ တစ်ပုံထဲမှာ ဖေါ်ပြထားတဲ့ ဓါတ်ပုံကို နာဆာက ထုတ်ပြန် လိုက်ပါတယ်။ အခု ဓါတ်ပုံကို မားစ်ဂြိုဟ်ပေါ် စူးစမ်း လေ့လာရေး ပြုလုပ်နေတဲ့ Curiosity Rover သုတေသန ယာဉ်ကနေ ရိုက်ကူး ထားတာ ဖြစ်ပါတယ်။

ဒီပုံမှာ မြင်တွေ့ရတဲ့ ချိုင့်ဝှမ်းကြီး ကတော့ Marker Band Valley လို့ အမည်ပေးထားတဲ့ ချိုင့်ဝှမ်းကြီးပဲ ဖြစ်ပါတယ်။ ဒီ ချိုင့်ဝှမ်းဟာ ၂၀၁၂ ကတဲက စလို့ Curiosity Rover သုတေသန ပြု လေ့လာနေခဲ့တဲ့ Gale Crater ဥက္ကာတွင်း ကြီးထဲမှာ ဖြစ်ပေါ်နေတဲ့ ချိုင့်ဝှမ်းတစ်ခု ဖြစ်ပါတယ်။ 

အခု ဓါတ်ပုံဟာ Curiosity Rover ကနေပြီး သူဖြတ်သန်းလာခဲ့တဲ့ လမ်းကြောင်းကို နောက်ပြန်လှည့်ပြီး ဓါတ်ပုံ ရိုက်ထားတာ ဖြစ်ပါတယ်။ ပုံမှာ အဝေးက Marker Band Valley ချိုင့်ဝှမ်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Dawn and Dusk on Mars
မြေမျက်နှာ သွင်ပြင်များအား စာတမ်းထိုးထားပုံ (Creditဂ NASA/JPL-Caltech)

ဒီ ဒေသဟာ ယခင်တချိန်က ကြီးမားတဲ့ ရေကန်ကြီး တစ်ခု ဖြစ်ခဲ့တယ်လို့ ပညာရှင် တွေက ယူဆ ကြပါတယ်။ ဒီ ရေကန်ဟောင်း ကြီးကို ရိုဗာ ယာဉ်က မထင်မှတ်ပဲ ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီပုံမှာ ဘယ်ဖက်ခြမ်းက လိမ္မော်ရောင် သန်းနေတဲ့ ကောင်းကင်ဟာ ညနေ နေဝင်ရီ တရော ဆည်းဆာတောက်ချိန် ဖြစ်ပြီး ဘာဖက်က အပြာရောင် ကောင်းကင်ကတော့ မနက် နေထွက်ချိန် အရုဏ်တက်ချိန်ပဲ မိုးကောင်းကင် ဖြစ်ပါတယ်။ 

ဒီ ဓါတ်ပုံဟာ မူလက ရောင်စုံ ဓါတ်ပုံ မဟုတ်ပဲ အဖြူအမည်း ဓါတ်ပုံ ဖြစ်ပါတယ်။ ဒီ ဓါတ်ပုံကို မနက် နေထွက်ချိန်နဲ့ ညနေ နေဝင်ချိန် ရိုက်ကူးထားတဲ့ အဖြူအမည်း ဓါတ်ပုံ နှစ်ပုံကို ပေါင်းစပ်ပြီး အရောင် ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။

Dusk on Mars
မားဂြိုဟ်ရဲ့ ဆည်းဆာချိန် (Creditဂ NASA/JPL-Caltech)

မနက် နေထွက်ချိန် ဓါတ်ပုံကို ဧပြီလ ၈ ရက် နံနက် ၉ နာရီ ၂၀ မှာ ရိုက်ကူးခဲ့ပြီး ညနေ ဓါတ်ပုံကိုတော့ ညနေ ၃ နာရီ ၄၀ မှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီ အချိန်တွေဟာ မားစ်ဂြိုဟ်ရဲ့ ဒေသ စံတော်ချိန် အချိန်တွေ ဖြစ်ပါတယ်။

မူရင်း ဓါတ်ပုံ တစ်ပုံခြင်းစီရဖို့ အချိန် စုစုပေါင်း ၇.၅ မိနစ် ကြာအောင် ရိုက်ကူး ရပါတယ်။ မူရင်း မြင်ကွင်းကျယ် panoramic ဓါတ်ပုံဟာ သာမန်အရွယ် ဓါတ်ပုံ ၅ ပုံကို ပေါင်းစပ် ဖန်တီးထားတာ ဖြစ်ပါတယ်။

ဒီဓါတ်ပုံတွေ ရိုက်ကူးချိန်မှာ မာစ်ဂြိုဟ်ပေါ်မှာ ဆောင်းတွင်းကာလ ကျရောက်နေချိန်လဲ ဖြစ်ပါတယ်။ 

Dawn on Mars
မားဂြိုဟ်ရဲ့ အရုဏ်တက် (Creditဂ NASA/JPL-Caltech)

ဒီဓါတ်ပုံမှာ ထူးထူးခြားခြား အရိပ်တွေ မပေါ်တာကို သတိပြုမိ ကြမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်ရတာကတော့ မနက်ခင်းပုံမှာ နေအလင်းရောင်က ညာဖက်က ကျရောက်နေပြီး ညနေခင်း ပုံမှာတော့ ဘယ်ဖက်က အလင်းရောင် ကျရောက်တာကြောင့် ပုံနှစ်ပုံ ထပ်လိုက်ချိန်မှာ အရိပ်တွေ ပျောက်ဆုံး သွားရတာပဲ ဖြစ်ပါတယ်။

Ref: Curiosity Mars rover captures morning and afternoon images at site of ancient lake | Sky and Night Magazine

error: