Skip to content

အရက်သောက်ခြင်းက စိုးရိမ်ပူပန်စိတ်ကို များစေတယ်

  • Health
အရက်သောက်ခြင်းက စိုးရိမ်ပူပန်စိတ်ကို များစေတယ်

အရက်ကို ကြာရှည်စွဲသောက်ခြင်းဟာ စိုးရိမ်ပူပန်မှုကို မြင့်မားစေနိုင်တယ်လို့ သုတေသန တစ်ခုက တွေ့ရှိထားပါတယ်။ ဒီ သုတေသနကို Scripps Research Institute က ဆေးပညာရှင်တွေက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဦးဏှောက်ရဲ့ အတွင်းပိုင်းထဲမှာ ရှိတဲ့ amygdala လို့ခေါ်တဲ့ အစိတ်အပိုင်းလေးဟာ လူတွေရဲ့ စိတ်ခံစားမှု၊ စိတ်လှုပ်ရှားမှုနဲ့ အမူအကျင့်တွေကို ထိန်းချုပ်တဲ့နေရာမှာ အရေးပါတဲ့ အခန်းကနေ ပါဝင်ပါတယ်။ ဒီအစိတ်အပိုင်းလေးဟာလဲ အရက်ကို စွဲလမ်းသောက်သုံးတဲ့ အမူအကျင့်နဲ့ ပါတ်သက်နေတာကို ပညာရှင်တွေ တွေ့ရှိထားပါတယ်။

Progress in Neurobiology ဆေးသုတေသန ဂျာနယ်မှာ ဖော်ပြတဲ့ ဒီသုတေသနမှာ ပညာရှင်တွေဟာ ဘာကို တွေ့ရှိသလဲဆိုတော့ အရက်ကို ကြာရှည်စွဲမြဲစွာ သောက်သုံးခြင်းက ဦးဏှောက်တွင်းက ရောဂါကာကွယ်ရေး ဆဲလ်တွေကို ပျက်စီးစေတယ် ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ဒီ ရောဂါကာကွယ်ရေး ဆဲလ်တွေက ဦးဏှောက်ဆဲလ်တွေ ထိခိုက် ပျက်စီးမှုကနေ ကာကွယ်ပေးတာပါ။

ဒီလို ရောဂါကာကွယ်ရေး ဆဲလ်တွေ ပျက်စီးခြင်းရဲ့ ရလဒ်ကတော့ စိုးရိမ်ပူပန်စိတ်တွေ များလာတာရယ်၊ အရက်ကို ပိုပြီး စွဲစွဲ မြဲမြဲ သောက်လာတာ ရယ်ပဲ ဖြစ်ပါတယ်။ ဒါနဲ့ပဲ အရက်စွဲသူတွေဟာ ဒီအရက်သံသရာက ရုန်းမထွက်နိုင် ဖြစ်ရတာပါ။

ဒီ သုတေသနမှာ ပညာရှင်တွေက အင်တာလူကင်-၁၀ (Interlukin-10, IL-10) ရောဂါကာကွယ်ရေး ဆဲလ်တွေကို အဓိကထား လေ့လာခဲ့တာပါ။ ဘာလို့ IL-10 ဆဲလ်တွေကို အဓိကထား လေ့လာရသလဲ ဆိုတော့ ဒီဆဲလ်တွေကို ဦးဏှောက်ထဲမှာ အမြောက်အများ တွေ့ရလို့ ဖြစ်ပါတယ်။ နောက်ပြီး ဒီ IL-10 တွေဟာ ရောင်ရမ်းမှုတွေကိုလဲ ကာကွယ်ပေးပါတယ်။ ဒီနည်းနဲ့ ရောဂါတစ်ခုခု ဖြစ်လာရင် ကိုယ်ခန္ဓာရဲ့ ရောဂါကာကွယ်ရေး စနစ်တွေက ပြင်ပက ရောဂါကို တိုင်ထုတ်ရာမှာ လိုတာထက် ပိုပြီး ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုး အလုပ်မိအောင် တားဆီးပေးပါတယ်။

ဦးဏှောက်ထဲမှာတော့ ဒီ IL-10 တွေဟာ ဦးဏှောက်ဆဲလ်တွေ ထိခိုက်မှု ဖြစ်တဲ့ အခါမျိုးမှာ ဦးဏှောက်ရောင်ရမ်းတာမျိုး မဖြစ်လာအောင် တားဆီးပေးပါတယ်။ ဒါပေမယ့် တချိန်ထဲမှာပဲ လူတွေရဲ့ အရက်သောက်တဲ့ အမူအကျင့်ပေါ်ကိုလဲ သက်ရောက်မှု ရှိနေတာကို ပညာရှင်တွေ တွေ,ရှိခဲ့ ရပတယ်။

ကြွက်တွေကို အရက်တိုက်ပြီး စမ်းကြည့်တဲ့ အခါ အပေါ်က ပြောခဲ့တဲ့ amygdala ထဲမှာ ဒီ IL-10 တွေရဲ့ အရေအတွက် သိသိသာသာ နည်းသားတာကို တွေ့ရှိရပါတယ်။ ဒါ့ကြောင့် amygdala ပျက်စီးလာပြီး အရက်သောက်တာ ရပ်ရမယ့် အချိန် မရပ်တော့ပဲ အရက်ကို ပိုသောက်လာကြ ခြင်းပဲ ဖြစ်ပါတယ်။ ပြီးတော့ စိုးရိမ်စိတ်တွေလဲ မြင့်လာတာကို တွေ့ရှိရပါတယ်။

ဒီကြွက်တွေရဲ့ ဦးဏှောက်ထဲကို IL-10 တွေ ထပ်ဖြည့်ပေးလိုက်တဲ့ အခါမှတေ့ ခုနက ဖြစ်လာတဲ့အ ရက်ကို စွဲစွဲ မြဲမြဲ သောက်တဲ့ အမူအကျင့်တွေနဲ့ စိုးရိမ်စိတ်များတာတွေ မတွေ့ရတော့ပါဘူးတဲ့။ အရက်သောက်တဲ့ ပမာဏ နည်းသွားသလို စိုးရိမ်ပူပန် မှုတွေလဲ ကျဆင်းသွားပါတယ်။

​ဒီစမ်းသပ်မှုကနေ သိပ္ပံပညာရှင်တွေက ဘာကောက်ချက်ဆွဲလဲ ဆိုတော့ လူ့ကိုယ်ခန္ဒာရဲ့ ရောဂါကာကွယ်ရေး ယန္တရားတွေဟာ အရက်စွဲတာကိုလဲ ကာကွယ်ပေးနိုင်တယ် ဆိုတာပါ။ ဒါ့အပြင် ဒီသုတေသနကနေ အရက်စွဲတာကို ကုသနိုင်မယ့် နည်းလမ်းသစ်တွေလဲ ရှာဖွေ့တွေ့ရှိ လာနိုင်မယ်လို့ ပညာရှင်တွေက ယုံကြည်ကြပါတယ်။

error: