Skip to content

ကိုးဗစ်ရောဂါ Covid-19 အယူအဆမှားများ

  • Health
ကိုးဗစ်ရောဂါ အယူမှားများ

လက်ရှိကာလမှာ ကိုးဗစ်ရောဂါ နဲ့ ပါတ်သက်လို့ အယူအဆ မှားတွေလဲ အများအပြား ပျံ့နှံ့လို့ နေကြပါတယ်။ ဒီလို အယူမှားတွေကြောင့် မဖြစ်သင့်တာတွေ မဖြစ်ရအောင် ကိုးဗစ် ရောဂါနဲ့ ပါတ်သက်ပြီး အယူမှားတာတွေကို အောက်မှာ ဖြေရှင်းပေးထားပါတယ်။

ရောဂါလက္ခဏာနှင့် ပြင်းထန်မှု

ကိုးဗစ်ရောဂါ ဖြစ်ပွားသူ အများစု ရောဂါပြင်းထန်ပြီး သေဆုံးကြရတယ်

အဖြစ်မှန်။ ကိုးဗစ် ဖြစ်ပွားသူ အများစုဟာ သာမန် နှာစေးချောင်းဆိုး သလောက်ပဲ ရောဂါလက္ခဏာ ပြကြပါတယ်။ အများစုဟာ ဆေးရုံ တက်ဖို့ မလိုအပ်ပါဘူး။ အိမ်မှာ နားနားနေနေ နေထိုင်ရုံနဲ့ ရောဂါသက်သာ ပျောက်ကင်း ကြပါတယ်။ ရောဂါ ဖြစ်ပွားသူ အနည်းအကျဉ်းမှာသာ ဆိုးရွားတဲ့ လက္ခဏာတွေ ပြကြတာပါ။ အကယ်လို့ သင့်မှာ ရောဂါဖြစ်လို့ အသက်ရှူ ကျပ်လာတာ၊ ရင်ဘတ်အောင့်တာ၊ အသံမထွက်နိုင်တာ အစရှိတာမျိုးတွေ ဖြစ်လာမှသာ ဆေးရုံတက်ဖို့ လိုအပ်လာပါတယ်။

လူတစ်ယောက်မှာ ကိုးဗစ်ရောဂါ ရှိမရှိ အလွယ် သိနိုင်တယ်

အဖြစ်မှန်။ မသိနိုင်ပါဘူး။ ကိုးဗစ်ပိုးဟာ ရောဂါကူးဆက် ခံရပြီး ၁၄ ရက်အထိ ဘာလက္ခဏာမှ မပြပဲ ကိုယ်တွင်းမှာ ရှိနေနိုင်ပါတယ်။ ဒီကာလ အတွင်းမှာလဲ အခြားသူတွေကို ဆက်လက် ကူးဆက် ပြန့်ပွားနိုင်ပါတယ်။ လူအများစုကလဲ သာမန် နှာစေးချောင်းဆိုး အအေးမိ တာနဲ့ ခပ်ဆင်ဆင် ရောဂါ မပြင်းထန်တာမို့ သာမန် အအေးမိလို့ပဲ ထင်သွားနိုင်ပါတယ်။ တချို့ဆို ဘာလက္ခဏာမှ မပြတဲ့ သူတွေတောင် ရှိကြပါတယ်။

သင့်မှာ ရောဂါလက္ခဏာ မပြဘူး ဆိုရင်တောင် အခြားသူတွေကို ရောဂါဆက်လက် ကူးဆက် စေနိုင်ပါတယ်။ ဒါ့ကြောင့် အပြင်ထွက်ရင် အခြားသူတွေနဲ့ ခပ်ခွာခွာ နေဖို့၊ နှာခေါင်းစည်း တပ်ဖို့နဲ့ လက်ကို မကြာခဏ ဆေးကြောဖို့ လိုအပ်ပါတယ်။

ရောဂါကူးဆက်နိုင်သူများ

ကိုးဗစ်ရောဂါ ဟာ ငွေကြေး ဆင်းရဲသူ နဲ့ အချို့ လူမျိုးတွေမှာ ပိုဖြစ်လေ့ရှိတယ်

အဖြစ်မှန်။ ကိုးဗစ်ရောဂါ ဟာဆိုရင် လူမျိုးမရွေး၊ ဘာသာမရွေး၊​ ဆင်းရဲချမ်းသာ မရွေး လူအားလုံးမှာ ဖြစ်စေနိုင်ပါတယ်။ ငါက ချမ်းသာလို့ မဖြစ်ဘူးလို့ ယူဆလို့ မရပါဘူး။

ကိုးဗစ်ရောဂါ ဟာ လူကြီးတွေ မှာသာ ဖြစ်လေ့ရှိပြီး လူငယ်တွေနဲ့ ကလေးတွေမှာ ဖြစ်လေ့မရှိဘူး

အဖြစ်မှန်။ ကိုးဗစ်ဟာ လူကြီးတွေမှာ ဖြစ်ရင် ပိုမို ပြင်းထန်ပေမယ့် ရောဂါကူးဆက်ခံရ မှုကတော့ လူငယ် လူကြီး ဖြစ်တာနဲ့ မဆိုင်ပါဘူး။ လူကြီး လူငယ် ကျားမ မရွေး ကိုးဗစ်ရောဂါ ကူးဆက် ခံရနိုင်ပါတယ်။ လူငယ်တွေမှာလဲ ရောဂါဖြစ်လာရင် ပြင်ထန်ပြီး အသက်သေဆုံးနိုင်ပါတယ်။ အထူးသဖြင့် နာတာရှည်ရောဂါ (သွေးတိုး၊​ ဆီးချို၊ အဝလွန်ခြင်း) အခံရှိသူတွေမှာ ပိုပြီး ဆိုးရွားနိုင်ပါတယ်။

HIV ရောဂါရှိသူတွေမှာ ကိုးဗစ်ဖြစ်ရင် ရောဂါပိုပြင်းထန်တယ်

အဖြစ်မှန်။ ကိုးဗစ်ရောဂါရဲ့ HIV အပေါ်မှာ သက်ရောက်မှုကို အခုအချိန်ထိ လေ့လာနေဆဲပဲ ဖြစ်ပါတယ်။ ​HIV ရောဂါ ရှိသူတွေ အနေနဲ့ ကိုးဗစ် ဖြစ်ခဲ့ရင် ရောဂါမရှိသူတွေထက် ပိုပြင်းထန်တတ်တယ် ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် သွေးတိုး၊ ဆီးချို၊ အဝလွန်၊ နှလုံး နဲ့ ရင်ကျပ်ပန်းနာ ရောဂါတွေလို အခြားရောဂါအခံ ရှိသူတွေနဲ့ အသက်အရွယ် ကြီးရင့်သူတွေလောက်တော့ အခြေအနေ မဆိုးပါဘူး။

အကယ်လို့ သင့်မှာ HIV ရောဂါ ရှိနေခဲ့မယ်ဆိုရင် အကောင်းဆုံး လုပ်ဆောင်သင့်တာကတော့ HIV ရောဂါဆေးတွေကို ပုံမှန် အတိုင်း မပျက်မကွက် ဆက်လက်သောက်သွားဖို့ပဲ ဖြစ်ပါတယ်။ ဒီနည်းအားဖြင့် သင့်ရဲ့ ကိုယ်ခံစွမ်းအားကို အားကောင်းနေစေမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေး

ကိုးဗစ်-19 ကာကွယ်ဆေးတွေဟာ စိတ်ချရရဲ့လား

အဖြစ်မှန်။ လက်ရှိ သုံးစွဲနေတဲ့ ကိုးဗစ် ရောဂါ ကာကွယ်ဆေးတွေ အားလုံးဟာ သေသေချာချာ စမ်းသပ်ထားပြီးမှ အများပြည်သူ သုံးစွဲဖို့ ဖြန့်ဝေခွင့် ရရှိတဲ့ ဆေးဝါးတွေ ဖြစ်ပါတယ်။ တရုတ်က ကာကွယ်ဆေးတောင်မှာ သေချာ စမ်းသပ်စစ်ဆေးပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက စိတ်ချရတယ်လို့ ဆုံးဖြတ်ထားတာမို့ ကာကွယ်ဆေးတွေ အားလုံးဟာ စိတ်ချရပါတယ်။

ကိုးဗစ်ကာကွယ်ဆေး စမ်းသပ်မှု အများစုမှာ HIV ရောဂါပိုး ရှိသူတွေကိုလဲ စမ်းသပ်မှုမှာ ပါဝင်ထည့်သွင်း ထားပါတယ်။ ဒီဆေးတွေ အများစုဟာ HIV ရောဂါပိုး ရှိသူတွေမှာ စိတ်ချစွာ ထိုးနှံနိုင်ပါတယ်။

ကာကွယ်ဆေးတိုင်းကတော့ အနည်းနဲ့ အများ ဘေးထွက်ဆိုးကျိုး (Side Effect) ရှိကြတာ ချည်းပါပဲ။ ကိုးဗစ်ကာကွယ်ဆေးမှာလဲ ဘေးထွက်ဆိုးကျိုး အနည်းငယ်တော့ ရှိပါတယ်။ side effect တွေထဲမှာ ထိုးတဲ့ နေရာမှာ နာကျင်မှု၊ အများငွေ့ငွေ့ ဖျားခြင်း၊ နေထိုင်မကောင်း သလို ဖြစ်ခြင်း အစရှိတာတွေ ပါဝင်ပါတယ်။ အချို့ လူအနည်းငယ်မှာတော့ ဆေးနဲ့ မတဲ့တာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် အလွန်ရှားပြီး အလွယ်တကူလဲ ကုသနိုင်ပါတယ်။

ဆက်စပ်ဆောင်းပါး
သာမန် အအေးမိတာနဲ့ တုပ်ကွေးနဲ့ ဘယ်လိုခွဲမလဲ

ကိုးဗစ်ရောဂါ ကာကွယ်ခြင်းနှင့် ကုသခြင်း

HIV ဗိုင်းရပ်ပိုး သတ်တဲ့ ဆေးတွေနဲ့ ကိုးဗစ် ဗိုင်းရပ်စ် ကို ကုလို့ရမလား

အဖြစ်မှန်။ HIV ဗိုင်းရပ်ပိုးသတ်ဆေးတွေနဲ့ ကိုးဗစ်ကို ကုလို့ရတယ် ဆိုတဲ့ အထောက်အထား အခုထိတော့ ရှာဖွေ တွေ့ရှိခြင်း မရှိသေးပါဘူး။

ငှက်ဖျားရောဂါ ကုဆေးတွေနဲ့ရော ကိုးဗစ်ရောဂါ ကို ကုလို့ရနိုင်မလား

အဖြစ်မှန်။ ငှက်ဖျားရောဂါ ကုဆေးတွေနဲ့ ကိုးဗစ်ရောဂါကို ကုလို့ရတယ်လို့ သတင်းကြီးနေပေမယ့် တကယ့်လက်တွေ့မှာတော့ ငှက်ဖျားဆေးနဲ့ ကိုးဗစ်ကုသနိုင်တယ် ဆိုတဲ့ သက်သေ အထောက်အထား မရှိသေးပါဘူး။ ငှက်ဖျားဆေး Hydroxychloroquine နဲ့ ကုသတာကို စမ်းသပ်တဲ့ စမ်းသပ်မှုကြီးကိုလဲ ထိရောက်မှု မရှိဘူးဆိုတာကို တွေ့ရှိလာပြီးတဲ့နောက် ၂၀၂၀ ခုနှစ် အတွင်းကတဲကပဲ မပြီးဆုံးမီ ရပ်တန့်ခဲ့ရပါတယ်။ အခြားသော စမ်းသပ်မှု အသေးတွေကတော့ ဆက်လက်လုပ်ဆောင်နေပေမယ့် အခုထိတော့ ငှက်ဖျားဆေးတွေ ကိုးဗစ်ရောဂါကို ကုသနိုင်တယ် ဆိုတဲ့အထောက်အထား ပေါ်ထွက်လာခြင်း မရှိသေးပါဘူး။

ပူပြင်းတဲ့ ရာသီဥတုမှာရော ကိုးဗစ်ရောဂါ ကူးဆက်ပြန့်ပွား နိုင်သလား

အဖြစ်မှန်။ ရာသီဥတု ပူတာဖြစ်စေ၊​ အေးတာဖြစ်စေ၊ နေပူပူ မိုးအုံ့အုံ့ ကိုးဗစ်ရောဂါပိုး ကူးဆက်မှုကတော့ ရှိနေပါတယ်။ ပူတဲ့ နေရာမှာ နေလို့၊ နေပူထဲ နေလို့ ကိုးဗစ်ရောဂါ ကူးဆက်မှုကနေ မကာကွယ်နိုင်ပါဘူး။ ဒါ့ကြောင့် ရာသီဥတု ပူပူ အေးအေး ရောဂါမကူးဆက်အောင် ကာကွယ်ဖို့ ကျန်းမာရေးဌာနက အကြံပြုထားတဲ့ ခပ်ခွာခွာ နေခြင်း၊ နှာခေါင်းစည်းတပ်ခြင်း၊ လက်ဆေးခြင်း အစရှိတဲ့ အကြံပြုချက်တွေကို လိုက်နာဖို့ လိုပါတယ်။

ပူတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊​ ရေနွေးကြမ်း အစရှိတာတွေက ကိုးဗစ်ကို ကာကွယ်နိုင်သလား

အဖြစ်မှန်။ အပူသောက်သောက်၊ အအေးသောက်သောက် ကိုးဗစ်ရောဂါကနေ ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။ ရေနွေးပူပူ သောက်လို့လဲ ကိုးဗစ်မပျောက်ပါဘူး။ လူအများစုက ဘာဆေးမှ မလိုပဲ သူ့ဟာသူ ပျောက်ကြတာပါ။ ကိုးဗစ်ဖြစ်နေချိန်မှာ ရေများများသောက်၊ ပါရာစီ တမောသောက်၊ အနားယူဖို့ လိုအပ်ပါတယ်။

အရက်သောက်ရင် ကိုးဗစ်ကာကွယ်နိုင်သလား

အဖြစ်မှန်။ အရက်သောက်လို့ ကိုးဗစ်ကို မကာကွယ် နိုင်သလို အရက်ကလဲ ကိုးဗစ်ကို မပျောက်စေနိုင်ပါဘူး။ အရက်သောက်ခြင်းအားဖြင့် ကိုယ်ခံအား ကျဆင်းစေနိုင်တာမို့ ကိုးဗစ်ကို ခုခံကာကွယ်နိုင်စွမ်း နည်းပါးပြီး ရောဂါကူးဆက် ခံရဖို့ ပိုမိုလွယ်ကူစေပါတယ်။ ဒါ့အပြင် အရက်သောက်တတ်သူတွေမှာ ကိုးဗစ်ဖြစ်ခဲ့ရင်လဲ ရောဂါပိုဆိုး စေနိုင်ပါတယ်။

လက်ဆေးတဲ့ အခါမှာ ဒက်တောလို၊ အစွန်းချွတ် ဆေးတွေလို အားပြင်းတဲ့ သန့်ရှင်းဆေးရေတွေနဲ့ ဆေးကြောသင့်သလား

လက်ဆေးတဲ့ အခါမှာ ဆပ်ပြာနဲ့ သေခြာ ပွတ်သပ် ဆေးကြောတာ၊ လက်ဆေး အရက်ပြန်နဲ့ ပွတ်သပ်ဆေးကြောတာ လုံလောက်ပါတယ်။ အားပြင်းတဲ့ သန့်ရှင်းဆေးရည်တွေဟာ နူးညံ့တဲ့ အရေပြားကို ပျက်စီးစေတာမို့ မသုံးသင့်ပါဘူး။ ဒက်တောတို့၊ အစွန်းချွတ်ဆေးတို့လို ဆေးရေတွေဟာ ကိုယ်ထဲဝင်ရင် အဆိပ်ဖြစ်စေနိုင်တာမို့ မသောက်သုံးသင့် ပါဘူး။

error: