Skip to content

ဖုန်းတွေဟာ အိမ်သာထိုင်ခုံထက် ၁၀ ဆပို ညစ်ပတ်ပါတယ်

  • Health
ဖုန်းတွေဟာ အိပ်သာထိုင်ခုံထက် ၁၀ ဆကျော် ပိုညစ်ပတ်ပါတယ်

လူအတော်များများဟာ သူတို့ရဲ့ လက်ကိုင်မိုဘိုင်းဖုန်းတွေ ဘယ်လောက်ထိ ညစ်ပတ်လဲဆိုတာ မတွေးမိကြပါဘူး။ ဒါပေမယ့် ဆေးသုတေသီ ပညာရှင်တွေရဲ့ လေ့လာမှုအရ မိုဘိုင်းဖုန်းတွေဟာ အတော်ကို ညစ်ပတ်ကြပါတယ်။ ဘာကြောင့်ဆို သူတို့ဟာ ရောဂါပိုးမွှားတွေနဲ့ ပြည့်နေလို့ပါတဲ့။

မိုဘိုင်းဖုန်းတွေ ညစ်ပတ်ရတဲ့ အဓိက အကြောင်းရင်း တရားခံကတော့ သင့်လက်ပါပဲ။ ကျွန်တော်တို့ဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို ၄၇ ကြိမ်လောက် ဖုန်းကို ကိုင်တွယ် အသုံးပြုပါတယ်တဲ့။ ဒီလို ကိုင်တိုင်းကိုင်တိုင်း လက်ပေါ်က ရောဂါပိုးမွှားတွေဟာ ဖုန်းပေါ်ကို ရောက်ရှိလို့ သွားပါတယ်။

“လူတွေက ဖုန်းကို နေရာတကာ သယ်သွားကြတယ်လေ။ ပုံမှန်ဆို လက်ဆေးပြီးမှ တစ်ခုခုကို ကိုင်တွယ်တဲ့ နေရာမျိုးကိုတောင် ဖုန်းကို သယ်ပြီး အသုံးပြုကြတာကိုး။ အဲ့သည်တော့ ဖုန်းတွေ အရမ်းညစ်ပတ်တာလဲ သိပ်တော့ မထူးဆန်းပါဘူး” လို့ အမေရီကန် ပြည်ထောင်စု မစ်ချီဂန် ပြည်သူ့ကျန်းမာရေး တက္ကသိုလ်က ကူးစက်ရောဂါဗေဒ ပညာရှင် ဒေါက်တာ အယ်မလီ မာတင် ကပြောပါတယ်။

သုတေသနေ တစ်ခုအရဆို အထက်တန်းကျောင်းသူကျောင်းသားတွေရဲ့ ဖုန်းပေါ်မှာ တွေ့ရတဲ့ ဘက်တီးရီးယားပိုး အရေအတွက်ဟာ တစ် စတုရန်း စင်တီမီတာ (1 cm2) မှာ အကောင်ရေ ၁၇,၀၀၀ ကျော် ရှိပါတယ်တဲ့။ ဒါဟာ (ဗိုလ်ထိုင်) အိပ်သာထိုင်ခုံပေါ်က ဘက်တီးရီးယား အကောင်ရေ ထက် ၁၀ ဆမက ပိုများနေပါတယ်။

နောက်သုတေသန တစ်ခုအရလဲ မိုဘိုင်းဖုန်းရဲ့ မျက်နှာပြင် တစ် စတုရန်းလက်မ (တစ်လက်မ ပတ်လည်) နေရာတကွက်မှာ ပျမ်းမျှ ဘက်တီးရီးယား အကောင်ရေ ၂၅,၁၂၇ ကောင် တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါဟာ အိမ်သာထိုင်ခွက်ပေါ်ထက် ပိုများပါတယ်။ အိမ်သာထိုင်ခွက် (ဘိုထိုင်အိမ်သာကို ပြောတာပါ) ပေါ်မှာ ဘက်တီးရီးယား အကောင်ရေ တစ်လက်မ ပတ်လည်မှာမှ ၁,၂၀၁ ကောင်ပဲ တွေ့ရတာ မို့ပါ။ ဒီသုတေသန အရ တစ်လက်မ ပတ်လည် ဧရိယာမှာ တွေ့ရတဲ့ ဘက်တီးရီးယား အကောင်ရေ တွေဟာ

  • ဗိုလ်ထိုင် အိမ်သာ ထိုင်ခုံ – ၁,၂၀၁ ကောင်
  • မီးဖိုချောင်က အစားအသောက် ပြင်ဆင်တဲ့ စားပွဲ မျက်နှာပြင် – ၁,၇၃၆ ကောင်
  • ခွေးအစာကျွေးတဲ့ ခွက် – ၂,၁၁၀ ကောင်
  • တံခါးလက်ကိုင်ဘု – ၈,၆၄၃ ကောင်

လူတွေရဲ့ အရေပြားဟာ ပုံမှန်မှာလဲ ဘက်တီးရီးယားတွေနဲ့ ပြည့်နေပါတယ်။ ပုံမှန်တော့ ဒီဘက်တီးရီးယားတွေက ပြဿနာ သိပ်မပေးပါဘူး။ အဲ့သည် ဘက်တီးရီးယားတွေနဲ့ လက်ပေါ်က အဆီတွေ၊ ချွေးတွေ၊ ​ဖုန်တွေဟာ ဖုန်းပေါ်ကို ရောက်ရှိလို့ သွားပါတယ်။ ကံကောင်းတာ တစ်ခုကတော့ ဖုန်းပေါ်မှာ တွေ့ရတဲ့ ဘက်တီးရီးယားပိုး အများစုဟာ လူကို ပုံမှန်အခြေအနေမှာ အန္တရာယ် မဖြစ်စေတဲ့ ပိုးတွေ ဖြစ်ပါတယ်။ ရောဂါပိုးတွေ ပါရင်တောင် အန္တရာယ် ဖြစ်လောက်အောင်ထိ အဆိုးရွားတာ များပါတယ်။

ဒါပေမယ့်လဲ အမြဲတမ်းတော့ စိတ်ချရတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လက်တွေက နေရာတကာကို ကိုင်နေတာ မဟုတ်လား။ အဲ့သည်တော့ အန္တရာယ် ဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေ ရှိနေတဲ့ ပစ္စည်း တစ်ခုခုကို ကိုင်ပြီး ဖုန်းကို ကိုင်မိရင် အဲ့သည် ပိုးတွေကလဲ ဖုန်းပေါ်ရောက်သွား နိုင်ပါတယ်။ ဘက်တီးရီးယားတွေတင် မကဘူး အအေးမိနဲ့ တုတ်ကွေးလို ဗိုင်းရပ်စ်ပိုးတွေကလဲ ဖုန်းပေါ်က တဆင့် ကူးဆက်နိုင်ပါသေးတယ်။ အထူးသဖြင့် နေမကောင်းတဲ့ သူငယ်ချင်း တစ်ယောက်ယောက်ကို ကိုယ့်ဖုန်း ပေးကိုင်မိတဲ့ အခါမျိုးမှာ ဖုန်းကတဆင့် ကိုယ့်ဆီ ရောဂါပိုးတွေ ကူးဆက်နိုင်ပါတယ်။

ဖုန်းကနေ ရောဂါ မကူးဆက်ရအောင် ကာကွယ်ဖို့က သိပ်တော့ မခက်လှပါဘူး။ ဘာဖြစ်လို့ဆို ဖုန်းပေါ်ကို ပိုးတွေ အဓိက ရောက်နိုင်တဲ့ နေရာက အိပ်သာကနေ ဖြစ်လို့ပါ။ အိမ်သာမှာ ရေဆွဲချတဲ့အခါ ရေလောင်းချတဲ့ အခါမျိုးမှာ ဘက်တီးရီးယားနဲ့ အခြား ရေားဂါပိုးတွေ လေထဲကို လွင့်စင်လာကြပါတယ်။​ ဒီအချိန် ဖုန်းသုံးနေမယ်၊ ဒါမှမဟုတ် လက်မဆေးပဲ ဖုန်းသုံးမိမယ် ဆိုရင် ဖုန်းပေါ်က မစင်က ရောဂါပိုးတွေ ရောက်ရှိသွားနိုင်ပါတယ်။ အကောင်းဆုံးကတော့ အိမ်သာတက်တဲ့ အချိန် ဖုန်းလုံးဝ မသုံးတာ အကောင်းဆုံးပါ။

ဖုန်းကိုဘယ်လိုဆေးမလဲ

အိမ်သာထဲ ဖုန်းမယူ သွားသည့်တိုင် ဖုန်းပေါ်ကို အကြောင်းအမျိုးမျိုးကြောင့် ရောဂါပိုးတွေ ရောက်ရှိလာနိုင်ပါသေးတယ်။ ဖုန်းကို ဆေးမယ်ဆို အလွယ်ဆုံး နည်းက အဝတ်သန့်သန့်နဲ့ ပွတ်တိုက်ပြီး သန့်ရှင်းရေး လုပ်ပေးတာကလဲ အတော် ထိရောက်ပါတယ်။ ဒီနည်းနဲ့ ရောဂါပိုး အတော်များများကို ဖယ်ရှားပေးနိုင်ပါတယ်။

အရက်ပျံကို အဝတ်မှာ ဆွတ်ပြီး ပွတ်တိုက် ဆေးကြောတာကလဲ ရောဂါပိုးတွေကို အတော်လေး သတ်ပေးနိုင်ပါတယ်။ ကျန်းမာတဲ့ သူတစ်ယောက်အတွက် တစ်လကို ၄-၅ ကြိမ်လောက် ဒီလို အရက်ပြန်နဲ့ ဖုန်းကို သန့်ရှင်းရေး လုပ်ပေးတာက လုံလောက်ပါတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ မကျန်းမာရင်တော့ အကြိမ်ရေ များများ သန့်ရှင်းရေး လုပ်ပေးဖို့ လိုပါမယ်။

ဖုန်းပေါ်ကို spray ဖြန်းဆေးလို အရာမျိုးနဲ့ ဆေးဖြန်းတာကိုတော့ မလုပ်သင့်ပါဘူး။ ဖုန်းအတော်များများဟာ spray ကို ခံနိုင်ရည် မရှိပဲ ပျက်စီးသွားနိုင်လို့ပါ။ 

အကောင်းဆုံးကတော့ သင့်လက်ကို နေ့စဉ် မကြာခဏ ဆေးကြောပေးခြင်းက ဖုန်းပေါ်က ရောဂါပိုးတွေ လျှော့ချနိုင်ဖို့ အကောင်းဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။

Tags:
error: